သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တော အင်းဒင်ရွာမှာ အမည်မသိ ရုပ်အလောင်း ၁၀လောင်း တွေ့ရှိ


အင်းဒင်ကျေးရွာ အမည်မသိရုပ်အလောင်း ၁၀ လောင်း ရရှိ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
အင်းဒင်ကျေးရွာ အမည်မသိရုပ်အလောင်း ၁၀ လောင်း ရရှိ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊အင်းဒင် ကျေးရွာသုဿန်မှာ သတ်ဖြတ် မြှုပ်နှံခံထားရတယ်ဆိုသူတွေရဲ့ ရုပ်အလောင်း ၁၀ လောင်းကို ဒီကနေ့ တူးဖော်ရရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပါတယ်။ တူးဖော်ရရှိတဲ့ ရုပ်အလောင်းတွေကိုတော့ ဘယ်သူဘယ်ဝါတွေ ဆိုတာ မသိရသေးတဲ့ အကြောင်းနဲ့ အဖြစ်မှန် ပေါ်ပေါက်အောင် ဆက်လက် စုံစမ်းသွားမယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ် တရားသူကြီး ၊ အင်းဒင် ရဲစခန်းက ရဲအုပ်၊ မြို့နယ် ဆရာဝန်ကြီးနဲ့ လက်ထောက်ဆရာဝန်တို့ ပါတဲ့ အဖွဲ့က ဒီကနေ့ သွားရောက် တူးဖော်ကြတာ ဖြစ်ပါတယ်။ အင်းဒင် ကျေးရွာ သုဿန်မှာ သတ်ဖြတ် မြှုပ်နှံခံထားရကြောင်း အမည်မဖော်လိုသူ တဦးရဲ့ သတင်းပေး တိုင်ကြားချက် အရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သွားရောက် ရှာဖွေတာမှာ မြုပ်နှံထားတဲ့ အလောင်းတွေကို တွေ့ရကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းမှန် ပြန်ကြားရေး အဖွဲ့က မနေ့ တနလာၤနေ့က သတင်းထုတ်ပြန်ပါတယ်။

အခု ဖြစ်ရပ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဘက်က ပါဝင် ပတ်သက်မှု ရှိရင်လည်း တရားဥပဒေနဲ့ အညီ အရေးယူမယ်လို့လည်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် အခုအချိန်ထိတော့ သတ်ဖြတ် မြုပ်နှံခံထားရတယ်ဆိုတဲ့ ရုပ်အလောင်းတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်၊ အရေအတွက် ဘယ်လောက် ရှိတယ်ဆိုတာရော ၊ ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာရော အစိုးရဘက်ကရော တပ်မတော်ဘက်ကရော တစုံတရာ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

အင်းဒင်ကျေးရွာနဲ့ အနီးတဝိုက်ကတော့ ရခိုင်တိုင်းရင်းသားတွေနဲ့ မူဆလင်တွေ ရောနှောနေထိုင်ကြတဲ့ ဒေသ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခု ဖြစ်ရပ်နဲ့ ဆက်စပ်မှု ရှိမရှိ ဆိုတာ မသိရသေးပေမယ့် မကြာခင် ရက်ပိုင်း အတွင်းကဘဲ မောင်တော မြို့နယ် အင်းဒင်ကျေးရွာကနေ ပညာရေး ဝန်ထမ်း ၃ ဦးနဲ့ အရပ်သား ၁ ဦးတို့ကိုလည်း အာဏာပိုင်တို့ ဖမ်းဆီး စစ်ဆေးနေပြီး အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG