သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငလျင်ဒဏ်ကာကွယ်ရေး ပညာပေးချက် သတိထား လိုက်နာကြဖို့ မိုးလေဝသပညာရှင်တွေနှိုးဆော်


ဇန်နဝါရီ ၁၃ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိတဲ့ မြေငလျင် (သတင်းဓါတ်ပုံ-မိုးလေဝသန နဲ့ ဇလဗေဒဦးစီးဌာန)
ဇန်နဝါရီ ၁၃ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိတဲ့ မြေငလျင် (သတင်းဓါတ်ပုံ-မိုးလေဝသန နဲ့ ဇလဗေဒဦးစီးဌာန)

ဒီကနေ့ မွန်းလွဲပိုင်းလောက်မှာ ရန်ကုန်တိုင်း ထန်းတပင်မြို့ကို ဗဟိုပြုပြီး အင်အားရစ်ခ်တာစကေး (၃.၉) အဆင့်ရှိတဲ့ မြေငလျင် လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ ရန်ကုန်မြို့အနီးတဝိုက် နေပြည်သူတွေ ငလျင်လှုပ်တဲ့ဒဏ်ကို သိသိသာသာ ခံစားလိုက်ကြရတယ်လို့ မြို့ခံတွေကပြောပါတယ်။ ရက်ဆက်တိုက် ငလျင်လှုပ်ခတ်နေတဲ့ ထူးခြားအခြေအနေကြောင့် ငလျင်ဒဏ်ကာကွယ်ရေး သတိပေးတဲ့ ပညာပေးတွေကို သတိထားလိုက်နာကြဖို့ မိုးလေဝသပညာရှင်တွေက သတိပေးပါတယ်။ အသေးစိတ် မဆုမွန် တင်ပြထားပါတယ်။

ဇန်နဝါရီလ(၁၃)ရက်နေ့ ဒီကနေ့ စနေနေ့ မြန်မာစံတော်ချိန် မွန်းလွဲ နှစ်နာရီ (၄၉) မိနစ် (၅၂) စက္ကန့် အချိန်မှာ ရန်ကုန်မြို့ ထန်းတပင်မြို့ အရှေ့တောင်ဘက် (၂) မိုင်ခန့် အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိတဲ့ မြေငလျင်တခု လှုပ်သွားတဲ့အကြောင်း ကမ္ဘာအေးငလျင်စခန်းကနေ တိုင်းထွာရရှိခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ဒီကနေ့လှုပ်သွားတာကတော့ ကျနော်တို့ ထန်းတပင်မြို့ရဲ့ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာပေါ့၊ ရန်ကုန်ကမ္ဘာအေး မြေငလျင်စခန်းကနေ ဆိုရင်တော့ အနောက်မြောက်ဘက် ၁၃ မိုင်လောက်အကွာမှာ လှုပ်သွားတယ်။ အင်အားအနေနဲ့တော့ ၃.၉ ၊ အင်အားအနည်းငယ်နဲ့ လှုပ်သွားတဲ့အနေအထားရှိတယ်ပေါ့နော်။ အခုလှုပ်သွားတဲ့ဟာကတော့ fault ကတော့ အသေးလေးတွေပဲ။ ဟိုတနေ့တုန်းက ဖြူးမှာလှုပ်သွားတဲ့ မြေငလျင် နဲ့ ဒီကနေ့ဟာနဲ့တော့ သိပ်ပြီးတော့ မသက်ဆိုင်ပါဘူး။ ဒါက သီးခြား သီးခြားလှုပ်တာပါ။ မြေငလျင်နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရမယ်။ အထူးသဖြင့် မိမိတို့နေထိုင်တဲ့ ဒီအဆောက်အဦးတွေပေါ့။ မြေငလျင်ပြတ်ရွေ့ အနီးအနားက မြို့ရွာတွေမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ဒီအဆောက်အဦးတွေဟာ မြေငလျင်ဒဏ်ခံနိုင်ရည်ရှိအောင်၊ ဆောက်လုပ်ထားဖို့ အဓိကလိုပါတယ်။”

မဆုမွန်။ ။ ဆရာရှင့် ဖြူးမှာ လှုပ်သွားတာကစလို့ ဒီကနေ့ ရန်ကုန်မှာ နောက်ဆုံးလှုပ်ခတ်ခဲ့တဲ့ ငလျင်အထိပေါ့နော် အပျက်အစီးဆုံးရှုံးမှုနဲ့ လူအထိအခိုက်ပေါ့နော် နောက်ဆုံး ဘာသတင်းများ ရပါလဲရှင့်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး။ ။ အဓိက ဖြူးမှာလှုပ်သွားတဲ့ဟာကတော့ ပဲခူးရိုးမပေါ်မှာရှိတဲ့ Fault ကနေပြီးတော့ လှုပ်တာပေါ့။ သူကတော့ လူသူဝေးတဲ့ဒေသမှာ လှုပ်သွားတဲ့အနေအထား၊ တောတွေတောင်တွေ ထဲမှာဖြစ်သွားတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်မို့လို့၊ မြို့ရွာတွေမှာရှိတဲ့ ပြည်သူတွေအနေနဲ့ မြေငလျင်လှုပ်တဲ့အနေအထားကို ခံစားရတဲ့ အနေအထားရှိပါတယ်။ နောက်တချက် ဒီရန်ကုန်မှာလှုပ်သွားတဲ့ဥစ္စာမှာတော့ ကျနော်တို့ရတဲ့အနေအထားအရ တချို့နေရာတွေမှာတော့ မျက်နှာကျက် နည်းနည်းပြိုကျတာလေးတွေဘာတွေရှိပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၂ရက်နေ့ သောကြာနေ့ မနက်စော ၁နာရီ မထိုးခင်လေးမှာ ဖြုူးမြို့ အနောက်နဲ့ အနောက်တောင်ဘက် (၁၇)မိုင်ခန့်အကွာကို ဗဟိုပြုပြီး ပဲခူးရိုးမ ပြတ်ရွေ့ကြောတလျောက် အင်အား ရစ်(ခ်)တာစကေး (၆.ဝ)အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။ ၆ အဆင့်ရှိတဲ့ အင်အားကြီးငလျင်လှုပ်ခတ်ပြီး သောကြာနေ့မနက်ပိုင်းမှာ ရစ်(ခ်)တာစကေး ၅.၃ ကျော်တဲ့ နောက်ဆက်တွဲ ငလျင်ငယ်လေးတွေ ဆက်တိုက် လှုပ်ခတ်ခဲ့ပါတယ်။ သောကြာညပိုင်း ၉နာရီ ၅၃မိနစ် ၅၆စက္ကန့်တုန်းကလည်း ဖြူးမြို့ အနောက်တောင်ဘက် ၂၁မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိတဲ့ မြေငလျင်တခုလှုပ်ခဲ့ပါသေးတယ်။

အခုလို ရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို ငလျင်တွေ လှုပ်ခတ်လာနေတာဟာ ထူးခြားတဲ့အနေအထားဖြစ်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က သုံးသပ်ပါတယ်။

“ဒီရက်ပိုင်းမှာတော့ သတိနဲ့ နေရမှာပေါ့။ ရန်ကုန်နားမှာ လှုပ်လာတာတခုတော့ ထူးခြားတာပေါ့။ ပထမရက်က ဖြူးဘက်မှာလှုပ်တာကတော့ တော်တော်ပြင်းတယ် ၆.၀ ဆိုတော့ အဲဒါက ပြင်းတယ်။ ဒါပေမဲ့ အဲဒီဘက်မှာ ဘာမှ အပျက်အစီး အသေအပျောက်မရှိတာကတော့ ကံကောင်းတာပေါ့။ တကယ်တော့ အဲဒီလောက် အင်အားနဲ့ဆိုရင် တော်တော်ပျက်သွားနိုင်တယ်။ ရန်ကုန်မှာသာ အဲဒီအင်အားမျိုးဆိုရင်တော့ တော်တော်ထိခိုက်မယ့်သဘောရှိတယ်။ ကျနော်တို့ဘက်မှာ အခုရက်ပိုင်းစိတ်လာတာကတော့၊ ဒါနည်းနည်းထူးခြားတာပေါ့။ အရင်တုန်းတော့ ဒီလိုမရှိဘဲနဲ့ အခုကျနည်းနည်းလှုပ်လာတော့။ နောက်မြန်မာပြည်ရှိတဲ့ငလျင်တွေကလည်း time period ကျော်နေကြပြီ။ time period ကျော်နေပြီဆိုတာ လှုပ်မယ်ဆို၊ အချိန်မရွေးလှုပ်နိုင်တဲ့အနေအထားရှိတယ်ဆိုတာ ကျနော်တို့ မြေငလျင်ပညာရှင်တွေသုံးသပ်ထားတယ်လေ။ အဲဒီတော့ ငလျင်ကြောပေါ်မှာရှိတဲ့ နေရာတွေက နည်းနည်းသတိထားဖို့လိုတာပေါ့။”
အထူးသဖြင့် လူနေထူထပ်တဲ့နေရာတွေနဲ့ ငလျင်လှုပ်ခတ်နိုင်ခြေရှိတဲ့ ဧရိယာက လူတွေအနေနဲ့ ငလျင်လှုပ်ခတ်လာရင် ဆောင်ရန် ရှောင်ရန်အချက်တွေနဲ့ လိုက်နာရမယ့်သတိပေးပညာပေးမှုတွေကို လေ့လာသိရှိထားသင့်တယ်လို့လည်း ဒေါက်တာထွန်းလွင်က သတိပေးပါတယ်။

ရန်ကုန်မြို့ခံ ကိုစိုးမိုးမြင့်ကတော့ ပဲခူးရိုးမပေါ်က အခြေပြုပြီး ဖြူးနားမှာ လှုပ်သွားတဲ့ ငလျင်ထက်စာရင် ဒီကနေ့ ရန်ကုန်မှာ ငလျင်လှုပ်သွားတဲ့ အချိန်မှာတော့ ရန်ကုန်နေမြို့ခံတွေ ငလျင်ဒဏ်ကို သိသိသာသာခံစားခဲ့ရတယ်လို့ အခုလို သူ့အတွေ့အကြုံကို ပြောပြပါတယ်။

“လူတွေအားလုံးကလည်း နေ့ခင်းဘက်ဆိုတော့၊ အပြင်မှာရှိနေတော့ သိသွားတာပေါ့လေ။ ပထမတခေါက်တုန်းက အိပ်နေတဲ့သူက မသိဘူး။ ကျနော်ဆို ပထမတခေါက်တုန်းက အိပ်နေတာဆိုတော့ မသိဘူး။ ညဘက်ဆိုတော့ အိပ်ပျော်နေတော့ မသိဘူး။ အခုဒီတခေါက်ကျတော့ နေ့ခင်းဘက်ဆိုတော့ တော်တော်လှုပ်လိုက်တာတော့ ခံစားမိတယ်။ ကြောက်တာလန့်တာမရှိပေမယ့် ငလျင်က အခုဆက်တိုက်လှုပ်နေတယ် ဆိုတော့ ၃ ခါရှိပြီဗျ။ လူတွေက နည်းနည်းလေးတော့ စိတ်ထဲမှာ တမျိုးတမည်လေးတော့ ဖြစ်တာပေါ့လေ။ ဘာလို့လဲဆိုတော့ ဆက်တိုက်လှုပ်နေတာလေ။”

နောက်ဆက်တွဲငလျင်ဒဏ်ကြောင့် ဆည်မြောင်း တာတမံတွေ အတွက် အန္တရာယ်ကို သတိထားကြဖို့ နဲ့ ပဲခူးရိုးမ ပြတ်ရွေ့ကြောမှာ လှုပ်ခဲ့တဲ့ အင်အားကြီး ငလျင်ဒဏ်ကြောင့် ရက်အနည်းငယ်ကြာတဲ့အထိ နောက်ဆက်တွဲငလျင်လေးတွေ လှုပ်ခတ်နိုင်တယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီကလည်း သတိပေးနိုးဆော်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG