သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နယ်စပ်က တပ်မတော်-KIA ဆွေးနွေးပွဲ ဘာမျှော်လင့်နိုင်မလဲ


ကချင်ပြည်နယ် လိုင်ဇာတပ်စခန်းက KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ။
ကချင်ပြည်နယ် လိုင်ဇာတပ်စခန်းက KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ။

နှစ်ဖက် ဆွေးနွေးတဲ့အချိန်တိုင်း မြန်မာတပ်မတော်ဘက်က စစ်ရေးအရှိန်မြှင်တဲ့ နည်းပရိယာယ်ပရိယာယ်ကြောင့် အပြုသဘောမဆောင်ခဲ့ကြောင်း ကချင် တိုင်းရင်းသားတွေဘက်က ပြောပါတယ်။ တရုတ်ရဲ့ ကြားဝင်ညှိုနှိုင်းမှုကြောင့် မနေ့ ကြာသပတေးနေ့က တရုတ်-မြန်မာနယ်စပ်မှာ KIO နဲ့ မြန်မာစစ်တပ် ကြား နှစ်ဖက်ဆွေးနွေးမှုဖြစ် လာခဲ့ပေမယ့် တရုတ်ရဲ့ ဖိအားကို မြန်မာ စစ်တပ်က လက်ခံပါ့မလား ဆိုတာ သံသယဖြစ်မိကြောင်း ကချင်လူထုအခြေပြု ခေါင်းဆောင်တွေဘက်က ဆိုပါတယ်။ မအင်ကြင်းနိုင်က ဆက်ပြီးတင်ပြမှာပါ။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပိုင်နက် ပယင်းထွက်ရှိတဲ့ တနိုင်းဒေသဘက်မှာ မြန်မာစစ်တပ်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ပြီး နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးပြုလုပ်ခဲ့ပါတယ်။ ရက်ပိုင်းအတွင်း ဒုက္ခသည် ထောင်နဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရသလို အများစုဟာ ပယင်း တူးဖေါ်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ နေရာတွေမှာ လုပ်ကိုင်နေကြသူတွေဖြစ်ပြီး တိုက်ပွဲတဲ့ ဖြစ်နေတဲ့နေရာမှာ ပိတ်မိနေဆဲဖြစ်တယ်လို့ ကချင်ဒုက္ခသည်ကူညီရေးအဖွဲ့တွေက ဗွီအိုအေကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေချိန် တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ် Baoshan မြို့နယ် Dali မှာ KIO နဲ့ မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ KIO ဥက္ကဌ သစ် ဗိုလ်ချုပ်ကြီး Nban La ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ တပ်မတော် ကာကွယ်ရေးဌာန ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်တဲ့ တပ်မတော် တို့ တွေ့ဆုံခဲ့ကြောင်း ကချင်သတင်းဌာနက ဖေါ်ပြခဲ့ပါတယ်။

ဆွေးနွေးပွဲရလာဒ်နဲ့ ပတ်သက်လို့ နှစ်ဘက်လုံးက တရားဝင် ထုတ်ဖေါ်ပြောကြားခြင်း မရှိသေးပါဘူး။ ဆွေးနွေးပွဲလုပ်လဲ တိုက်ပွဲတွေဖြစ်နေတာကြောင့် မျှော်လင့်ချက် သိပ်မရှိပေမယ့် ဒီတခေါက် နှစ်ဘက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှုကတော့ ထူးခြားတယ်လို့ မြင်ကြောင်း ကချင်စစ်ပြေးဒုက္ခသည်တွေ ကူညီကယ်ဆယ်ရေး အဖွဲ့ ပြောခွင့်ရ ဆရာဦးနော်တောင် က ဗွီအိုအေကို ပြောပါတယ်။

" သူတို့တွေ့ဆုံဆွေးနွေးတဲ့အချက်တွေကတော့ သူတို့လုပ်နေပေမဲ့ တဘက်မှာကတော့ တိုက်ပွဲတွေကဖြစ်နေတဲ့အနေအထားတွေက ရှိတာပေါ့ ဒါပေမဲ့ ဒီတခါကျတော့ ထိပ်တိုက်တွေ့ဆုံတယ်ဆိုတော့ နည်းနည်းများ ထူးခြားမှုရှိလာမလားဆိုတဲ့ ကျနော်တို့မျှော်လင့်ချက်တွေကတော့ ရှိတာပေါ့။ နဂိုကလည်း ၂၁ရာစုပင်လုံတွေ ဘာတွေ ခေါ်ပြီဆိုရင် ဒီဘက်က တိုက်ပွဲတွေ ပြင်းထန်လာတာ နယ်မြေရှင်းလင်းရေးတွေဆိုပြီး ခေါင်းစဉ်တပ်ပြီးမှ ဖိအားပေးတာတွေ ရှိနေတာတွေ တွေ့ရပါတယ် ခင်ဗျ။

မေး။ ။ အဲ့တော့ တရုတ်ဘက်က ကြားဝင်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ အနေအထားပေါ့ အဲ့ဒီ့မှာ ကချင်ခေါင်းဆောင်တွေကိုရော မြန်မာစစ်တပ်ကိုရော ဖိအားပေးနိုင်မယ်လို့ထင်လား ဘယ်လိုထင်လဲ။

"တရုတ်က ညှိနှိုင်းပေးပေမဲ့ မြန်မာ့တပ်မတော်ဘက်က လိုက်နာမှုရှိမယ်ဆိုရင်တော့ ထိရောက်မှုရှိမယ်ခင်ဗျ။ ညှိနှိုင်းပေမဲ့လည်း လက်တွေ့ပိုင်းမှာ သူတို့ လိုက်နာမှုမရှိဘူးဆိုရင်တော့ ဒါ ညှိနှိုင်းပေးပေမဲ့ လောလောဆယ်အတွက်က အဆင်မပြေနိုင်ဘူးလို့ထင်တယ်။ မြန်မာတပ်မတော်ဘက်ကတော့ သူတို့လုပ်ချင်တဲ့နေရာကို ဆက်ပြီး လုပ်သွားမယ်လို့ ကျနော့်အနေနဲ့မြင်ပါတယ်။"

အခုလို ဆွေးနွေးပွဲတွေလုပ်တိုင်း မြန်မာစစ်တပ်ဘက်က စစ်ရေးအရှိန်မြှင့်တဲ့ နည်းဗျူဟာ ကတော့ အပြုသဘောမဆောင်ကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် Kachin Alliance ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ Gum San က ဗွီအိုအေကိုပြောပါတယ်။

"တွေ့တဲ့အချိန်တိုင်းမှာ စစ်တပ်ဘက်က ဖိအားပေးနေတာကတော့ ပုံမကျဘူးပေါ့နော် စစ်တပ်ဘက်က စစ်ရေးအရ ဖိအားပေးတယ် အခုလည်း ဒီလိုပါပဲ ကချင်ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အချိန်မှာ စစ်ရေးအရ ပြည်သူလူထုကို ခြိမ်းခြောက်တာမျိုးက ဒါတွေကတော့ မကောင်းပါဘူး။"

ဒါကြောင့်လည်း မြန်မာစစ်တပ်အပေါ် နိုင်ငံတကာဖိအားတွေ ပိုပြီးရရှိအောင် ဆောင်ရွက်နေကြောင်း Gum San က ပြောပါတယ်။

" အရမ်းရှင်းပါတယ် ကျနော်တို့ကတော့ အခုဖြစ်နေတဲ့ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို နိုင်ငံတကာ ခေါင်းဆောင်တွေ အစိုးရတွေကို အဖြစ်အပျက်တွေကို ကျျနော်တို့က ရှင်းပြတဲ့အခြေအနေ တွေလုပ်နေပါတယ် နောက်တခုကတော့ အစိုးရတပ်ကနေ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေပေါ့နော် ပြည်သူလူထုကို ပစ်မှတ်ထားပြီးတော့နှိပ်စက်ထားတဲ့ အဖြစ်အပျက် အကုန်လုံးကို တိတိကျကျ ရေးမှတ်ထားပါတယ်။"

မြန်မာတပ်မတော်နဲ့ KIA ကြား ဇန်နဝါရီလ ၂၂ ရက်နေ့က စတင်ပြီး ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ တနိုင်းမြို့နယ်မှာ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် ၂၆၊ ၂၇ မှာ မြန်မာစစ်တပ်ဘက်က စစ်ပြေးဒုက္ခသည်တွေ ရှိတဲ့နေရာဘက် လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ အရပ်သားတွေ ထိခိုက်သေဆုံးမှုနှုန်း တိုးလာဖွယ်ရှိကြောင်း ကချင်ဒုက္ခသည်ကူညီရေး အဖွဲ့တွေက သတိပေးပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG