သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ARSA အန္တရာယ်ကာကွယ်ဖို့ ဘင်္ဂလားနယ်စပ် လုံခြုံရေးတိုးမြှင့်ချ ထားခြင်းဖြစ်ဟု မြန်မာအစိုးရ တုန့်ပြန်


မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ ရခိုင် နဲ့ ဘင်္ဂလားနယ်စပ်မှာ ကင်းလှည့်နေစဉ် (ဓါတ်ပုံ-CodeCarvings Piczard)
မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ ရခိုင် နဲ့ ဘင်္ဂလားနယ်စပ်မှာ ကင်းလှည့်နေစဉ် (ဓါတ်ပုံ-CodeCarvings Piczard)

နယ်စပ်လုံခြုံရေးစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရဖူးတဲ့အတွက် ARSA အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကာကွယ်တဲ့အနေနဲ့ မြန်မာ-ဘင်္ဂလားနိုင်ငံ နယ်စပ်လုံခြုံရေးတပ်အင်အားတွေကို မြန်မာဘက်က ပိုပြီးတော့ တင်းမြှင့်ချထားတာဖြစ်တယ်လို့ မြန်မာသမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကပြောပါတယ်။ အခုလို မြန်မာ-ဘင်္ဂလားနယ်စပ်မှာ မြန်မာတပ်တွေ လုံခြုံရေးအစီအမံတွေ တိုးချထားတဲ့အပေါ် ဘင်္ဂလားနိုင်ငံဘက်က စိုးရိမ်မှုတွေရှိလာတဲ့အတွက် နှစ်နိုင်ငံ ပူးတွဲညှိနှိုင်းပြီး ပူးပေါင်းကင်းလှည့်တဲ့အစီအစဉ်တွေ ဆောင်ရွက်သွားမယ်လို့လည်း သမ္မတပြောခွင့်ရ ဆိုပါတယ်။ အသေးစိတ်ကို မဆုမွန် ပြောပြပေးပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသထဲ ၂၀၁၆ အောက်တိုဘာမှာ ကင်းစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့သလို ၂၀၁၇ သြဂုတ်လနှောင်းပိုင်း မှာလည်း တကြိမ် ရဲကင်းစခန်းတွေနဲ့ လုံခြုံရေးအခြေစိုက်စစ်စခန်း ၃၀ကို တပြိုင်နက်တည်း လူအင်အားသုံးပြီး ARSA အကြမ်းဖက်အဖွဲ့ဘက်က တိုက်ခိုက်ခဲ့သလို အခုအချိန်အထိလည်း အစိုးရရုံးဌာနတွေကို မိုင်းခွဲတိုက်ခိုက်မှုတွေ ရှိနေသေးတဲ့ အနေအထားဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်မှာ ARSA အကြမ်းဖက်အဖွဲ့တွေရဲ့ အန္တရာယ်ကာကွယ်နိုင်ဖို့ လုံခြုံရေးအတွက် မြန်မာအစိုးရဘက်က တပ်လုံခြုံရေးအင်အားတွေကို တိုးချဲ့ ချထားရတာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်လည်းဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးပြောခွင့်ရလည်းဖြစ်တဲ့ ဦးဇော်ဌေး က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

"အဓိကအချက်ကတော့ ကျနော်တို့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း ARSA အကြမ်းဖက်တိုက်ခိုက်မှု ၂၀၁၆ အောက်တိုဘာမှာတကြိမ် ၂၀၁၇ သြဂုတ်လမှာတကြိမ် အကြီးအကျယ်အတိုက်ခံထားရတယ်။ နောက်ထပ်လည်း ရရှိတဲ့လုံခြုံရေး သတင်းအချက်အလက်တွေအပေါ် မူတည်ပြီး လုံခြုံရေးအရ လုပ်သင့်လုပ်ထိုက်တာတော့ ကျနော်တို့က လုပ်မှာပဲ။ အဲ့လိုလုပ်တဲ့အခါ ဟိုဘက်က စိုးရိမ်မှုမရှိအောင် ပူးတွဲကင်းလှည့်တာတွေ လုပ်မယ်ဆိုပြီး ကျနော်တို့ ညှိနှိုင်းထားတယ်။"

မဆုမွန်။ ။ အခု ရခိုင်နယ်စပ်မှာ ရှိတဲ့ လုံခြုံရေးအတွက် အထူးသဖြင့် ချထားတဲ့ လုံခြုံရေးတပ်တွေ ပြန်ပြီးတော့မှ ရုပ်သွားတယ်လို့ ကြားရလို့ပါရှင်။ အဲ့ဒီ့သတင်း မှန်ပါသလားရှင်။

"ပြန်ရုပ်တာ မရုပ်တာမဟုတ်ဘူး။ နံပတ်တစ်အချက်က ARSA အကြမ်းဖက်သမားတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ခိုကပ်နေပြီးတော့ မြန်မာနိုင်ငံကို အကြမ်းဖက်တိုက်ခိုက်မှု လုပ်တယ် အဓိကအချက်က ကျနော်တို့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ARSA အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့တယ်။ နံပတ် နှစ်အချက်က ဒီ ARSA အဖွဲ့ အကြမ်းဖက်သမားတွေက ပြန်လည်လက်ခံရေးကိစ္စတွေကို မဖြစ်မြောက်အောင် တားဆီးနေတယ်။ ဒါ အကြမ်းဖက်သမားရဲ့ ထောင်ခြောက်ဖြစ်တယ်။ အဲဒီအပေါ်ကနေတဆင့် ခြေကုတ်ယူပြီးတော့ ဒုက္ခပေးမှာ။ ဒုက္ခပေးတဲ့အခါ ကျရင် မြန်မာနိုင်ငံတင်မက ဘင်္ဂလားဒေ့ရှ်နိုင်ငံပါ အကြမ်းဖက်အန္တရာယ် ခြိမ်းခြောက်မှု အန္တရာယ်ဖြစ်လာမယ် ဒါဟာ နှစ်နိုင်ငံအတွက် လုံခြုံရေးကိစ္စဖြစ်နေတယ်။ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးကိစ္စဖြစ်နေတယ်။ နံပတ်သုံးအချက်က ဒီလိုမျိုး ARSA လို၊ အဖွဲ့အစည်းတွေ အကြမ်းဖက်အဖွဲ့အစည်းတွေ အမြစ်မတွယ်နိုင်အောင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။

ခုနက ပြောတဲ့ နယ်စပ်ဒေသမှာ ပူးတွဲကင်းလှည့်တာမျိုးတွေ ဘင်္ဂလားဒေ့ရှ်ဘက်က ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်က ကင်းဝေးမယ်။ အဲ့လို အကြမ်းဖက်သမားတွေရဲ့ ရန်က ကာကွယ်နိုင်ဖို့ဆိုရင် မြန်မာနိုင်ငံဘက်က လုပ်သင့်လုပ်ထိုက်တာ လုပ်ရမယ်။ အဲ့တော့ ဟိုဘက်က စိုးရိမ်ပူပင်မှုတွေ ဖြစ်နေတာတွေဖြစ်မယ်။ အဲ့ဒီ့အတွက် ကျနော်တို့ ဘင်္ဂလားဒေ့ရှ်နဲ့တော့ တပ်ရင်းမှုးအဆင့် ဆွေးနွေးပွဲမှာ ပြောထားတယ်။"

ဒါပေမဲ့လို့ အခုလိုမျိုး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မှာ မြန်မာဘက်က လုံခြုံရေးအင်အားတွေ တိုးချလာတဲ့အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံခဲ့ပြီး တပ်တွေ ရုတ်သိမ်းဖို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ ဒီလိုမျိုး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ကန့်ကွက်မှုတွေနဲ့ နှစ်နိုင်ငံ သံတမန်ရေး တင်းမာမှုတွေဖြစ်နေတဲ့အပေါ် အမေရိကန်ပြည်ထောင်စုက အနီးကပ်စောင့်ကြည့်နေကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Heather Nauert က မနေ့တုန်းက ဝါရှင်တန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ဒီလိုမျိုး မြန်မာဘက်က လုံခြုံရေးအရ ဆောင်ရွက်တာဖြစ်ပေမဲ့ အခုလိုစိုးရိမ်မှုတွေ ပေါ်ပေါက်နေတဲ့အပေါ် ပြေလျော့နိုင်ရေး မြန်မာ-ဘင်္ဂလားနှစ်နိုင်ငံကြား၊ လုံခြုံရေး အစီအမံတွေကို ပူးတွဲကင်းလှည့်တဲ့အစီအစဉ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့လည်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးကပြောပါတယ်။

"လုံခြုံရေးအရ လုပ်သင့်လုပ်ထိုက်တာတော့ ကျနော်တို့ လုပ်မှာပဲ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်နဲ့လည်း နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်မှုရှိအောင်လုပ်ပါတယ်။ ကျနော်တို့ မနေ့က ဘင်္ဂလားဒေ့ရှ်ဘက်နဲ့ အစည်းအဝေး လုပ်တယ်။ အဲ့ကိစ္စတွေ ဆွေးနွေးတယ်။ ပြီးရင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနဲ့ နှစ်နိုင်ငံ သဘောတူ ထားတာရှိတယ် နှစ်နိုင်ငံ ပူးတွဲကင်းလှည့်မယ်ဆိုပြီးတော့ အဲ့တာ ပူးတွဲကင်းလှည့်မယ့် အကြောင်းအရာတွေ ပြောတယ်။"

နှစ်နိုင်ငံ ပူးတွဲကင်းလှည့်မယ့်အစီအစဉ်တွေ ဆောင်ရွက်နေသလို မြန်မာအစိုးရဘက်က လုပ်သင့်လုပ်ထိုက်တဲ့ နယ်စပ်လုံခြုံရေး အစီအမံတွေကိုတော့ ဆက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ထပ်လောင်းပြောပါတယ်။

"ကျနော်တို့ နိုင်ငံက အကြမ်းဖက်ခြိမ်းခြောက်ခံခဲ့ရတဲ့ နိုင်ငံဖြစ်တယ်။ နံပတ် နှစ်အချက်က မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ပြည်သူတွေ လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လုပ်သင့်လုပ်ထိုက်တာ လုပ်လို့ရတယ်။ လုံခြုံရေးအစီအစဉ်တွေကို ကျနော်တို့ကတော့ မီဒီယာကို အစီရင်ခံခွင့်မရှိပါဘူး။ နံပတ် သုံးအချက်ကတော့ အဲ့ဒီ့အကြမ်းဖက်တိုက်ခိုက်မှု မြေပြင်သတင်းအချက်အလက် ရရှိမှုအပေါ် မူတည်ပြီးတော့ ကျနော်တို့ဘက်ကတော့ လုပ်မှာပဲ။"

မနေ့ မတ်လ ၂ရက်နေ့ ညနေပိုင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း နှစ်နိုင်ငံ နယ်စပ်မှတ်တိုင်က ဂေါင်းဒုံ BGB စခန်းမှာ မြန်မာဘက်က နယ်ခြားစောင့်တပ် ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးစောဇေယျာလင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က BGB တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မောန်ဇူရုပ်ဟာဆာန်ခါန်းတို့ ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေ တပ်ရင်းမှူးအဆင့်တွေ့ဆုံပွဲမှာ တွေ့ဆုံကြပြီး တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေအရေး နှစ်နိုင်ငံ ပူးတွဲကင်းလှည့်မယ့်အစီအစဉ်တွေနဲ့ နယ်စပ်မှာ ဖြစ်နေတဲ့ကိစ္စတွေကို အချိန်နဲ့တပြေးညီ သတင်းဖလှယ်ကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG