သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အိန္ဒိယပဲဝယ်ယူမှုကန့်သတ်ချက်၊ မြန်မာ့ပြည်တွင်းပဲဈေးကွက်ထိခိုက်


အိန္ဒိယနိုင်ငံတောင်ပိုင်းက ပဲဈေးကွက်တခု (ဓါတ်ပုံ-ရိုက်တာ)

အိန္ဒိယနိုင်ငံက သူ့ပြည်တွင်း ၀ယ်ယူစားသုံးမှုအတွက် လုံလောက်တဲ့ ပဲ ပမာဏကို ထုတ်လုပ်နိုင်နေပြီ ဖြစ်တာကြောင့် အိမ်နီးချင်းနိုင်ငံတွေ၊ အထူးသဖြင့် မြန်မာနိုင်ငံက နှစ်စဉ် ဝယ်ယူနေတဲ့ မတ်ပဲကို ကန့်သတ်ချက်တွေနဲ့ ဝယ်ယူလာတာကြောင့် ပြည်တွင်းက ပဲစိုက်တောင်သူတွေနဲ့ ပဲတင်ပို့ရောင်းချနေ သူတွေအပေါ် ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထား ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ပဲမျိုးစုံအထွက်တိုးလာတာက မြန်မာနိုင်ငံရဲ့ ပဲတင်ပို့မှုကို အများကြီး ထိခိုက်မယ့် အနေအထား ရှိနေပါတယ်။ မြန်မာနိုင်ငံက နှစ်တိုင်းဝယ်နေတဲ့ ပဲမျိုးစုံကို ၂၀၁၇ ခုနှစ်၊ ၈လပိုင်းကစပြီး ကန့်သတ်ချက်တွေနဲ့ လျော့ပြီး ဝယ်လာတာကြောင့် ပဲစိုက်ပျိုး၊ ရောင်းချနေတဲ့ သူတွေ အထိုက်အလျောက် နစ်နာမှုတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က အိန္ဒိယနိုင်ငံရဲ့ ပဲမျိုးစုံအထွက်နှုန်း တန်ချိန် ၂၃ သန်း ရှိခဲ့တာကြောင့် ပြည်ပနိုင်ငံတွေ၊ အထူးသဖြင့် မြန်မာနိုင်ငံက ပုံမှန် ဝယ်ယူနေတဲ့ ပဲမျိုးစုံကို ကန့်သတ်ချက်နဲ့ ဝယ်ယူလာတာ ဖြစ်ပါတယ်။ ဒီကန့်သတ်ချက်ဟာ အခုလ ၃၁ရက်မှာ ကုန်ဆုံးမှာဖြစ်လို့ အသစ်ထွက်ပေါ်လာမယ့် မြန်မာ-အိန္ဒိယ ပဲတင်သွင်းမှုမှာ ဘာတွေ ပြောင်းလဲသွားမလဲ ဆိုတာ ပဲကုန်သည်တွေက စိတ်ဝင်စားနေကြပါတယ်။

အိန္ဒိယက အခြားနိုင်ငံတွေကပဲကို ကန့်သတ်ချက်နဲ့ ဝယ်ယူလာသလို တစ်ဖက်မှာလည်း သွင်းကုန်အခွန်ကို တိုးမြှင့်လိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံ ပဲနှင့် နှမ်းကုန်သည်များအသင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒေါက်တာမြတ်စိုးက အခုလို ပြောပါတယ်။

“လက်ရှိကတော့ အိန္ဒိယရဲ့ပေါ်လစီက သူ့နိုင်ငံကလယ်သမားတွေ ၂၀၂၀ ကျရင် ဝင်ငွေနှစ်ဆတိုးရမယ် ဆိုတာ လုပ်နေတော့သူတို့ဝင်ငွေဖူလုံဖို့ပဲကြိုးစားနေတော့၊ မတ်ပဲနဲ့ပဲစင်းငုံကလည်းသူတို့နိုင်ငံရဲ့ထွက်ကုန် ဖြစ်နေတော့၊ ရာသီဥတုအခြေအနေ မပေးရင်တော့ ကျွန်တော်တို့ကိုပြန်ဖွင့်ပေးချင်လည်းပေးမှာပေါ့။ ဒီကြားထဲမှာ သူတို့က တခြားနိုင်ငံက ပဲတွေကိုလည်း ရာခိုင်နှုန်းတစ်ခုနဲ့ (အခွန်)တိုးကောက်တယ်။ ဒီနှစ်ဆိုရင်ကုလားပဲကိုရာခိုင်နှုန်း ၄၀ကနေ ၆၀ကိုတိုး ကောက်တယ်ပြောတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ကလည်း မတ်ပဲကို နှစ်ဆယ့်ငါးနှစ် နှစ်သုံးဆယ် စိုက်လာတာ ကြာပြီဆိုတော့ လယ်သမားတွေအနေနဲ့ ကလည်း တခြားပြောင်းစိုက်ဖို့က နည်းပညာတွေ လိုနေသေးတယ်။ မတ်ပဲအစားထိုးအတွက် အခြားစိုက်သင့်တာကို စိုက်ဖို့လိုတယ် လက်ရှိအခြေအနေအရ”

မြန်မာနိုင်ငံကနေ အိန္ဒိယကို ပဲမျိုးစုံတင်သွင်းမှုဟာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ တန်ချိန် ၆.၆ သန်းရှိပြီး ၂၀၁၇-၁၈ ကာလမှာတော့ ၅.၅ သန်း ဝန်းကျင်ပဲ ရှိပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ကန့်သတ်မှုတွေ ထပ်ပြီး ရှိနေဦးမယ်ဆိုရင် လာမယ့်ဘဏ္ဍနှစ်မှာ တန်ချိန်၂.၅ သန်းလောက်ထိလျော့နည်းသွားနိုင်တယ်လို့ ပြည်တွင်းကပဲကုန်သည်တွေက ခန့်မှန်းထားပါတယ်။

အဓိကတင်ပို့နေတဲ့ မတ်ပဲဈေးနှုန်းကလည်း ပြည်တွင်းမှာ တောက်လျောက် ထိုးကျနေပါတယ်။ အခုနှစ် ဖေဖော်ဝါရီလ ၂၇ရက်က မတ်လ ၁ရက်ထိ သုံးရက်အတွင်းမှာ မတ်ပဲဈေးနှုန်းက တစ်တင်းကို ကျပ် ၁၆၀၀၀ ဝန်းကျင်ထိ ထိုးကျသွားတာပါ။

ပို့ကုန်ပဲတွေ ဈေးကျဆင်းနေတာ ကာကွယ်ဖို့ ကုန်သည်နဲ့ အစိုးရမတည်ပြီး ကျပ်ငွေ ဘီလီယံ ၁၀၀နဲ့ ပဲတွေကို ဝယ်ယူ သိုလှောင်ဖို့ စီစဉ်ထားပေမဲ့ လက်တွေ့မှာ အစိုးရဘက်က ပူပေါင်းပါဝင်တာ အားနည်း နေတယ်လို့ ဒေါက်တာမြတ်စိုးကဆိုပါတယ်။

“လက်ရှိကတော့အစိုးရကပါဝင်မှုမရှိဘူးဗျ။ ကုန်သည်တွေကလည်းမနှစ်က ပဲစင်ငုံကို တန်၁၀၀၀ လောက်ပဲ ဝယ်သွားတယ်ကြားတယ်ဗျ။ ကျန်တာတော့ဆက်မဝယ်တော့ဘူး။ အစိုးရကတော့ဘီလီယံ၅၀မထည့် တော့ဘူးကြားတယ်။ကုန်သည်တွေဘက်ကတော့ မတ်ပဲကိုမနှစ်ကမပိတ်ခင်ကတန်သုံလေးထောင် လောက်ဝယ်တယ်”

အိန္ဒိယရဲ့ပဲဝယ်ယူကန့်သတ်ချက်က ပြည်တွင်းမှာရှိတဲ့ ပဲဝယ်ယူသိုလှောင်တဲ့ ကုန်သည်အသိုင်းအဝန်း ကိုလည်း အများကြီး ရိုက်ခတ်ခဲ့ကြောင်း ဧရာဝတီတိုင်း၊ ဟင်္သာတမြို့က ပဲကုန်သည်တစ်ဦးက အခုလို ပြောပါတယ်။

“လက်ရှိပဲဈေးနဲ့ ဆေးဖြန်းတဲ့စရိတ်တွေ၊ ပဲနှုတ်တဲ့စရိတ်တွေပေါင်းလိုက်ရင် မရှုံးရုံတမယ် တည်းရှိတယ်။ မြန်မာနိုင်ငံမှာကပဲဈေးကွက်ကမရှိသလောက်ပဲ၊ နိုင်ငံခြားဈေးကွက် အပေါ်မှာပဲ အမှီသဟဲပြုပြီးတော့ဆိုတော့၊ မတ်ပဲဆိုရင် ပြည်တွင်းမှာအပင်ဖောက်ရုံပဲ၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ပြည်ပဈေးကွက်ပဲမှီခိုနေရ တာပေါ့”

မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယအပြင် အခြားအလားအလာရှိတဲ့ ပဲဈေးကွက်ကို ရှာဖို့လိုအပ် နေတယ်လို့ ပဲကုန်သည် အသိုင်းအဝန်းက သုံးသပ်ပါတယ်။ မကြာသေးခင်က မြန်မာနိုင်ငံပဲ၊ နှမ်း ကုန်သည်များ အသင်းက ပဲမျိုးစုံဈေးကွက် မြှင့်တင်ဖို့အတွက် တရုတ်နိုင်ငံ ကွမ်းရှီးကျွမ့်ဒေသ၊ နန်နင်းမြို့မှာ ကျင်းပတဲ့ စီးပွားရေးဖိုရမ်မှာ ပြည်တွင်းထွက် ပဲမျိုးစုံကို မိတ်ဆက်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံအနေနဲ့ ပဲမျိုးစုံ တင်ပို့ရောင်းချပြီး ရတဲ့ဝင်ငွေက တစ်နှစ်ကို ဒေါ်လာတစ်ဘီလီယံ ၀န်းကျင် ရှိပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာတော့ အိန္ဒိယရဲ့ ကန့်သတ်ချက်တွေကြောင့် နိုင်ငံခြားဝင်ငွေ အများကြီးလျော့ကျ သွားတယ်လို့ ကုန်သည်အသိုင်းအဝန်းက ပြောပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG