သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသူလျှိုဟောင်း အဆိပ်နဲ့ အသတ်ခံရဟု ဗြိတိန် အတည်ပြု


ဗြိတိသျှ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အရာရှိတွေ သတင်းမီဒီယာကို အတည်ပြုပြောဆို (မတ် ၇-၂၀၁၈)
ဗြိတိသျှ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အရာရှိတွေ သတင်းမီဒီယာကို အတည်ပြုပြောဆို (မတ် ၇-၂၀၁၈)

ရုရှားသမ္မတ Vladimir Putin က သတ်ပစ်မယ်လို့ ကြိမ်းဝါးထားဖူးတဲ့ ရုရှားသူလျှိုဟောင်းဟာ အာရုံကြော ထိခိုက်စေတဲ့ ဓာတုအဆိပ်ခတ် ခံခဲ့ရကြောင်း ဗြိတိသျှ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အရာရှိတွေက ပြောဆိုလိုက်ပါတယ်။ ရုရှားနိုင်ငံသား ၂ ဘက် သူလျှို Sergei Skripal နဲ့ အသက် ၃၃ နှစ်အရွယ် သမီးဖြစ်သူတို့ အဆိပ်ခတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်လို့ COBRA လို့ခေါ်တဲ့ ဗြိတိန်အစိုးရရဲ့ အဆင့်မြင့် အရေးပေါ် ကော်မတီက စုံစမ်းတွေ့ရှိချက်သစ်တွေကို မနေ့တုန်းက ထုတ်ပြန်ခဲ့ပြီး နောက်မှာပဲ အခုလို ပြောဆိုလိုက်တာပါ။

အာရုံကြော ထိခိုက်စေတဲ့ အဆိပ်နဲ့ သတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ အဓိက ဖြစ်ရပ်တခုအဖြစ်နဲ့ စုံစမ်းစစ်ဆေးနေကြောင်းလည်း ဒုတိယကော်မရှင်နာမင်းကြီး Mark Rowley က ပြောပါတယ်။ အဆိပ်ခတ်ခံခဲ့ရတဲ့ ရုရှားသူလျှိုဟောင်းနဲ့ သမီးဖြစ်သူတို့ ၂ ဦးစလုံးဟာ အသည်းအသန် အခြေအနေမှာ ရှိနေဆဲ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပေမဲ့ အသုံးပြုခဲ့တဲ့ အဆိပ်အမျိုးအစား အတိအကျနဲ့ ဘယ်လို အဆိပ်ခတ်ခံခဲ့ရသလဲ ဆိုတာတွေကိုတော့ ပြောဆိုတာမျိုးတော့ မရှိပါဘူး။

အခင်းဖြစ်ရာကို ကနဦးသွားရောက် စစ်ဆေးခဲ့သူတွေထဲက ရဲအရာရှိ တဦးဟာလည်း ဆေးရုံတင်ထားရပြီး စိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က မနေ့တုန်းကပဲ အတည်ပြုခဲ့ပါတယ်။ ပုံမှန်အားဖြင့် အေးအေးချမ်းချမ်းရှိတတ်တဲ့ Salisbury မြို့မှာ တနင်္ဂနွေနေ့က အဆိပ်ခတ်ခံခဲ့ရတဲ့ ဖြစ်ရပ်ကြောင့်၊ ဗြိတိန်နိုင်ငံမှာ လုံခြုံရေးနဲ့ သံတမန်ရေးရာ ခြိမ်းခြောက်မှု ပြဿနာတခု ဖြစ်လာခဲ့တာပါ။

ဗြိတိန်နိုင်ငံမှာ မကြာသေးခင်တုန်းက သံသယဖြစ်စရာ အခြေအနေတွေနဲ့ သေဆုံးမှု တဒါဇင်ကျော်မှာ၊ ရုရှားထောက်လှမ်းရေးတွေနဲ့ ဆက်နွယ်မှု ရှိကောင်းရှိနိုင်တဲ့အတွက် အရေးပေါ်စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့လည်း လွှတ်တော်အမတ်တွေ တိုက်တွန်းနေကြပါတယ်။

အသက် ၆၆ နှစ်အရွယ် ရုရှားသူလျှိုဟောင်း Skripal နဲ့ သမီးဖြစ်သူ Yulia တို့ ၂ ဦးဟာ ကုန်တိုက်တခု အပြင်ဖက်က ခုံတန်းလျားတခုပေါ်မှာ သတိလစ်နေတာ တွေ့ခဲ့ရပြီး နောက်မှာပဲ ဆေးကုသမှုခံယူနေရပြီး အသက်လုနေရတာပါ။ ရဲတပ်ဖွဲ့ကတော့ လုံခြုံရေး ကင်မရာတွေကို စစ်ဆေးနေပြီး၊ အနီးအနားမှာ ရှိနေခဲ့တဲ့ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးတို့ကို အဓိက အာရုံစိုက် စုံစမ်းနေတယ်လို့လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG