သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

နိုင်ငံတကာ အမျိုးသမီးများနေ့ ရန်ကုန်မှာကျင်းပ


ရန်ကုန်မှာကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့။

အမျိုးသမီးတွေဟာ အမျိုးသားတွေနည်းတူ စွမ်းဆောင်ရည် ရှိကြပေမယ့်လည်း ခွဲခြား ဆက်ဆံမှုတွေ မြန်မာနိုင်ငံမှာ ရှိနေဆဲ ဖြစ်တယ်လို့ ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားမှာ ပါဝင် ဟောပြောခဲ့ကြသူတွေက ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွေကို နေပြည်တော်နဲ့ ရန်ကုန်အပါအ၀င် မြန်မာနိုင်ငံ နေရာ အတော်များများမှာ ကျင်းပခဲ့ကြပါတယ်။ ဒီအကြောင်း အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုထက်အောင်ခန့်က တင်ပြပေးထားပါတယ်။

နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကို မြန်မာနိုင်ငံအနှံ့မှာ ပြုလုပ်ခဲ့တာမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင် ကျင်းပတဲ့ နေပြည်တော် အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောကြားတာမှာ - အမျိုးသမီးအခွင့်အရေး ပိုမို ရရှိလာခြင်းမြင့် နိုင်ငံတနိုင်ငံရဲ့ လူ့အခွင့်အရေး စံချိန် စံနှုန်းများ မြင့်မားလာမှာ ဖြစ်သလို အမျိုးသမီးထုရဲ့ စွမ်းပကားကို ပိုမို အသုံးချလာနိုင်တဲ့အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူ ဖြစ်စေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့၊ သခင်မြပန်းခြံမှာ ကျင်းပတဲ့ အခမ်းအနားမှာ တက်ရောက် ဟောပြောခဲ့တဲ့ စာရေးဆရာမ ဒေါက်တာသန်းမြင့်အောင်ကတော့ အမျိုးသမီးထုကို ပံ့ပိုး ကူညီဖို့အတွက် အစိုးရက မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဖွဲ့စည်းထားသလို တခြား အမျိုးသမီး အခွင့်အရေးတွေကို ဆောင်ရွက်ပေးနေတဲ့ NGO အဖွဲ့အစည်းတွေပါ ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်မတို့အရပ်ဖက် လူ့အဖွဲ့အစည်းတွေအများကြီးရှိပါတယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့လုပ်နေရတဲ့ဟာတွေက ၈၈ မှာလည်းရှိတယ် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှာလည်းရှိတယ်။ Triangle အမျိုးသမီးများရှိတယ်။ မခင်လေးတို့ နောက်ပြီးတော့ အရင်တုန်းက မဆူဇန်တို့လည်း လုပ်ခဲ့တယ်။သင်းသင်းအောင်တို့လည်း လုပ်နေတယ်။ ကျွန်မတို့လည်းလုပ်တာပဲ။ အမျိုးသမီးတွေရဲ့ အခွင့် အရေးကိုကာကွယ်ဖို့ ကာကွယ်စောင့်ရှောက်ဖို့ အမျိုးသမီးအဖွဲ့တွေက Network လုပ်ပြီးတော့မှ တယောက်နဲ့ တယောက် ချိတ်ဆက်ပြီးတော့ မှ ရပ်ရွာထဲမှာရှိတဲ့ အမျိုးသမီးတွေ ကျောင်းမှာရှိတဲ့ အမျိုးသမီးတွေ မိန်းကလေးထုပေါ့နော်။ အကြီးအငယ်အလတ် အရွယ်သုံးပါးပေါ့နော်။ အားလုံးဟာ မိန်းကလေးတွေနဲ့ ပတ်သက်လာရင် ဘယ်ဟာကဖြင့် ငါတို့အပေါ်မှာ အနိုင်ကျင့်တာ ဘယ်ဟာကဖြင့် တို့အခွင့်အရေးကို ချိုးဖောက်နေတာ ဘယ်ဟာကဖြင့် အမျိုးသမီးတွေ တန်ဖိုးကို နိမ့်ကျအောင် လုပ်နေတာဆိုတာမျိုးကို သိနိုင်တဲ့ ကိုယ်ပိုင်ဥာဏ်မျိုး မွေးပေး ရမယ်။ ကျွန်မတို့။"

သခင်မြပန်းခြံမှာ ကျင်းပတဲ့ အခမ်းအနားမှာ တက်ရောက် စကားပြောကြားခဲ့တဲ့ နောက်ထပ် စာရေးဆရာ တဦးဖြစ်သူ ညီပုလေးကတော့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံခြင်း မပြုသင့်တော့ကြောင်း ပြောပါတယ်။

"သူများနဲ့နှိုင်းယှဉ်ရင် ကျွန်တော်တို့မြန်မာနိုင်ငံက အမျိုးသမီးတွေက ခွဲခြား ဆက်ဆံမှု နည်းပါတယ်။ ဒါပေမယ့် ဘုရားကန်တော့တဲ့အခါ ဒီနေရာနဲ့ ကျော်ပြီး မကန်တော့ရဘူး ဆိုတဲ့ဟာမျိုးတွေ ရှိပါသေးတယ်။ တကယ်တော့ဘုရား သူ့မိခင်က မယ်တော်မာယာက မွေးခဲ့တာ။ အမေဆိုတာရှိပါတယ်။ အဲ့အတွက် အမျိုးသမီးက ယုတ်ညံ့တယ်။ နိမ့်တယ်။ ခွဲခြားဆက်ဆံတယ်။အဲ့ဒါတွေကတော့ မြန်မာပြည်မှာ ရှိနေ ပါသေးတယ်။ တချို့ကတော့ ပွင့်လင်းလာပါပြီ ဘုရားရှစ်ခိုးတဲ့နေရာမှာ နီးနီးကပ်ကပ်ဖူးမျှော်လို့ရပါတယ်။ ဒါမျိုးလေးတွေတော့ ကျန်ပါ သေးတယ်။ ဒါပေမယ့်ကျွန်တော်ထင်တယ် တဖြေးဖြေးတော့ ကွာဟချက်နည်းသွားမှာပေါ့။ ခွဲခြားဆက်ဆံတာနည်းသွားမယ်။ ခွဲခြားဆက်ဆံတဲ့ဆီ ဦးတည်နေအောင် မြန်မြန်ရောက်အောင် အမျိုးသမီးအခွင့်ရေး ဆောင်ရွက်နေတဲ့ သူတွေက ကြိုးစားနေကြပါတယ်။"

WLB အမျိုးသမီးများ အဖွဲ့ချုပ်- မြန်မာနိုင်ငံကလည်း နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ်နဲ့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်ခဲ့တာမှာ မြန်မာနိုင်ငံမှာ ဥပဒေနည်းလမ်းအရ အမျိုးသမီးတွေကို အကာကွယ်ပေးမှု အားနည်းနေတဲ့အချက်ကို WLB ရဲ့ မူဝါဒရေးရာ ဦးဆောင်သူ ဒေါ်တင်တင်ညိုက ထောက်ပြခဲ့ပါတယ်။

"ဥပဒေစိုးမိုးရေးကမရှိ။ ဥပဒေပိုင်းက အားမကောင်း။ ဥပဒေဘက်တော်သားတွေ ကလည်း ပြောမယ်ဆိုလို့ရှိရင် ခံရတဲ့ ပြည်သူလူထုဘက်ကနေ ပြီးတော့ မှန်မှန်ကန်ကန် ရပ်တည်မှုက အခုချိန်ထိ အားနည်းနေတာ ဖြစ်တာပေါ့လေ။"

ရန်ကုန်မြို့မှာ ဒီကနေ့ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားမှာ နံမည်ကြီး စာရေးဆရာတွေနဲ့ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ တက်ရောက် ဟောပြောခဲ့ကြသလို ငြိမ်းချမ်းရေး တေးသံရှင် ကိုမွန်းအောင်ကလည်း တေးသီချင်းများနဲ့ ဖျော်ဖြေခဲ့ပါတယ်။

AAPP-B နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) ကလည်း ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အဖြစ်နဲ့ နိုင်ငံရေးကြောင့် မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ကြရတဲ့ အမျိုးသမီးတွေရဲ့ အတွေ့အကြုံတွေကို စုစည်းထားတဲ့ အစီရင်ခံစာတစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

လာမယ့် သီတင်းပတ်ကုန်ပိုင်းမှာလည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို မြန်မာနိုင်ငံအတွင်းမှာ ဆက်လက် ကျင်းပကြမယ့် အစီအစဉ်တွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG