သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတေးလျ အာဆီယံ ထိပ်သီး အကြမ်းဖက်အန္တရာယ် ဆွေးနွေး


သြစတေးလျ-အာဆီယံ ထိပ်သီးညီလာခံမှာ ခေါင်းဆောင်များ မှတ်တမ်းဓာတ်ပုံရိုက်။ မတ် ၁၇။ ၂၀၁၈။
သြစတေးလျ-အာဆီယံ ထိပ်သီးညီလာခံမှာ ခေါင်းဆောင်များ မှတ်တမ်းဓာတ်ပုံရိုက်။ မတ် ၁၇။ ၂၀၁၈။

ပထမဆုံးအကြိမ်ကျင်းပတဲ့ သြစတြေးလျနဲ့ အာဆီယံ အထူးထိပ်သီးအစည်းအဝေးပွဲမှာ ကုန်သွယ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ အမျိုးသားရေးအစွန်းရောက်ဝါဒ အန္တရာယ်၊ မြောက်ကိုရီးယား ခြိမ်းခြောက်မှု စတာတွေကို အဓိကထားဆွးနွေးနေပါတယ်။ တချိန်ထဲမှာပဲ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှု စွပ်စွဲချက်နဲ့ အာဆီယံထိပ်သီးခေါင်းဆောင်တွေကြား အာရုံစိုက်အခံရဆုံးဖြစ်တဲ့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးဖို့ သြစတြေးလျ လူ့အခွင့်အရေး ရှေ့နေအဖွဲ့ရဲ့ လျှောက်ထားမှုကို သံတမန်ကင်းလွတ်ခွင့် ဥပဒေရ သြစတြေးလျ ရှေ့နေချုပ်က ပယ်ချခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြမှာပါ။

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ စနေနေ့ စတင်ကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာတော့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးနဲ့ လွတ်လပ်စွာကုန်သွယ်ခွင့် စတဲ့အချက်တွေကို သြစတေးလျ ဝန်ကြီးချုပ် Malcolm Turnbull ကအဓိကထား ပြောဆိုသွားပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရာမှာ ထောက်လှမ်းရေး သတင်းအချက်အလက်တွေဖလှယ်ရေး သြစတြေးလျနဲ့ အာဆီယံ ကြား နားလည်မှုစာချွန်လွှာကိုလက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာလည်း ဝန်ကြီးချုပ် Turnbull က ပြောသွားတာကတော့

“ကျနော်တို့ မပြတ် သတိရှိနေရပါမယ်၊ ဒေသတွင်းက ကျနော်တို့ အိမ်နီးချင်းတွေနဲ့ မပြတ် လက်တွဲ လုပ်ဆောင်နေရပါမယ်။ သတင်း အပြန်အလှန်ဖလှယ်တာဟာ သိပ်ကို အရေးကြီးပါတယ်။ သိပ် အရေးကြီးလှတာ မဟုတ်ဘူး၊ ဒါမှမဟုတ် သိပ်အရေးပါတဲ့ ထောက်လှမ်းရေးသတင်း မဟုတ်ဘူးလို့ ထင်ရတာက တယောက်ယောက်ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပဟေဠိဖြစ်နေတာကို ဆက်စပ်ပေးတဲ့အချက် ဖြစ်သွားနိုင်တယ်ဆိုတာ ကျနော်တို့အားလုံး သိထားတာကြောင့်ပါ။ ယုံကြည်မှု၊ အပြန်အလှန်ဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေဟာ သိပ်ကို အရေးကြီးပါတယ်။”

အလားတူ အခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့တဲ့ မလေးရှားဝန်ကြီးချုပ် Najib Razak ကလည်း အကြမ်းဖက်လှုပ်ရှားမှုကို ကြိုတင်ကာကွယ်နိုင်ရေး ပိုပြီးအရေးကြီးကြောင်း အခုလိုပြောပါတယ်။

အကြမ်းဖက်လုပ်ရပ်တွေကို ဖြစ်ပြီးမှ နောက်ဆက်တွဲအဖြစ် အရေးယူဆောင်ရွက်တာထက် ကြိုတင်ကာကွယ်ထားတဲ့ ဥပဒေပြဌာန်းချက်တွေ ကျနော်တို့မှာရှိဖို့က အဓိက မဖြစ်မနေအရေးပါတဲ့ ကိစ္စဖြစ်ပါတယ်။”

ဒါအပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ပတ်သက်လို့လည်း ရိုဟင်ဂျာတွေကို နှင်ထုတ်တဲ့ ဖြစ်ရပ်ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြဿနာအဖြစ် ကြာရှည် ရပ်တည်လို့မရတော့တဲ့ အကြောင်းလည်း မလေးရှားဝန်ကြီးချုပ် Razak ထည့်သွင်းပြော ဆိုသွားပါတယ်။ အခုလို ဒေသတွင်းအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တဦးအနေနဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး အာဆီယံမူကနေ သွေဖည်ပြောဆိုတာဟာ ရှားပါးတဲ့ဖြစ်ရပ်လို့လည်း ဒေသတွင်းကျွမ်းကျင်သူတွေက ပြောကြပါတယ်။

တချိန်ထဲမှာပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုကြောင့် ပြီးခဲ့တဲ့နှစ် သြဂုတ်လ နောက်ပိုင်းကစပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာ ၇ သိန်းလောက် ထွက်ပြေးခဲ့ရတဲ့အခြေအနေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သြစတြေးလျ တရားရုံးကနေ ဖမ်းဝရမ်းထုတ်ပေးဖို့ သြစတြေးလျ လူ့အခွင့်အရေးရှေ့နေ ငါးဦးက ဦးတိုက်လျောက်ထားခဲ့တာပါ။ Victoria ပြည်နယ်က တရားရုံးမှာ သူတို့ လျောက်ထားချက်နဲ့ ပတ်သက်လို့ ရှေ့နေတဦးဖြစ်တဲ့ Alison Battisson က သတင်းမီဒီယာတွေနဲ့ မေးမြန်းခန်းမှာ အခုလိုပြောပါတယ်။

“ရိုဟင်ဂျာ အကျပ်အတည်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်မှာ ပုဂ္ဂိုလ်ရေးအရ တာဝန်ရှိနေတယ်လို့ ကျမတို့ စွပ်စွဲထားတာပါ။ မြန်မာအစိုးရအဖွဲ့မှာ သူရဲ့အာဏာနဲ့ ထိန်းချုပ်မှု ရှိနေတဲ့အပြင် လူအများရဲ့ ထောက်ခံမှုကိုလည်း ရထားပေမယ့် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ညှမ်းပန်းနှိပ်စက်မှုတွေကို အကာအကွယ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ဟာ အနည်းအကျဉ်းပဲ လုပ်ဆောင်ခဲ့ပါတယ်။”

တရားရုံးဘက်ကတော့ သူတို့ လျှောက်ထားချက်ကို လက်ခံခဲ့ပေမယ့် ဒီရှေ့နေတွေရဲ့ လျှောက်ထားချက်ကို အဓိကခွင့်ပြုမိန့်ပေးရမယ့် သြစတြေးလျ ရှေ့နေချုပ် Christian Porter ကတော့ သံတမန် ကင်းလွတ်ခွင့်အရ တရားရုံးအမိန့်နဲ့ ဘယ်နိုင်ငံခေါင်းဆောင်ကိုမှ ဖမ်းဆီးလို့မရဘူးဆိုတဲ့အချက်နဲ့ ချက်ချင်းတုန့်ပြန် ပယ်ချခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ သြစတြေးလျအခြေစိုက် မြန်မာအရေးလှုပ်ရှားနေတဲ့ သြစတြေးလျ-မြန်မာရုံး ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချို က အခုလိုပြောပါတယ်။

“ သြစတေးလျ ရှေ့နေချုပ်က သူ့ရဲ့ ပြောခွင့်ရှိပုဂ္ဂိုလ်က ဘာပြောလည်းဆိုတော့ သြစတေးလျနိုင်ငံမှာ သူတို့လုပ်လို့မရဘူး။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံတကာဥပဒေရှိတယ်ဆိုပေမယ့် ဥပဒေမှာက နိုင်ငံတခုရဲ့အစိုးရအကြီးအကဲ၊ နိုင်ငံတော်အကြီးအကဲ၊ သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီး သူတို့တွေကို သြစတေးလျမြေပေါ်မှာ ဒီလိုမျိုးတရားစွဲဆိုလို့မရဘူး၊ ဖမ်းလို့မရဘူး၊ တရားရုံးကို တက်ခိုင်းလို့မရဘူးဆိုပြီးတော့ သူက အဲဒီလိုပြောလိုက်ပါတယ် ခင်ဗျ။ ပြောချင်တာကတော့ ဒီလိုတရားစွဲဆိုလို့မရဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောတဲ့သဘောဖြစ်သွားပါတယ်။ သူတို့အဖွဲ့တွေက ဒီလောက်လည်း နာမည်ရှိတာမဟုတ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိစ္စကို လိုင်းတင်လိုက်ပြီးတော့ သူတို့အဖွဲ့ကို သြစတေးလျကရော နိုင်ငံတကာကရော ပိုပြီးသိရှိလာအောင် လုပ်တဲ့ ပုံစံမျိုးလို့ ကျနော် အဲဒီလိုမျိုးမြင်တယ် ခင်ဗျ “

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြစတြေးလျခရီးစဉ်မှာ စနေနဲ့ တနင်္ဂနွေ နှစ်ရက်ကြာကျင်းပနေတဲ့ သြစတြေးလျ နဲ့ အာဆီယံ အထူး ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာတာဖြစ်သလို သြစတြေးလျအစိုးရနဲ့ သီးသန့်ဆွေးနွေးဖို့ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခံထားရတာလည်းဖြစ်ပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် Malcolm Turnbull ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံရာမှာ ရိုဟင်ဂျာပြဿနာ နဲ့ ရခိုင်ပြည်နယ်အရေး ကိုထည့်သွင်းဆွေးနွေးမှာဖြစ်တယ်လို့ ပြောဆိုထားတာပါ။ ရိုဟင်ဂျာအရေးမှာ မြန်မာအစိုးရကို နိုင်ငံတကာက ပြင်းပြင်းထန်ထန်ဝေဖန်နေပေမယ့် သြစတြေးလျကတော့ အရင် နှစ်နိုင်ငံဆက်ဆံရေးအတိုင်း ဆက်လက်ပြီး ထားရှိသွားမယ်လို့ မြင်ကြောင်း ဒေါက်တာမြင့်ချိုက VOA ကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်



XS
SM
MD
LG