သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ် ဦးတီခွန်မြတ်ကို ရွေးချယ်


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ် ဦးတီခွန်မြတ် လွှတ်တော်ကို မိန့်ခွန်းပြောကြား။ ( မတ် ၂၂-၂၀၁၈)
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ် ဦးတီခွန်မြတ် လွှတ်တော်ကို မိန့်ခွန်းပြောကြား။ ( မတ် ၂၂-၂၀၁၈)

ဦးဝင်းမြင့်နုတ်ထွက်သွားတာကြောင့် လစ်လပ်သွားတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ နေရာကိုဒီကနေ့ အစားထိုးရွေးချယ်ရာမှာ အရင် ပြည်သူ့လွှတ်တော်ဒုဥက္ကဌ ဦးတီခွန်မြတ်ဟာ ဥက္ကဌအဖြစ် တင်မြှောက်ခံရပြီး ဒုဥက္ကဌနေရာကိုတော့ အရင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်ကို ရွေးချယ်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်မှာ ဥက္ကဌ သစ်တွေ ရွေးချယ်တဲ့သတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က အခုလို တင်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်က နိုင်ငံတော်သမ္မတနုတ်ထွက်ပြီးနောက် မကြာခင်မှာပဲ ပြည်သူ့လွှတ်တော် ဥက္ကဌကပါ ရာထူးက နုတ်ထွက်လိုက်တာကြောင့် မြန်မာ့နိုင်ငံရေးဟာ အတော်လေးလှုပ်ခတ်ခဲ့သလို ပြည်သူအများဟာလည်း လက်ရှိ အပြောင်းအလဲအပေါ်မှာ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနေရာကို ပြန်လည် ရွေးချယ်တင်မြှောက်ရာမှာ လက်ရှိ ပြည်သူ့လွှတ်တော် ဒု ဥက္ကဌ ဦးတီခွန်မြတ်နဲ့ ဦးသောင်းအေး (ပျော်ဘွယ်မဲဆန္ဒနယ်)တို့ကို အမည်စာရင်း တင်သွင်းခဲ့ပါတယ်။

အမည်စာရင်းတင်သွင်းခံရသူတဦးထက် ပိုတာကြောင့် စက်ခလုပ်သုံး မဲဆန္ဒပေးခဲ့ရာမှာ ရလဒ်ကို သဘာပတိ ဦးခင်မောင်ဝင်း (လမ်းမတော် မဲဆန္ဒနယ်) က အခုလို ကြေညာခဲ့ပါတယ်။

“ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ ဥက္ကဌလောင်းများအား ဆန္ဒမဲပေးလို့ ပြီးပါပြီး။ ဥက္ကဌလောင်း တဦးချင်း ရရှိတဲ့ ထောက်ခံဆန္ဒမဲအများအနည်းအလိုက် အမည်စာရင်းကို ကြေညာပါမယ်။ တစ် ဦးတီခွန်မြတ် (ကွတ်ခိုင်မဲဆန္ဒနယ်)ရရှိမဲ ထောက်ခံ ဆန္ဒမဲ ၂၈၀မဲ၊ နှစ် ဦးသောင်းအေး (ပျော်ဘွယ်မဲဆန္ဒနယ်) ရရှိတဲ့ ထောက်ခံ ဆန္ဒမဲ ၁၄၁မဲ။ ဒါကြောင့် ထောက်ခံ ဆန္ဒမဲ အများဆုံးရရှိတဲ့ ဦးတီခွန်မြတ် (ကွတ်ခိုင်မဲဆန္ဒနယ်)အား ဥက္ကဌအဖြစ် တင်မြှောက်ကြောင်း ကြေညာပါတယ်။”

ပြည်သူ့လွှတ်တေ်ာ ဒုဥက္ကဌ ဦးတီခွန်မြတ်ကို ဥက္ကဌအဖြစ် တင်မြှောက် လိုက်တာကြောင့် ဒုဥက္ကဌနေရာကို တဆက်တည်း ဆက်လက်ရွေးချယ်ခဲ့ပါတယ်။ ဒုဥက္ကဌနေရာအတွက် ဦးထွန်းအောင်ခေါ် ဦးထွန်းထွန်းဟိန် (နောင်ချိုမဲဆန္ဒနယ်) နဲ့ ဒေါက်တာ မောင်သင်း (မိတ္ထီလာမဲဆန္ဒနယ်) တို့ကို အမည်စာရင်း တင်သွင်းခဲ့ကြပါတယ်။

မဲခွဲဆုံးဖြတ်ရမှာတော့ -

“ ဒုတိယဥက္ကဌလောင်း တဦးချင်း ရရှိတဲ့ ထောက်ခံ ဆန္ဒမဲ အများ အနည်းအလိုက် အမည်စာရင်းကို ကြေညာပါမယ်။ တစ် ဦးထွန်းအောင်ခေါ် ဦးထွန်းထွန်းဟိန် (နောင်ချိုမဲဆန္ဒနယ်) ရရှိတဲ့ ထောက်ခံမဲ ၂၇၀မဲ၊ နှစ် ဒေါက်တာမောင်သင်း (မိတ္ထီလာမဲဆန္ဒနယ်) ရရှိတဲ့ ထောက်ခံမဲ ၁၄၃မဲ။ ဒါကြောင့် ထောက်ခံ ဆန္ဒမဲ အများဆုံးရရှိတဲ့ ဦးထွန်းအောင်ခေါ် ဦးထွန်းထွန်းဟိန် (နောင်ချိုမဲဆန္ဒနယ်) အား ဒုတိယဥက္ကဌအဖြစ် တင်မြှောက်ကြောင်း ကြေညာပါတယ်။ ”

ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် တင်မြှောက်ခံရသူ ဦးတီခွန်မြတ်ဟာ ပြည်သူ့စစ်ခေါင်းဆောင် တဦးဖြစ်ခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဝေဖန်ခံရတာတွေ ရှိခဲ့ဖူးသူဖြစ်ပြီး ရှေ့နေချုပ်ရုံးမှာလည်း ညွှန်ကြားရေးမှုးအဆင့်ထိ တာဝန်ယူခဲ့ သူဖြစ်ပါတယ်။ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းကာလမှာတော့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ပေမဲ့လောလောဆည်မှာ ပါတီကနေ နုတ်ထွက်ထားသူလည်း ဖြစ်ပါတယ်။

ဦးတီခွန်မြတ် ဥက္ကဌအဖြစ်တာဝန်ယူမယ့်အပေါ်မှာတော့ သူ့ကို အမည်စာရင်း တင်သွင်းခဲ့သူ ပုလဲ မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အခုလို ပြောပါတယ်။

“ ဦးတီခွန်မြတ်လည်း ပြောမယ်ဆိုရင် ပထမအကြိမ်လွှတ်တော်သက်တမ်းမှာလည်း ၅နှစ်တိတိလုပ်လာခဲ့တယ်။ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သက်တမ်းမှာလည်း ဦးဝင်းမြင့်နဲ့အတူတူတွဲပြီး ဒီ ၂နှစ်ကျော်ကာလ အတွင်းမှာ ဆောင်ရွက် လာခဲ့တဲ့အတွက်ကြောင့်မို့ ဦးတီခွန်မြတ်အနေနဲ့ သူ့ရဲ့တာဝန်ဝတ္တရားပေါ့ သူဆောင်ရွက် စရာ ရှိတာတွေကို အားလုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သူ့အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ ပါတီက ရွေးချယ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် ကျမတို့ ပါတီရဲ့ မူဝါဒတွေ၊ ကျမတို့ ပါတီရဲ့ စည်းမျဉ်းစည်းကမ်း ကျမတို့ပါတီရဲ့ လမ်းစဉ်တွေ အတိုင်းပဲ လိုက်နာပြီးတော့ ဆောင်ရွက်သွားမယ်လို့ မျှော်လင့်ထားပါတယ်ရှင့်။ ”

မင်းကင်းမဲဆန္ဒနယ်က ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကလည်း ဦးတီခွန်မြတ်အပေါ် ယုံကြည့်မှုရှိကြောင်း အခုလို ပြောပါတယ်။

“ ဦးတီခွန်မြတ်ကိုက ကျေနပ်ပါတယ်။ ဘာလို့ ကျေနပ်လည်း ဆိုတော့ ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်းမှာလည်း ၅နှစ်ပေါ့။ ကော်မတီတခုမှာ ဥက္ကဌအဖြစ်လုပ်ခဲ့တယ်။ ကျွမ်းကျွမ်းကျင်ကျင်နိုင်နိုင်နင်းနင်းနဲ့ အတွေ့အကြုံရခဲ့ပြီးပြီ။ ဒီဖက်မှာလည်း သူက ဒုတိယဥက္ကဌအဖြစ်နဲ့ ၂နှစ်လုပ်ပြီးပြီပေါ့။ သူ့ရဲ့ carrier ကလည်း ဥပဒေဝန်ထမ်းကိုး။ အဲတော့ ဥပဒေနဲ့ပတ်သက်ပြီးတော့ သူ့မှာ အတွေ့အကြုံကောင်းကောင်းရှိပါတယ်။ ကျနော်ကတော့ ဘာပဲ ပြောပြော ဦးတီခွန်မြတ်အပေါ် ယုံကြည်မှု အပြည့်ရှိတယ်။”

ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သလို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌအဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်ပါတယ်။

မနက်ဖြန် သောကြာနေ့မှာတော့ နုတ်ထွက်သွားတဲ့ သမ္မတနေရာအတွက် ပြည်သူ့လွှတ်တော်မှာ ဒုတိယသမ္မတ တဦးရွေးချယ်ဖို့အတွက် အမည်စာရင်း တင်သွင်းဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


ပြည်သူ့လွှတ်တော် ခေါင်းဆောင်သစ် ရွေးချယ်တင်မြှောက်
please wait

No media source currently available

0:00 0:03:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG