စီးပွားရေးမှာ မမျှမတဆောင်ရွက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်နိုင်ငံအပေါ် အရေးယူမယ့် အစီအစဉ်တရပ်ကို သမ္မတ Donald Trump ဒီကနေ့ လက်မှတ်ရေးထိုး အတည်ပြုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဉာဏပစ္စည်း ခိုးယူမှုတွေနဲ့ အမေရိကန် နည်းပညာတွေကို နည်းမှန်လမ်းမှန် မဟုတ်ဘဲ တရုတ်ကုမ္ပဏီတွေထံ လွှဲပြောင်းမှုတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ အရေးယူမယ့် အစီအစဉ်ကြောင့် တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲ ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေတွေလည်း ထပ်မံပေါ်ပေါက်နေတာပါ။
တရုတ်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကတော့ ကုန်သွယ်ရေးမှာ အမေရိကန်ရဲ့ တဘက်သတ် ဆောင်ရွက်ချက်တွေကို ကန့်ကွက်ကြောင်းနဲ့ ၂ နိုင်ငံ အကျိုးစီးပွားအတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း တွေ့ဆုံမှုမတိုင်ခင်မှာပဲ ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်က ၁၉၇၄ ခုနှစ် ကုန်သွယ်ရေးဆိုင်ရာ အက်ဥပဒေအရ လနဲ့ချီစုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ မနေ့တုန်းက အမေရိကန် တာဝန်ရှိသူတွေ သတင်းထောက်တွေကို ပြောဆိုရာမှာတော့၊ တရုတ်နိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) မှာ ၂၀၀၁ ခုနှစ်ကတည်းက အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့ပေမဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့ကြောင်း ပြောဆိုခဲ့ကြတာပါ။
၁၉၇၄ ကုန်သွယ်ရေးဆိုင်ရာ အက်ဥပဒေ အပိုဒ် ၃၀၁ အရ တရုတ်နိုင်ငံအပေါ် အရေးယူဖို့ သြဂုတ်လ ၁၄ ရက်နေ့တုန်းက သမ္မတ Trump ရဲ့ တိုက်တွန်းချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းမယ့် သဘောထားတွေကိုလည်း အမေရိကန် တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြပါတယ်။တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Hua Chunying က တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို ထိခိုက်အောင် အမေရိကန်က လုပ်လာခဲ့ရင်၊ တိုင်းပြည်အကျိုးစီးပွားကို ကာကွယ်ဖို့ တန်ပြန်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။
ဇန်န၀ါရီလထဲမှာတုန်းကလည်း တရုတ်နိုင်ငံက အဓိကနေရာယူထားတဲ့ နေရောင်ခြည်စွမ်းအင် ထုတ်လုပ်တဲ့ ဆိုလာပြားတွေနဲ့ ဘက်ထရီ သွင်းကုန်တွေအပေါ် သမ္မတ Trump အခွန်စည်းကျပ်ခဲ့ပါတယ်။ Walmartတို့လို အမေရိကန်က လက်လီအရောင်းဆိုင်ကြီးတွေနဲ့ Apple တို့လို နည်းပညာ လုပ်ငန်းကြီးတွေကတော့ သွင်းကုန်တွေအပေါ် အခွန်စည်းကျပ်မှုတွေကြောင့် စားသုံးသူတွေအတွက် ဈေးနှုန်းတွေသာ ပိုကြီးလာနိုင်သလို၊ ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချရာမှာ ထိရောက်မှု ရှိချင်မှ ရှိလိမ့်မယ်လို့လည်း သတိပေးထားကြပါတယ်။