သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Reuters သတင်းထောက် ၂ ဦးအမှု EU အနီးကပ်စောင့်ကြည့်


Reuters သတင်းထောက်နှစ်ဦး ကို တရားရုံးထုတ်စစ်ဆေး
Reuters သတင်းထောက်နှစ်ဦး ကို တရားရုံးထုတ်စစ်ဆေး

ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေကို သတင်းရယူရင်းနဲ့Reuters သတင်းထောက် ၂ ယောက် အဖမ်းခံထားရတာ ရက်ပေါင်း(၁၀၀) ကျော်သွားပါပြီ။ နိုင်ငံတော်လျို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲထားတဲ့ ဒီအမှုဟာ မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့်ကိုသာမက ဒီမိုကရေစနစ်တခုလုံးကိုပါစမ်းသပ်လိုက်တဲ့ တရားစီရင်တဲ့ဖြစ်စဉ်ကို EU က အနီးကပ်စောင့်ကြည့်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian SCHMIDTက ပြောကြားလိုက်ပါတယ်။ ဘာကြောင့် ဒီမိုကရေစီစနစ်ကို စမ်းသပ်တဲ့အမှုလို့ပြောကြားရပါသလဲ Reuters သတင်းကို အခြေခံပြီးတော့ ကိုဝင်းမင်းက ပြောပြမှာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်က အင်းဒင်ရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မြန်မာ့တပ်မတော် နယ်မြေရှင်းလင်းရေးအတွင်း မူဆလင်ဆယ်ဦး အသတ်ခံရမှုအပေါ် အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းခဲ့တဲ့ အသက် ၃၁နှစ်အရွယ် ကိုဝလုံးနဲ့ အသက် ၂၈နှစ်အရွယ် ကိုကျော်စိုးဦးတို့ကို မနှစ်ဒီဇင်ဘာလကတည်းက ဗြိတိသျှကိုလိုနီခေတ်က ဥပဒေနဲ့ စွပ်စွဲဖမ်းဆီးပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ခုံရုံးတင်စစ်ဆေးလာတာ ၁၁ကြိမ်ရှိလာချိန်မှာ ဒီခုံရုံးကို တက်လာတဲ့မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian SCHMIDTက သူ ဘာကြောင့် လာရတယ် ဆိုတာကို အခုလိုရှင်းပြလိုက်ပါတယ်။

"ပထမဆုံးပြောချင်တာက ဒီခုံရုံးကို လာတက်ရောက်လေ့လာဖြစ်တာကဥရောပသမဂ္ဂ အနေနဲ့ဒီခုံရုံးနဲ့ သက်ဆိုင်နေတဲ့ ကဏ္ဍတွေမှာမြန်မာအစိုးရရဲ့ အရေးပါတဲ့ မိတ်ဖက် ပံ့ပိုးရေး အဖွဲ့ ဖြစ်နေလို့ပါ။ကျွန်တော်တို့အနေနဲ့ မြန်မာရဲတပ်ဖွဲ ရဲ့ပြုပြင်ပြောင်းလဲရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခွင့်အရေး ကာကွယ်ပေးရေး လုပ်ငန်းတွေကို ထောက်ပံ့ ကူညီပေးနေပါတယ်။ဒုတိယအနေနဲ့ကတော့ ကျွန်တော်တို့အနေနဲ့ ဥပဒေကြောင်း ဆိုင်ရာ ပံ့ပိုးရေးနဲ့ တရားမျှတမှုလက်လှမ်းမီရေးတွေ လုပ်ဆောင်နေတာမို့၊ အခု မြန်မာတရားစီရင်ရေးမှာ ဘက်မလိုက်၊ လွတ်လပ်မှုရှိရေးကို အလေးထားလို့ပါ။"

ကိုလိုနီခေတ်ဟောင်းတုန်းက စစ်ပွဲကာလအတွင်း သတင်းလုံခြုံရေးအတွက် သုံးခဲ့တဲ့ သတင်းလျှိ့ဝှက်ချက်ဥပဒေအရ ဒီရိုက်တာသတင်းထောက်နှစ်ဦး အပြစ်ရှိတယ်လို့ ခုံရုံးက ဆုံးဖြတ်ခဲ့ရင်တော့ ထောင်ဒဏ်အများဆုံး ၁၄နှစ် ကျခံနိုင်တဲ့အနေအထားမှာ သံအမတ်ကြီး Schmidt က ဒီသတင်းထောက်တွေက အစိုးရ ခနခနပြောနေတဲ့ အဖြစ်မှန်ပေါ်ရေး စွန့်စားလုပ်ခဲ့တာသာဖြစ်ပြီး ဥပဒေကြောင်းသုံး အပြစ်မပေးသင့်ဘူးလို့ ထောက်ပြလိုက်ပါတယ်။

"မြန်မာအစိုးရက သူတို့နဲ့တွေ့တိုင်း ကျွန်တော့ကို အမြဲပြောပါတယ်။ အမှန်တရား ထွက်ပေါ်လာလိမ့်မယ်ပေါ့နော်၊ ကျွန်တော်တို့ EU အနေနဲ့လည်း ဒီ အဖြစ်မှန်ကို ရှာဖွေသင့်တယ်၊ လက်တွေ့မြေပြင်ကို သွားကြည့်ကြပေါ့နော် အဲ့လိုပြောပါတယ်။ အဲ့ဒိတော့ အခု ရိုက်တာစ် သတင်းထောက် (၂) ယောက် လုပ်ခဲ့တာက ဒါကို လုပ်ခဲ့တာလေ။ သူတို့ ဒီအမှန်တရားအတွက် သတ္တိရှိရှိ ရှာဖွေခဲ့ကြတယ်၊ ဘာဖြစ်ခဲ့တယ်ဆိုတာ အများ စဉ်းစားနိုင်အောင် လိုအပ်တဲ့ အချက်အလက်ပေး ဖို့လေ။ခုလို အဖြစ်မှန်ရဖို့ ရှေ.ဆောင်လုပ်ပြတာမျိုးကိုဖမ်းဆီးမူတွေ၊ ဥပဒေကြောင်းတွေ သုံးပြီး လုံးဝ အရေးမယူသင့်ပါဘူး။"

သတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အနေနဲ့ အင်းဒင်ရွာလူသတ်မှုပတ်သက်ပြီး အစိုးရလျှိ့ဝှက်ချက် အထောက်အထားတွေ ရယူဖို့ ကြိုးပမ်းခဲ့တာမို့ အခုလို ဥပဒေကြောင်း အရ အရေးယူရတာလို့ မြန်မာအစိုးရဘက်က ပြောလာနေချိန်မှာ ပြည်တွင်း ပြည်ပမှာကတော့ ဒါက မြန်မာနိုင်ငံ လွတ်လပ်ခွင့်နဲ့ဆိုင်တဲ့ ဒီမိုကရေစီ ရေး နိုင်ငံရေးအမှုသာဖြစ်တယ်ဆိုပြီး ဒီသတင်းထောက်နှစ်ဦးကို ပြန်လွှတ်ဖို့ တောင်းဆိုချက်တွေ ပိုများလာနေပါတယ်။ အခုအချိန်မှာ ဥရောပသမဂ္ဂ သံအမတ်ကြီး Schmidt ကလည်း ဒီအမှုဟာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီပြောင်းလဲမှုအတွက် အရေးပါတဲ့စမ်းသပ်မှုဖြစ်တယ်လို့ ထောက်ပြလိုက်ပါတယ်။

"ဒီအမှုက မြန်မာနိုင်ငံထဲ သတင်းလွတ်လပ်မှုနဲ့ ဒီမိုကရေစီအရေး တစ်ခုလုံးအပေါ် ယုံကြည်သက်ဝင်မှုအတွက်အရေးပါတဲ့ စမ်းသပ်မှုဖြစ်တယ်လို့ ဥရောပသမဂ္ဂက ယုံကြည်ထားပါတယ်။ဒါကြောင့် ဥရောပသမဂ္ဂအနေနဲ့ အရင်တုံးက သတင်းလွတ်လပ်မှုနဲ့ အရပ်ဖက်လူမူအဖွဲအစည်း လွတ်လပ်မှုနဲ့ဆိုင်တဲ့ အမှုတွေကို လိုက်စောင့်ကြည့်ခဲ့သလိုပဲ၊အခုအမှုမှာလည်း တကယ့်ကို အနီးကပ် လိုက်စောင့်ကြည့်သွားပြီးမှ၊ဒီကနေထွက်လာတဲ့ ရလာဒ်ပေါ်မူတည်ပြီးကျွန်တော်တို့ နိဂုံးချုပ်ချက် ဆွဲမှာပါ။"

တကယ်တော့ ဒီရိုက်တာသတင်းထောက်နှစ်ဦး စုံစမ်းရေးသားခဲ့တဲ့ သတင်းရေးသားမှုကြောင့် ဒီအင်းဒင်ရွာ အစုလိုက်အပြုံလိုက်သတ်ခဲ့မှုကို အဖြစ်မှန်ဖော်ထုတ်နိုင်ခဲ့ပြီး အစိုးရကလည်း ဒီအမှုကျူးလွန်သူတွေကို အရေးယူနေချိန်မှာ သက်စွန့်ဆံဖျားကြိုးပမ်းခဲ့ကြတဲ့ သတင်းထောက်နှစ်ဦး ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG