သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

သမ္မတဖြစ်လာနိုင်ခြေရှိတဲ့ ဒုသမ္မတဦးဝင်းမြင့် အပြောင်းအလဲကိုင်တွယ်ပုံ အကြိုသုံးသပ်ချက်


သမ္မတဟောင်းဦးထင်ကျော်နဲ့ ဒုသမ္မတသစ်ဖြစ်လာသူဦးဝင်းမြင့် (မတ် ၁၅-၂၀၁၆)

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်းဦးဝင်းမြင့် မဲအပြတ်အသတ်နဲ့ ဒုသမ္မတအဖြစ် ရွေးချယ်ခံ လိုက်ရပြီးနောက်မှာတော့ ရှေ့သီတင်းပတ်ထဲ ပြည်ထောင်စုလွှတ်တော်မှာ လက်ရှိ ဒုသမ္မတနှစ်ဦးနဲ့ ဒုသမ္မတသစ်တို့ထဲက တဦးကို သမ္မတသစ်အဖြစ် ရွေးချယ်ကြမှာဖြစ်ပါတယ်။ အခုလိုမြန်မာနိုင်ငံမှာ သမ္မတသစ်အပြောင်းအလဲလုပ်ဆောင်တာနဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးအခြေအနေ ဘယ်လိုတိုးတက်ပြောင်းလဲမှုတွေရှိနိုင်မလဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာကြား ဆက်ဆံရေး အခြေအနေတွေအပေါ်မှာရော သက်ရောက်မှုရှိနိုင်မလား၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ညှိနှိုင်းနေရဆဲ မြန်မာ့ငြိမ်းချမ်းရေး အလားအလာ ဘယ်လိုဖြစ်လာနိုင်သလဲဆိုတဲ့အမြင်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ပြည်သူ့လွှတ်တော်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ်ဦးတီခွန်မြတ် စတင်တာဝန်ထမ်းဆောင်တဲ့အချိန်မှာပဲ ဒုတိယသမ္မတလောင်းတွေအဖြစ် အနိုင်ရပါတီNLD က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတင်သွင်းတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးတို့နှစ်ဦးကို မဲပေးရွေးချယ်ကြရမှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်က ထောက်ခံမဲအများဆုံးနဲ့ ရွေးချယ်ခံလိုက်ရပါတယ်။

လက်ရှိအလုပ်တာဝန်များမှ အနားယူလိုသောကြာင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ သမ္မတဦးထင်ကျော်နှုတ်ထွက်ပြီးနောက် လစ်လပ်သွားတဲ့ သမ္မတရာထူးအတွက် အလုပ်ရက်ခုနှစ်ရက်အတွင်း သမ္မတရာထူးဖြည့်စွက်နိုင်ရေးကြိုးပမ်းနေကြချိန် အခုလိုမြန်မာနိုင်ငံမှာ သမ္မတသစ်အပြောင်းအလဲဖြစ်ပေါ်တဲ့အပေါ် နိုင်ငံရေး၊ ငြိမ်းချမ်းရေး နဲ့နိုင်ငံတကာဆက်ဆံရေးတွေအပေါ် ပြောင်းလဲမှုအလားအလာတွေ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့ အနေအထားတွေကို နိုင်ငံရေးလေ့လာအကဲခတ်တွေရဲ့ အမြင်သုံးသပ်မှုအမျိုးမျိုးရှိနေပါတယ်။

သမ္မတသစ်အဖြစ် လွှတ်တော်နိုင်ငံရေးမှာ အတွေ့အကြုံများတဲ့ ဒုသမ္မတသစ်ဦးဝင်းမြင့်ရွေးချယ်ခံရမယ်ဆိုရင် အစိုးရအပေါ် ထိန်းချုပ်နိုင်မှုအားနဲ့ မြန်မာ့နိုင်ငံရေးအပေါ် သက်ရောက်မှုများစွာရှိနိုင်တယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ်ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

"ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေက အများစုဖြစ်တဲ့အခါကျတော့ ဦးဝင်းမြင့်ပဲ သမ္မတဖြစ်လာဖို့ အလားအလာများတယ်။ အဲ့တော့ မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရအဖွဲ့အနေအထားက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အဓိကဖြစ်နေတဲ့အခါကျတော့ သမ္မတအပြောင်းအလဲကြောင့်မို့လို့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး မူဝါဒလမ်းစဉ်တွေအပေါ်မှာ သိသိသာသာ သက်ရောက်မှု အလားအလာတော့နည်းတယ်လို့ ကျနော်မြင်ပါတယ်။ ဒါပေမဲ့ သမ္မတကြီးဦးထင်ကျော်နဲ့ သိသိသာသာခြားနားတဲ့အချက်ကတော့ ဦးဝင်းမြင့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုမှာ တောက်လျောက်ပါဝင်လာတဲ့ပုဂ္ဂိုလ်တဦးဖြစ်တယ်။ အဲ့တာအပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့အတွေ့အကြုံ ရှိခဲ့တဲ့အခါကျတော့ အထူးသဖြင့်တော့ အစိုးရအဖွဲ့ရဲ့ ဟာကွက်တွေ ယိုပေါက်တွေ အားနည်းချက်တွေကို သူသမ္မတဖြစ်လာတဲ့အချိန်မှာ ထိထိရောက်ရောက် ဖာထေးပြုပြင်ပြီးတော့ အကောင်းဆုံးဖြစ်အောင် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ ပြည်သူလူထုရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အတိုင်းအတာတခုအထိ လျော့ချလာနိုင်မယ်လို့မြင်တယ်။"

သမ္မတဦးထင်ကျော်လက်ထက်တုန်းကနိုင်ငံ့ ငြိမ်းချမ်းရေးကို ဦးစားပေးဖော်ဆောင်မယ်လို့ ပြောဆိုခဲ့တော့- အခုသမ္မတသစ်လက်ထက် ငြိမ်းချမ်းရေး အလားအလာအခြေအနေက ဘယ်လိုရှိလာနိုင်ပါသလဲ- UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ပြောခွင့်ရလည်းဖြစ် ရခိုင်ပြည်အမျိုးသားကောင်စီ ANC ရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်က အခုလိုရှု့မြင်ပါတယ်။

"ဒီနေ့တော့ ဦးဝင်းမြင့်က ဒုသမ္မတသစ်အဖြစ် အရွေးချယ်ခံခဲ့ရတယ်ပေါ့နော်။ သူက သမ္မတရာထူးကို ဆက်ဆံမယ့် သေချာတဲ့သဘောပေါ့နော်။ ဦးဝင်းမြင့်သာ သမ္မတဖြစ်လာမယ်ဆိုရင် အဓိက ကျနော်တို့မြင်တာက ၂၀၀၈ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးပဲ ဖြစ်ပါတယ်။ ကျနော်တို့ ငြိမ်းချမ်းရေးရဖို့ဆိုရင်တော့ တိုင်းပြည်ရဲ့ အခြေခံပြဿနာဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ အဖြေရှာဖို့လိုပါတယ်။ ဒီနိုင်ငံရေးပြဿနာကလည်း တိုင်းပြည်ရဲ့ အခြေခံဥပဒေအပေါ်မှာ မူတည်ပါတယ်။ နှစ်ပေါင်း ၇၀ကျော်ကြာ ပြည်တွင်းစစ်ရဲ့ပြဿနာကို ပြောမယ်ဆိုရင်ဖွဲ့စ့ည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းလို့ ပြောနိုင်ပါတယ်။ ဆိုတော့ အဓိက ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲနိုင်မှကျနော်တို့ ငြိမ်းချမ်းရေးဖြစ်လာမှာဖြစ်ပါတယ်။ ဆိုတော့ အဓိက ဒီတိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအနေနဲ့ တည်ဆောက်နိုင်ဖို့အတွက် ဖက်ဒရယ်ဖွဲ့စည်းပုံနဲ့ ပြည်နယ်ဖွဲ့စည်းပုံတွေ မြန်မြန်ဆန်ဆန် ပေါ်ပေါက်နိုင်မှပဲ ငြိမ်းချမ်းရေးကလည်းပဲ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဆီကို ဆက်သွားနိုင်မယ်လို့ ကျနော်မြင်ပါတယ်။"

အခုလိုမြန်မာနိုင်ငံရဲ့ သမ္မတသစ် အပြောင်းအလဲက တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့နိုင်ငံတကာဆက်ဆံရေးအပေါ် သက်ရောက်မှုတွေရှိနိုင်ပါသလား ဆိုတာကိုတော့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူဒေါက်တာလှကျော်ဇောက အခုလိုသုံးသပ်ပါတယ်။

"တရုတ်နဲ့မြန်မာ ဆက်ဆံရေးက တောက်လျောက်ကောင်းနေတာပဲ။ ဒေါ်အောင်ဆန်းစုကြည်တို့ခေတ်မှာ NLD ခေတ်မှာလည်းပဲ ကောင်းနေတာပဲ။ ဦးဝင်းမြင့် လည်း လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ တရုတ်ကို လာလည်ဖူးတယ်။ အဲ့တုန်းကလည်း လွှတ်တော်အချင်းချင်း ဆက်ဆံရေးတွေ ဘာတွေနဲ့ လိုက်ပြထားတာတွေလည်းရှိတော့ အစကတည်းက ဆက်ဆံရေးက ပြေပြစ်ထားပုံရတယ်။ နောက်တရုတ်ပြည်ရဲ့ နောက်ဆုံးမူဝါဒကိုက အားလုံးမျှဝေထားတဲ့ အနာဂတ်လူ့အဖွဲ့အစည်းကိုတည်ဆောက်ရေးဆိုတဲ့ မူဝါဒအောက်မှာ သွားတဲ့အတွက် မြန်မာပြည်အပေါ် သိပ်ထူးထူးခြားခြားပြောင်းလဲမှုရှိမယ်မထင်ဘူး။ပိုပြိးတော့ ဆက်ဆံရေးတွေ ပိုကောင်းလာစရာ၊ ပိုဖြောင့်ဖြူးစရာကောင်းတယ်လို့ ကျမမြင်ပါတယ်။"

ရှေ့သီတင်းပတ်ထဲ ပြည်ထောင်စုလွှတ်တော်မှာ လက်ရှိဒုသမ္မတနှစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူနဲ့ ဒီနေ့ ရွေးချယ်လိုက်တဲ့ဒုသမ္မတသစ် ဦးဝင်းမြင့်- ဒီဒုသမ္မတသုံးဦးအနက်တဦးကို လွှတ်တော်ကိုယ်စားလှယ်တွေက မဲပေး ရွေးချယ်တော့မှာဖြစ်ပြီး-အနိုင်ရပါတီ NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်အများစုရှိတဲ့ ပြည်ထောင်စုလွှတ်တော်မှာတော့ သမ္မတသစ်အဖြစ် ဒုသမ္မတသစ် ဦးဝင်းမြင့် ရွေးချယ်ခံရနိုင်ခြေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG