ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ပို့ရေးအတွက် လုပ်စရာရှိတာတွေကို အကောင်အထည်ဖော် လုပ်ဆောင်နေပါတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက ပြောပါ တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးကလည်း ရိုဟင်ဂျာတွေရဲ့ ကျေးရွာတွေကို ပြန်တည်ဆောက်ပေးဖို့ကိစ္စ အလေးထား ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ဒေါက်တာဝင်းမြတ်အေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးတို့ ကြာသပတေးနေ့က လုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလို ပြောသွားကြတာပါ။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ ပြောပြပါမယ်။
ရိုဟင်ဂျာ မွတ်ဆလင်တွေကို ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံပြန်ပို့ရေး လုပ်ငန်းစဉ်ကို မြန်မာအစိုးရဘက်က ဖြစ်နိုင်သမျှ အမြန်ဆုံး စလုပ်တော့မှာဖြစ်ပါတယ်လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
ဝန်ကြီးဒေါက်တာဝင်းမြတ်အေးဟာ ဗုဒ္ဓဟူးနေ့တုန်းက Cox’s Bazar မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး ဒုက္ခသည် တွေနဲ့တွေ့ဆုံပါတယ်။ အဲဒီနောက် ကြာသပတေးနေ့က ဒါကားမြို့တော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali နဲ့ တွေ့ဆုံပြီးတဲ့နောက် ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလိုပြောသွားတာပါ။
“အခက်အခဲ အများအပြားကို ကျနော်တို့ ကျော်လွှားနိုင်ပါတယ်။ ဒုက္ခသည်တွေ ပြန်ပို့ရေးလုပ်ငန်းစဉ်ကို စတင်ဖို့ လုပ်နေပါပြီ။ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်ကို အမြန်ဆုံး စတင်နိုင်မယ်ဆိုတာ ကျနော် အသေအချာ ပြောနိုင်ပါတယ်။”
ဘင်္ဂလားဒေ့ရှ်ဝန်ကြီး Mahmood Ali ကလည်း မြန်မာနိုင်ငံဘက်ကို သူပြောခဲ့တာနဲ့ မြန်မာဘက်က သူ့ကို ပြောတာကို သတင်း ထောက်တွေကို ပြန်ပြောပြပါတယ်။
“ကျေးရွာတွေကို ပြန်တည်ဆောက်ပေးဖို့ လိုတယ်ဆိုတာ ကျနော် အထူးအလေးထားပြောခဲ့ပါတယ်။ လုပ်ငန်း တွေကို နိုင်ငံအတော်များများနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ လုပ်နေပါပြီလို့ မြန်မာဝန်ကြီးက ကျနော်တို့ကို အာမခံပြောဆိုပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP တို့နဲ့ မြန်မာနိုင်ငံအကြား စေ့စပ်ညှိနှိုင်းတာတွေ ပြီးသွားပြီလို့ ကျနော့်ကိုပြောပါတယ်။ မြန်မာနိုင်ငံနဲ့ ဒီ ကုလသမဂ္ဂ အဖွဲ့ နှစ်ဖွဲ့အကြား သိပ်မကြာခင် နေပြည်တော်မှာ သဘောတူညီချက် ရယူကြမှာဖြစ်ပါတယ်။”
ဒုက္ခသည်တွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်ရောက်ပြီးတဲ့အခါ နိုင်ငံသားအဖြစ် တရားဝင် အသိအမှတ်ပြုခံရဖို့အတွက် NVC ကဒ်ကို အရင်ယူဖို့လိုတယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
“နိုင်ငံသားစိစစ်ရေး NVC ကဒ်တွေ ရပြီဆိုတာနဲ့ သူတို့အနေနဲ့ နိုင်ငံသားဖြစ်ဖို့ စ လျှောက်နိုင်ပါပြီ။ NVC လုပ်ငန်းစဉ်ကနေ သူတို့လုပ်ဖို့လိုပါတယ်။ အဲဒီနောက် ဥပဒေနဲ့အညီ အချိန်တိုအတွင်း နိုင်ငံသားဖြစ်မှာပါ။ အရင်တုန်းက NVC လုပ်ငန်းစဉ်က သိပ်ကိုနှေးပါတယ်။ အခုတော့ ကျနော်တို့ ပိုမြန်အောင် လုပ်နေပါပြီ။ ဒါကြောင့် ဥပဒေနဲ့အညီ သူတို့ နိုင်ငံသား ဖြစ်ခွင့်ရကြမှာပါ။”
ဒုက္ခသည်တွေကို ပြန်ပို့ရေးအတွက် နှစ်နိုင်ငံအကြား ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက သဘောတူညီချက်တရပ်ကို လက်မှတ်ထိုး ထားပြီးသားပါ။ ဒါပေမဲ့လည်း အကူအညီပေးအဖွဲ့တွေနဲ့ ရိုဟင်ဂျာတွေကိုယ်တိုင်က သူတို့ကို အတင်းအကျပ် ပြန်ပို့ပြီး ဘေးကင်း လုံခြုံမှုမရှိတဲ့ အခြေအနေကို ရင်ဆိုင်ရမှာ စိုးရိမ်တာကြောင့် ကန့်ကွက်ကြတဲ့အတွက် လုပ်ငန်းစဉ် နှောင့်နှေးနေခဲ့တာပါ။
ဒါ့အပြင် နေထိုင် လုပ်ကိုင် စားသောက်ရေးပိုင်း အခက်တွေ့မယ့် စိုးရိမ်ချက်တွေ လည်းရှိနေပြီး ဒါနဲ့ပတ်သက်လို့ မြန်မာဘက်က ပြောတာကို ဝန်ကြီး Mahmood Ali က အခုလိုပြန်ပြောပါတယ်။
“လုပ်ဆောင်ရမယ့် စိတ်ကူးသစ်အတော်များများ ရှိထားပြီး အကောင်အထည်ဖော်နေ တယ်လို့ မြန်မာနိုင်ငံ ဘက်က ကျနော်တို့ကိုပြောပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေအနေနဲ့ ပြန်သွားပြီးတဲ့နောက် အသက်မွေးဝမ်းကျောင်းအလုပ်တွေ လုပ်နိုင်ရုံသာမကပါဘူး၊ ဒီကိုမလာခင်တုန်းက ရှိထားတဲ့ သူတို့ရဲ့ လူနေမှုအဆင့်အတိုင်း နေထိုင် လုပ်ကိုင်နိုင်ပါမယ်လို့ ပြောပါတယ်။”
ပြန်ပို့ရေးလုပ်ငန်းစဉ်ကို စတင်ဖို့အတွက် ဒုက္ခသည်အရေအတွက် ၈,၀၀၀ ကျော်ရဲ့စာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာနိုင်ငံ ကို ပေးထားပြီးပါပြီ။ ဒါပေမဲ့လည်း အဲဒီလူတွေကို အတည်ပြုတဲ့လုပ်ငန်းစဉ်က ရှုပ်ထွေးတဲ့အတွက် နောက်ထပ် နှောင့်နှေး ကြန့်ကြာနေတာပါ။
ဒါ့အပြင် ဒုက္ခသည်တွေထဲမှာ သူတို့ကို ရိုဟင်ဂျာမျိုးနွယ်အဖြစ် အသိအမှတ်ပြုမှသာ ပြန်မယ်လို့ ပြောဆိုနေသူတွေလည်းရှိပါ တယ်။ ဒေါက်တာဝင်းမြတ်အေးတို့အဖွဲ့ ဒုက္ခသည်စခန်းကိုသွားတဲ့အချိန် ဆန္ဒပြတာတွေနဲ့လည်း ကြုံခဲ့ရပါတယ်ခင်ဗျား။