သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်နဲ့ UNHCR နားလည်မှု စာချွန်လွှာ လက်မှတ်ထိုး


ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်များ
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်များ

ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး နားလည်မှုစာချွန်လွှာ တရပ်ကို ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) တို့ကြား ဒီကနေ့ပဲ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိနဲ့ ဘေးအန္တရာယ်ကင်းကင်း နေရပ်ရင်းပြန်နိုင်ရေး နိုင်ငံတကာစံတွေနဲ့အညီ အကောင်အထည်ဖော်နိုင်မယ့် အခြေခံလုပ်ငန်းစဉ်တွေ ပါဝင်တဲ့ သဘောတူညီချက်ကိုတော့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Shahidul Haque တို့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဒီကနေ့ လက်မှတ်ရေးထိုးလိုက်ကြတာပါ။

ဒုက္ခသည်တွေ ကိုယ့်သဘောဆန္ဒအရ နေရပ်ပြန်နိုင်ရေး၊ ကြားစခန်းတွေထားရှိရေးနဲ့ သယ်ယူပို့ဆောင်ရေး အစီအစဉ်တွေကို ကုလသမဂ္ဂက ဦးဆောင်တာဝန်ယူမှာ ဖြစ်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ဒုက္ခသည်တွေ လူမှုဖူလုံရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မရှင်နာမင်းကြီး Abul Kalam ကို ကိုးကားပြီး သတင်းတွေက ဖော်ပြပါတယ်။ ဒုက္ခသည်တွေ မြန်မာအစိုးရ တာဝန်ရှိသူတွေထံ လွဲှပြောင်းပေးရာမှာ လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ အထောက်အပံ့တွေကိုလည်း UNHCR က တာဝန်ယူမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီသီတင်းပတ်ထဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၂ ရက်ကြာ သွားရောက်ခဲ့တဲ့ မြန်မာအစိုးရရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကတော့ ရခိုင်ပြည်နယ်က အကျပ်အတည်းတွေကို ဖြေရှင်းရာမှာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အစီအစဉ်တွေ အမြန်ဆုံး စတင်နိုင်ရေး အရေးကြီးကြောင်း ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း ကုလသမဂ္ဂ တာဝန်ရှိသူ တချို့ကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာနိုင်ငံဘက်မှာ အဆင်သင့်မဖြစ်သေးဘူးလို့လည်း ပြောဆိုထားပါတယ်။ အထူးသဖြင့်၊ ပြီးခဲ့တဲ့နှစ်ထဲ ARSA အစွန်းရောက်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက တန်ပြန်စစ်ဆင်ရာ ရိုဟင်ဂျာမူဆလင်တွေ သိန်းနဲ့ချီပြီး ထွက်ပြေးခဲ့ရတယ်လို့ဆိုတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အခြေအနေတွေဟာ တိုးတက်မှု မရှိသေးဘူးဆိုပြီး ပြောဆိုနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG