သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတကတော်ဟောင်း Barbara Pierce Bush (၉၂ နှစ်) ကွယ်လွန်


အမေရိကန် သမ္မတ ကတော်ဟောင်း Barbara Pierce Bush (၉၂ နှစ်) ကွယ်လွန်။
အမေရိကန် သမ္မတ ကတော်ဟောင်း Barbara Pierce Bush (၉၂ နှစ်) ကွယ်လွန်။

အမေရိကန် သမ္မတကတော်ဟောင်းလည်းဖြစ် မိသားစုဆိုင်ရာပညာရေးကို တစိုက်မတ်မတ် ထောက်ခံအားပေးလာသူဖြစ်တဲ့ Barbara Pierce Bush ဟာ ၂၀၁၈ ဧပြီလ ၁၇ ရက် အင်္ဂါနေ့ အသက် ၉၂ နှစ်အရွယ်မှာ Texas ပြည်နယ် Houston မြို့ကနေအိမ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

အသက် ၉၃ နှစ်အရွယ် သမ္မတဟောင်း George H.W. Bush ရဲ့ ဇနီးဖြစ်သူ ကွယ်လွန်သူ Barbara Bush မှာ သားသမီး ၅ ဦး၊ မြေး ၁၇ ဦးနဲ့ မြစ် ၇ ဦးတို့ ကျန်ရစ်ကြောင်း သမ္မတဟောင်း George H.W. Bush ရုံးက အင်္ဂါနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဇန်နဝါရီ ခြောက်ရက်နေ့မှာ သူတို့အိမ်ထောင်သက် ၇၃နှစ် ပြည့်ခဲ့တာပါ။

Barbara Bush ရဲ့ ကျန်းမာရေး အခြေနေဟာ ဆိုးဝါးလာပေမယ့် နောက်ထပ်ဆေးကုသမှု မခံယူဖို့ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် အခုလို မကြာခင်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ Chronic obstructive pulmonary disease (COPD) ခေါ် အဆုတ်ရောဂါတမျိုး နဲ့ နှလုံးအားနဲ ရောဂါတွေကြောင့် မကြာခဏ ဆေးရုံတက်ခဲ့ရပြီးတဲ့နောက် မိသားစုဝန်းရံပြီး သက်သက်သာသာပဲ နေလိုတော့တဲ့အကြောင်း တနင်္ဂနွေနေ့ စောစောပိုင်းက မစ္စတာ Bush ရဲ့ ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပြီး နောက် အခုလို ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

Barbara Bush ဟာ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိတာဝန်ယူခဲ့ရတဲ့ အမေရိကန်ရဲ့ ၄၁ ဆက်မြောက်သမ္မတကတော် ဖြစ်ခဲ့သလို ၄၃ ဆက်မြောက် သမ္မတ George W. Bush ရဲ့ မိခင်လည်း ဖြစ်ပြီး အမေရိကန်နိုင်ငံ သမိုင်းမှာ ခင်ပွန်းသမ္မတနဲ့ သားသမ္မတဖြစ်ခဲ့သူ သမ္မတကတော် ၂ ဦးအနက် တဦးဖြစ်ပါတယ်။ သူဟာ ၂၀၁၆ ခုနှစ်က အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူ ဖလော်ရီဒါ ပြည်နယ် အုပ်ချုပ်ရေးမှုး Jeff Bush ရဲ့ မိခင်လည်း ဖြစ်ပါတယ်။

မစ္စ Bush ဟာ သမ္မတကတော်ဘဝက ကမ္ဘာတဝှမ်း စာမတတ်သူ ပပျောက်ရေးလှုပ်ရှားမှုမှာ ကြိုးပမ်းခဲ့ပြီး အိမ်ဖြူတော်က ခင်ပွန်းသည် ထွက်ခွါအပြီးမှာလည်း ဒီအရေးကို ဆက်လက်လှုပ်ရှား ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်က သူဟာ မိသားစု စာပေတတ်မြောက်ရေးကို ရှေ့ရှု ဆောင်ရွက်တဲ့ လှုပ်ရှားမှုဖြစ်တဲ့ သားသမီးတွေကို မိဘတွေကစာဖတ်ပြဖို့ ထောက်ခံအားပေးတဲ့ Barbara Bush ဖေါင်ဒေးရှင်းကို မတည်ခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ နယူးရောက်မြို့မှာ ၁၉၂၅ ခုနှစ် ဇွန်လ ၈ ရက်နေ့က မွေးဖွားခဲ့သူပါ။ ဈာပန အခန်းအနားနဲ့ ပတ်သက်ပြီး မိသားစုက အမြန်ဆုံး ထုတ်ပြန်ကြေညာသွားမယ်လို့လည်း George W. Bush ရုံး ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG