သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Reuters သတင်းထောက်တွေ ပြန်လွှတ်ဖို့ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကန်သံအမတ် တိုက်တွန်း


နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ အဖမ်းဆီးခံထားရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦး ဒီကနေ့ ရုံးထုတ်လာစဉ် ( ဧပြီ ၂၀-၂၀၁၈)
နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ အဖမ်းဆီးခံထားရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦး ဒီကနေ့ ရုံးထုတ်လာစဉ် ( ဧပြီ ၂၀-၂၀၁၈)

နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ ရင်ဆိုင်နေရတဲ့ Reuters သတင်းဌာနက မြန်မာသတင်းသမား ၂ ဦးကို ဆက်လက် ရုံးတင် စစ်ဆေးနေချိန်မှာပဲ၊ သူတို့ ၂ ဦး ပြန်လည်လွတ်မြောက်ရေး နိုင်ငံတကာက တိုက်တွန်းတောင်းဆိုမှုတွေ ဆက်လက်ထွက်ပေါ်နေ ပါတယ်။ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Sam Brownback ကလည်း သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Sam Brownback က ရခိုင်ပြည်နယ်အရေး သတင်းစုံစမ်းဖေါ်ထုတ်ခဲ့တဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆို လိုက်ပါတယ်။

“သတင်းထောက် အသိုင်းအဝိုင်းကို ကျနော် ကျေးဇူးတင်ပါတယ်။ ကြီးမားတဲ့လုပ်ဆောင်ချက်တွေအတွက်.. အထူးသဖြင့် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး အစောပိုင်းမှာ သတင်းအချက်အလက်တွေ ရယူခဲ့လို့ အဖမ်းဆီးခံနေရတဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေးသင့်ပါပြီ။ သတင်းလွတ်လပ်ခွင့်ကို လေးစားတဲ့အနေနဲ့ သတင်းထောက်တွေကို မြန်မာနိုင်ငံထဲမှာရော ဒေသတွင်းမှာပါ လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားခွင့် ပေးသင့်ပါတယ်။ ဒီလိုမျိုးကိစ္စတွေကို ဖေါ်ထုတ်ဖို့အတွက် သတင်းလွတ်လပ်ခွင့် ရှိဖို့လိုပါတယ်။”

နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ အဖမ်းဆီးခံထားရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးရဲ့ အမှုကို ဧပြီ(၂၀)ရက် ဒီကနေ့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ (၁၄)ကြိမ် မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး၊ အမှုအခြေအနေနဲ့ ပတ်သက်လို့ အားရမိကြောင်းနဲ့ သတင်းဖေါ်ထုတ် တင်ပြမှုတွေအတွက် မကြာသေးခင်က ပူလစ်ဇာဆုရခဲ့တဲ့ Reuters သတင်းထောက်တွေအတွက် ဂုဏ်ယူမိကြောင်း ရုံးထုတ်လာစဉ်မှာ ကိုဝလုံးက ပြောသွားပါတယ်။

" ကျနော်တို့ အင်မတန်မှာ အားရပါတယ်။ အဓိက ကတော့ အမှုနဲ့ပတ်သက်လို့တော့ ပြီးမှပဲ ကျနော်ပြောမှာဖြစ်ပါတယ်။ ကျနော်တို့ သတင်းသမားတွေဟာ ကမ္ဘာမှာ အင်မတန်မှ ဂုဏ်ယူစရာကောင်းတဲ့လုပ်ရပ်ကို လုပ်ပြနိုင်ခဲ့တယ် အထူးသဖြင့် ကျနော်တို့ မြန်မာသတင်းသမားတွေ ကလည်း ကမ္ဘာ့အလည်မှာ မညံ့ဘူးဆိုတာကို ကျနော်ပြောချင်ပါတယ် ကိုစိုးဇေယျတို့ အခုလိုရသွားတာကို အင်မတန်မှ ဝမ်းသာပြီးတော့ ထောင်ထဲမှာ နေရပေမဲ့လို့ ကျနော် အားတက်ပါတယ်။"

မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်တွေ ရှိခဲ့တာကြောင့် ဒီတပတ်ရုံးချိန်းမှာ သူ့ခင်ပွန်း ပြန်လွတ်လာမယ်လို့ မျှော်လင့်ထားပေမဲ့ အခုတော့ စိတ်ပျက်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်နေရကြောင်း အဖမ်းဆီးခံ Reuters သတင်းထောက် ကိုကျော်စိုးဦးရဲ့ဇနီး မချစ်စုဝင်းကပြော ပါတယ်။

" ပြီးခဲ့တဲ့ တပတ်ရုံးချိန်းကိုတော့ အသားကုန် ရည်မှန်းချက်တွေထားတာပေါ့နော် ဆုတောင်းတာပေါ့။ ဒီတပတ်ကတော့-သိပ်ပြီးတော့ ရည်မှန်းချက်တွေက အကုန်ပျက်စီးကုန်တော့ စိတ်က သိပ်ပြီးတော့ မပါတော့ဘူး။ "

Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စု ဗြိတိန်အပါအဝင် ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂတို့ကပါ တောင်းဆိုခဲ့ကြသလို၊ AI, HRW စတဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ RSF, CPJ စတဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် အဖွဲ့တွေကပါ တောင်းဆိုထားကြပါတယ်။

Reuters သတင်းဌာနကတော့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ၂၀၁၈ မတ်လဆန်းတုန်းက နယူးယောက်မှာကျင်းပတဲ့ အခမ်းအနားတခုမှာ Baron ဆု ချီးမြှင့်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG