သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြာမယ် နှုတ်ပိတ်ခပေးတဲ့ ကိစ္စ Donald Trump ဝန်ခံ


အမေရိကန်သမ္မတနဲ့ လိင်ဖျော်ဖြေရေးသရုပ်ဆောင် Stormy Daniels
အမေရိကန်သမ္မတနဲ့ လိင်ဖျော်ဖြေရေးသရုပ်ဆောင် Stormy Daniels

၂၀၁၆ သမ္မတ ရွေးကောက်ပွဲမတိုင်ခင်လေးက သူနဲ့လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်တုန်းက ရှုပ်ခဲ့ဖူးတယ်လို့ပြောနေတဲ့ လိင်ဖျော်ဖြေရေးသရုပ်ဆောင် Stormy Daniels ကို နှုတ်ပိတ်ခ ၁ သိန်း ၃ သောင်းပေးခဲ့တယ်ဆိုတာကို သမ္မတ Donald Trump ကကြာသပတေးနေ့က ဝန်ခံလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီငွေတွေက ရွေးကောက်ပွဲ ရန်ပုံငွေထဲမဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

Nevada ပြည်နယ်ထဲက ဟိုတယ်တခုမှာ ၂၀၀၆ ခုနှစ်တုန်းက Trump နဲ့ တညအိပ်ခဲ့ဖူးတယ်လို့ ပြောနေတာကို နှုတ်ပိတ်ဖို့ သူ့ရဲ့ပုဂ္ဂိုလ်ရေး ရှေ့နေ Michael Cohen ကပေးခဲ့တာဖြစ်ပြီး အဲဒီငွေတန်ဖိုးပြည့်တဲ့အထိ သူ့ရှေ့နေကို လစဉ်ပြန်ပေးခဲ့တယ်လို့ သမ္မတ Trump ကပြောပါတယ်။

Trump ရဲ့ဇနီးသည် Melania Trump အဲဒီအချိန်က သူတို့သားကို မွေးပြီး လပိုင်းအကြာမှာ Stormy Daniels နဲ့ဖြစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုတော့ Trump က မဟုတ်ဘူးလို့ ငြင်းဆန်နေဆဲဖြစ်ပါတယ်။ ရှေ့နေ Cohen ကို ပြန်ပေးခဲ့တဲ့ငွေတွေဟာ ရွေးကောက်ပွဲရန်ပုံငွေထဲက မဟုတ်သလို မဲဆွယ်စည်းရုံးမှုနဲ့လည်း ဘာမှ မသက်ဆိုင်ဘူးလို့ သမ္မတက Twitter လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ခုလို သမ္မတက ၂၀၁၆ ရွေးကောက်ပွဲ မတိုင်ခင်လေးမှာ Stormy Daniels ကို နှုတ်ပိတ်ခပေးခဲ့တဲ့ သူ့ရှေ့နေကို သမ္မတက အဲဒီငွေတွေ ပြန်ပေးခဲ့တယ်ဆိုတာကို ဗုဒ္ဓဟူးနေ့ညကမှ အမေရိကန်ပြည်သူတွေနည်းတူ သူသိခဲ့ရတာဖြစ်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူက ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးရုံးအနေနဲ့ သမ္မတရဲ့ ပြင်ပက ပုဂ္ဂိုလ်ရေးဆိုင်ရာ ဥပဒေရေးရာအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ Donald Trump ရဲ့ ရှေ့နေတယောက်ဖြစ်တဲ့ Rudy Giuliani က Fox သတင်းဌာနနဲ့ ဗုဒ္ဓဟူးနေ့က မေးမြန်းခန်းအတွင်း Stormy Daniels ကိုငွေပေးနှုတ်ပိတ်ခဲ့တဲ့ ရှေ့နေ Michael Cohen ကို Trump ကငွေပြန်ပေးတယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး ဒါကို သမ္မတ Trump ကကြာသပတေးနေ့မှာ Twitter ပေါ်ကနေ ဝန်ခံရေးသားခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG