သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နဲ့ အစ္စရေးလ် စိုးရိမ်ဖွယ် ထိပ်တိုက်တိုး


Golan ကုန်းမြင့်ဒေသမှာရှိတဲ့ အစ္စရေး စစ်စခန်းတွေ။
Golan ကုန်းမြင့်ဒေသမှာရှိတဲ့ အစ္စရေး စစ်စခန်းတွေ။

Golan ကုန်းမြင့်ဒေသမှာရှိတဲ့ အစ္စရေး စစ်စခန်းတွေအပေါ် အီရန်က ဒုံးလက်နက်နဲ့ တိုက်ခိုက်တဲ့အတွက်လို့ဆိုပြီး ဆီးရီးယားနိုင်ငံထဲမှာရှိတဲ့ အီရန်ရဲ့ စစ်ဖက်စခန်းတွေ အားလုံးနီးပါးကို အစ္စရေးက အပြင်းအထန်တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ အီရန်ရဲ့ လုပ်ရပ်ဟာ လက်ခံနိုင်စရာမရှိဘဲ အရှေ့အလယ်ပိုင်းဒေသတခုလုံးအတွက် အန္တရာယ်များတယ်လို့ အမေရိကန်အစိုးရက တုံ့ပြန်ပါတယ်။ အရှေ့အလယ်ပိုင်းက သုံးသပ်သူတချို့ကတော့ အစ္စရေးဟာ အီရန်နဲ့ စစ်ပွဲမှာ အမေရိကန် ပါဝင်လာအောင် လုပ်နေတယ်လို့ သုံးသပ်နေကြပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

ဆီရီးယားနိုင်ငံထဲမှာအခြေစိုက်ထားတဲ့ အီရန်စစ်စခန်း အားလုံးနီးပါးကို ကြာသပတေးနေ့က တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ အစ္စရေးနိုင်ငံက ပြောကြားခဲ့ပါတယ်။ အီရန်အထူးတပ်ဖွဲ့အသုံးပြုနေတဲ့ လက်နက်စခန်းတွေ။ ထောက်ပို့ရေးစခန်းတွေနဲ့ ထောက်လှမ်းရေးစခန်းတွေကို အစ္စရေးလေတပ်ကနေ ဖျက်ဆီးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အဲဒီစစ်စခန်းအများစုဟာ Damascus မြို့တော်နားမှာရှိပါတယ်။ အစ္စရေး တိုက်လေယာဉ်တွေ ပြန်လည်ပစ်ခတ်ခံခဲ့ရပြီးနောက် ဆီးရီးယားလေကြောင်းရန် ကာကွယ်ရေးစနစ်ကိုလည်း အစ္စရေးတို့က ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။

အစ္စရေးတို့သိမ်းပိုက်ထားတဲ့ Golan ကုန်းမြင့်ဒေသက အစ္စရေး စစ်ကင်းစခန်းတွေအပေါ် အီရန်တပ်တွေဖက်က Rocket ဒုံးကျည် ၂၀ နဲ့ပစ်ခတ်ခဲ့ပြီးနောက်မှာ အစ္စရေးတို့က ခုလို လက်တုံ့ပြန်ခဲ့တာပါ။ အီရန်ဖက်က ဘောင်ကျော်ခဲ့တာကြောင့် အစ္စရေးဖက်က ခုလို အပြင်းအထန်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ပြောကြားခဲ့ပါတယ်။

"အီရန်ဖက်က ဘောင်ကျော်ခဲ့တာကြောင့် ကျွန်တော်တို့ဖက်က သင့်တော်တဲ့တုံ့ပြန်မှုကို ဆောင်ရွက်ခဲ့တာပါ။ ဆီရီးယားနိုင်ငံထဲမှာရှိတဲ့ အီရန်ပစ်မှတ်တွေအပေါ် အစ္စရေးစစ်တပ်က အကြီးအကျယ်တိုက်ခိုက်ခဲ့ပါတယ်။"

စစ်ဖြစ်နေတဲ့ ဆီရီးယားနိုင်ငံထဲမှာ အီရန်က ဝင်နေရာယူနေတာကို ရပ်အောင် နိုင်ငံတကာအသိုင်းအဝိုင်းကဆောင်ရွက်ဖို့လည်း အစ္စရေးဝန်ကြီးချုပ်က တောင်းဆိုခဲ့ပါတယ်။ အစ္စရေးနေရာတွေနားမှာ အီရန်တပ်တွေ အခြေစိုက်တာကိုလည်း လုံးဝလက်ခံမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ Golan ကုန်းမြင့်ဒေသအပေါ် အီရန်ဖက်က ဒုံးလက်နက်နဲ့ တိုက်ခိုက်တဲ့အပေါ် အိမ်ဖြူတော်က အပြစ်တင်ခဲ့ပါတယ်။

အီရန်ရဲ့ လုပ်ရပ်အပေါ် လက်ခံနိုင်စရာအကြောင်း မရှိသလို အရှေ့အလယ်ပိုင်း ဒေသတခုလုံးအတွက် အင်မတန်အန္တရာယ်များတဲ့ ဖြစ်ပေါ်တိုးတက်မှုဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ နောက်ထပ် ရန်စတဲ့ လုပ်ရပ်မျိုးတွေ မလုပ်ဖို့လည်း အမေရိကန်က သတိပေးခဲ့ပါတယ်။

အခုဖြစ်နေတဲ့ ပဋိပက္ခဟာ တဖက်နဲ့တဖက်ရန်ဆောင်နေကြတဲ့ အစ္စရေးနဲ့ အီရန်ရန်သူ ၂ နိုင်ငံကြားမှာ စစ်ရေးအရ စိုးရိမ်စရာအကောင်းဆုံး ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံထဲမှာ အီရန်စစ်စခန်းတွေ အခြေချနေတာကို အဆုံးသပ်သွားအောင် အစ္စရေးက အစွမ်းကုန်ကြိုးစားလိမ့်မယ်လို့ အရှေ့အလယ်ပိုင်း အရေးလေ့လာနေသူတွေက သုံးသပ်နေကြပါတယ်။ အီဂျစ်နိုင်ငံ Cairo တက္ကသိုလ်က နိုင်ငံရေးသိပ္ပွံပါမောက္ခ Hassan Nafaa ကတော့ အီရန်နဲ့စစ်ပွဲမှာ အမေရိကန်ပါလာအောင် အစ္စရေးကလုပ်နေတယ်လို့ မြင်ပါတယ်။

"အခြေအနေက သိပ်ကို အန္တရာယ်များတယ်လို့ ကျွန်တော်ထင်ပါတယ်။ အီရန်အစိုးရကို အပြီးတိုင်ဖြုတ်ချနိုင်ဖို့ အီရန်နဲ့စစ်ပွဲမှာ အမေရိကန်ပါလာအောင် အစ္စရေးက စွဲခေါ်နေတယ်လို့ထင်ပါတယ်။ ဒါပေမဲ့ အီရန်ဖက်မှာလည်း အစွမ်းထက်တဲ့ ဝှက်ဖဲတွေရှိတာမို့ လွယ်လွယ်တော့ ရမယ်မထင်ပါဘူး။ အီရတ်မှာ Saddam Hussein အစိုးရကို ဖြုတ်ချခဲ့သလောက်တော့ လွယ်မှာ မဟုတ်ပါဘူး။"

အခုပဋိပက္ခဟာ အစပဲရှိသေးပြီး အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုအပေါ် အီရန်နဲ့ Hezbollah အဖွဲ့ဖက်က လာမယ့်ရက်တွေအတွင်း ဘယ်လိုတုံ့ပြန်မလဲဆိုတာကို လည်းစောင့်ကြည့်ဖို့လိုတယ်လို့ ပါမောက္ခ Hassan ကပြောပါတယ်။ အီရန်ဟာ မကြာခင်နှစ်တွေကစလို့ ဒေသတွင်းမှာ သြဇာလွှမ်းမိုးနိုင်အောင် လုပ်ခဲ့ပါတယ်။ အီရန်ရဲ့ အဓိက Shia မဟာမိတ်ဖြစ်တဲ့ လက်ဘနွန်နိုင်ငံက စစ်သွေးကြွ Hezbollah အဖွဲ့ဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ရွေးကောက်ပွဲမှာ သိသိသာသာ အနိုင်ရရှိခဲ့ပါတယ်။

အီရတ်မှာဆိုရင်လည်း အီရန်နဲ့ ဆက်ဆံရေးခိုင်မာတဲ့ သြဇာညောင်းတဲ့ နိုင်ငံရေးညွှန့်ပေါင်းအဖွဲ့ ၂ ခုက လာမယ့် တနင်္ဂနွေ လွှတ်တော်ရွေးကောက်ပွဲမှာ အမတ်နေရာ အများစုရမယ်လို့ ခန့်မှန်းထားပါတယ်။ အီရတ်။ ဆီးရီးယားအပြင် လက်ဘနွန်နိုင်ငံတွေက ရှီရာမွတ်ဆလင်လက်နက်ကိုင် သောင်းနဲ့ချီကို အီရန်က ထောက်ပံ့ကူညီမှုတွေ လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ဆီရီးယားနိုင်ငံထဲက အီရန် စစ်စခန်းတွေအပေါ် အစ္စရေးတို့ဆက်တိုက် လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ အီရန် ၇ ယောက်ထက်မနည်း သေဆုံးခဲ့ပြီးနောက် လက်တုံ့ပြန်မယ်လို့ အီရန်တို့က ခြိမ်းခြောက်ခဲ့ထဲက အစ္စရေးဖက်က သတိအနေအထားနဲ့ ရှိနေတာပါ။

အီရန် Nuclear သဘောတူညီချက်ထဲကနေ အမေရိကန်နှုတ်ထွက်ဖို့ သမ္မတ Donald Trump ဆုံးဖြတ်လိုက်ပြီးနောက်မှာ Golan ကုန်းမြင့်ဒေသကအစ္စရေးစစ်စခန်းတွေအပေါ် အီရန်ဖက်က တိုက်ခိုက်မယ်လို့ မျှော်လင့်ထားပြီးဖြစ်တယ်လို့ အစ္စရေးထောက်လှမ်းရေးတွေက ဆိုပါတယ်။ နိုင်ငံစုံသဘောတူညီစာချုပ်ကနေ အမေရိကန်နှုတ်ထွက်ခဲ့တဲ့အပေါ် အစ္စရေးနိုင်ငံက အကြီးအကျယ် ကြိုဆို ထောက်ခံခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG