ဒီကနေ့ ထုတ်ပြန်တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းမှာ အောင်ချက်ရာခိုင်နှုန်း နည်းနည်းကျသွား ပေမဲ့လည်း အရင်ကျက်ဖြေစနစ်လို မဟုတ်ဘဲ ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ ဖြေဆိုနိုင်ကြရေး ပညာရေးစနစ်ကို ပြောင်းလဲထားတဲ့အပြင် ရှေ့လာမယ့် ပညာသင်နှစ်တွေမှာ အောင်ချက်ပိုကောင်းနိုင်ဖို့ ညွှန်ကြားထားတယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနက ဒုညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ဒီ့ထက်ပိုပြီး အမှန်တကယ်ကောင်းမွန်အောင် တာဝန်ရှိသူအားလုံးက ကြိုးစားဖို့လိုတယ်လို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုတွေကို အကဲခတ်တွေက တိုက်တွန်းပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။
ဒီကနေ့ ဇွန်လ ၂ ရက်နေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ တက္ကသိုလ်ဝင် ဆယ်တန်းစာမေးပွဲ အောင်စာရင်း တွေကို မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနက ထုတ်ပြန်လိုက်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ချက်ရာခိုင်နှုန်း ၃၂.၈၂ ရာခိုင်နှုန်းနဲ့ အောင်ကြပါတယ်။ ၂၀၁၈ ခုနှစ် မတ်လက စစ်ဆေးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံရပ်ခြားက ဖြေဆိုသူတွေအပါအဝင် ပြည်နယ်နဲ့တိုင်းအသီးသီးက ဝင်ရောက်ဖြေဆိုသူပေါင်း ၇ သိန်း ၈ သောင်းကျော်မှာ ၂ သိန်း ၅ သောင်းကျော် အောင်မြင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေ တတိုင်း ပြည်လုံးက တိုင်းခရိုင် စာသင်ကျောင်းတွေမှာ အောင်စာရင်းတွေ အသီးသီးထုတ်ပြန်လိုက်ပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ချက်ရာခိုင်နှုန်းက ၃၂. ၈၂ ရာခိုင်နှုန်းဖြစ်ပြီး အရင်နှစ် အောင်ချက် (၃၃.၈၉ ရာခိုင်နှုန်း) ဖြစ်လို့ ရာခိုင်နှုန်းလျော့နည်းပါတယ်။ ဒါပေမဲ့ တက္ကသိုလ်ဝင်စာမေးပွဲတွေကို အရင်ပုံစံကျက်ဖြေ စနစ်ထက်စာရင် ကိုယ့်ကိုယ်ပိုင်အတွေးအခေါ်နဲ့ ဖြေဆိုနိုင်အောင် မေးခွန်းပုံစံပြောင်းလဲထားပြီး ဒီနှစ်အောင်ချက်ရာခိုင်နှုန်းကို အခြေခံပြီး အခုလာမယ့် ပညာသင်နှစ်အတွက် ပိုပြီးအောင်ချက်ကောင်းအောင် ဆောင်ရွက်ကြဖို့ ညွှန်ကြားထားတယ်လို့လည်း အဆင့်မြင့်ပညာဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ခင်မြင့်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
“ညွှန်ကြားပေးထားပါတယ်။ ပြဌာန်းချက်ဘောင်ထဲကနေပြီးတော့ ကိုယ်ပိုင်တွေးခေါ်လို့ရတဲ့၊ ကိုယ်ပိုင်တွေးခေါ်ပြီးဖြေနိုင်အောင်လို့ သူတို့သင်ထားဖို့တော့ ညွှန်ကြားပြီးသားပါ။ ရှေ့နှစ်မှာ မေးခွန်းပုံစံလေးတွေ ပြောင်းထားပါတယ်။ ကိုယ်ပိုင်အတွေးအခေါ်လေးတွေ..မေးခွန်းလေးတွေ ထည့်ထားတာပေါ့ဗျာ။ သိပ်တော့ အခက်ခဲကြီးမဟုတ်ပါဘူး။ မေးခွန်းလေးတွေပြောင်းပြီးတော့ ထည့်ထားပါတယ်။ ၁၀၀ % မေးခွန်းတခုလုံးကြီးကို ကျက်ပြီးဖြေရတဲ့ဟာ မဟုတ်တော့ဘဲနဲ့ - မေးခွန်းအားလုံးကတော့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ဖြေရမှာမဟုတ်ဘူး။ အရင်တုန်းကလို ….မဟုတ်ဘဲနဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါလာအောင် ဆရာဆရာမတွေကို ညွှန်ကြားထားပါတယ်ဗျ။”
မေး။ ။ ဟုတ်ကဲ့ပါ ဆရာ့၊ ဟုတ်ကဲ့ပါ။ ဒီနေ့ တက္ကသိုလ်ဝင်စာမေးပွဲရဲ့ရလဒ်နဲ့ပတ်သက်ပြီးတော့ရော ဆရာ ကျေနပ်အားရမှု ရှိပါသလား။
ဖြေ။ ။ ဒီနေ့ အောင်ချက်နဲ့ပတ်သက်လို့ရှိပါတယ်။ ဒီနှစ်က အရင်နှစ်ထက်တော့ တိုးတက်လာပါတယ်။ အောင်ချက်မြင့်လာအောင် တမင်မလုပ်ဘဲနဲ့ သူတို့ရဲ့ဖြေဆိုနိုင်မှုက တိုးလာတာပါဗျ။ ကျေနပ်ပါတယ်။
အခုလို တက္ကသိုလ်ဝင်စာမေးပွဲတွေကို မေးခွန်းထုတ်တဲ့ပုံစံ ဖြေဆိုနည်းစနစ်တွေ စမ်းသပ် ပြောင်းလဲတဲ့အတွက် စာမေးပွဲရလာဒ်တွေအပေါ် သက်ရောက်မှုဖြစ်ပါတယ်လို့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့်ကျောင်းသားတွေကို အနီးကပ်ကူညီပို့ချပေးခဲ့တဲ့ အိုးဝေပညာဒါန ပညာသင်ကျောင်းရဲ့ တာဝန်ခံလည်းဖြစ် ပညာရေးပြုပြင်ပြောင်းလဲရေးလှုပ်ရှားသူတဦးလည်းဖြစ်တဲ့ ကိုမင်းသွေးသစ်က သုံးသပ်ပါတယ်။
“ပြီးခဲ့တဲ့စာမေးပွဲမှာ မေးခွန်းပုံစံ နည်းနည်းပြောင်းသွားတယ်။ လာမယ့်နှစ်၊ ဒီနှစ်ကစပြီး မေးခွန်းပုံစံ လုံးဝချိန်းသွားပြီးတော့ အမှတ်ပေးစနစ်ပါ ပြောင်းသွာမယ်ဆိုတာ သိရတယ်။ ဒါ ပညာရေးပြုပြင်တာရဲ့ စနစ်သစ်ဖြစ်တဲ့အတွက် ဒီ ပညာရေးပြုပြင်တဲ့ကာလမှာ စပ်ကူးမတ်ကူးကာလမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါပေမယ့် မကြာခန စမ်းနေတယ်ဆိုရင်တော့ ပြဿနာရှိသွားပြီ။ ကျောင်းသားတွေက ကြားထဲက မြေစာပင်ဖြစ်မယ်ပေါ့လေ။ ဒီနှစ်ဆိုလို့ရှိရင် ၃၂ % ပဲအောင်တယ်ဆိုတာက တကယ်တန်းက အောင်နိုင်ဖို့ အရည်အချင်းရှိတဲ့ကျောင်းသားတွေကအစ ကျကုန်ကြတာ တွေ့ရတယ်။ နောက် လာမယ့် တက္ကသိုလ်ဝင်စာမေးပွဲတွေမှာ အောင်ချက် ရာခိုင်နှုန်း ဒီထက်ပိုများပြားအောင်၊ ပြီးတော့ အရည်အချင်းရှိတဲ့သူတိုင်း တက္ကသိုလ်ဝင်ခွင့်၊ တက္ကသိုလ်တက်ခွင့်ရအောင် စာမေးပွဲပုံစံကို အောင်မှတ်နဲ့ ဆုံးဖြတ်တဲ့ပုံစံမဟုတ်ဘဲနဲ့ စနစ်ကိုလည်း တကယ်ကျောင်းသားတွေရဖို့အတွက် ပြုပြင်ပြောင်းလဲပေးဖို့ လိုတယ်လို့ အကြံပေးချင်ပါတယ်။”
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို အဆင့်မြင့်ပညာရေးစနစ်တရပ်ပေါ်ထွန်းလာနိုင်အောင်နဲ့ အရည်အချင်းပြည့်မှီတဲ့ ကျောင်းသူကျောင်းသားတွေဖြစ်လာအောင် ဒီ့ထက်ပိုပြီး စနစ်ကျတဲ့ ပညာရေးစနစ်ေ ဖာ်ဆောင်ပေးဖို့ ကလည်း အရေးတကြီးလိုအပ်နေပြီလို့လည်း ပညာရေးပြုပြင်ပြောင်းလဲရေးတောင်းဆိုတိုက်ပွဲဝင်ခဲ့သူတဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က တိုက်တွန်းပါတယ်။
“ကျနော်တို့ အကြံပြုချင်တာကတော့ နှစ်ချက်ပါ။ တချက်က ်စေတနာတကယ် ထားဖို့လိုတယ်။ နောက်တချက်က အမှန်တကယ် reality ပြောင်းလဲဖို့လိုပါတယ်။ အပေါ်ယံပြုပြင်ပြောင်းလဲမှုကြောင့်မို့လို့ နောက်ပြီးတော့ ပညာရေးကဏ္ဍကို ကောင်းနိုးရာရာ ကျနော်တို့ကြိုးစားတဲ့အခါ လာပြီးတော့ စမ်းသပ်တဲ့အခါမှာ မြေစမ်းခရမ်းပျိုး စမ်းသပ်တဲ့အပေါ်မှာ ကျနော်တို့ တလျှောက်လုံး ကျောင်းသားမျိုးဆက်တွေက အမြဲတမ်း တဆက်ပြီးတဆက်က သားကောင်တွေဖြစ်နေရတယ်။ အစမ်းသပ်ခံ သားကောင်တွေဖြစ်နေတယ်။ အဲဒီတော့ ကိုယ့်နိုင်ငံနဲ့ တကယ်ကိုက်မယ့်စနစ်ကို ပညာရှင်တွေအပါအဝင်၊ ကျောင်းသားတွေအပါအဝင်၊ ဆရာတွေအပါအဝင် အားလုံးစုပြီးတော့၊ research လုပ်ပြီးတော့ အဲဒီက ရလာတဲ့ရလဒ်ကိုမှ ကိုင်တွယ်ပြီးတော့ တကယ် ပြုပြင်ပြောင်းလဲဖို့လိုတယ်။ စာရွက်ပေါ်မှာ ပြုပြင်ပြောင်းလဲတာကို မလိုလားဘူး။ ဒါက ဒုတိယအချက် အကြံပြုချက်။ ပထမအချက် အကြံပြုချက်ကတော့ စေတနာထားဖို့ လိုပါတယ်။ ပညာရေးကဏ္ဍကိုရော၊ ကျောင်းသားအပေါ်ရော၊ နောက်ပြီးတော့ ကျောင်းသားမိဘ ပြည်သူတွေအပေါ်လည်း တကယ်လည်း စေတနာထားဖို့လိုတယ်။ ပညာရေးကဏ္ဍအနေနဲ့ရော၊ နိုင်ငံတော်အစိုးရအနေနဲ့ရော ပညာရေးဥပဒေတွေ ချမှတ်တဲ့နေရာမှာ ကျနော်တို့အကြံပြုချင်တာက စေတနာထားဖို့လိုပါတယ်။ အမှန်တကယ် ပြောင်းလဲဖို့လိုပါတယ်။”
အထက်တန်းပညာရေးအဆင့်ကနေတဆင့် ဘဝတဆစ်ချိုး ပြောင်းလဲမယ့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေ ထုတ်ပြန်တဲ့အခါ အောင်ချက်ရာခိုင်နှုန်း၊ ဂုဏ်ထူးပါဝင်မှု အရေအတွက်၊ ကျရှုံးမှုစတဲ့ ရလာဒ်တွေကို အခုလို စာဖြေကျောင်းသူကျောင်းသားတွေ၊ ကျောင်းသားမိဘတွေနဲ့ တနိုင်ငံလုံးက စိတ်ဝင်တစား ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့ကြတာဖြစ်ပြီး နောင်နှစ်ပညာသင်နှစ်တွေအတွက် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမယ့်သူတွေကလည်း ကြိုတင်ပြင်ဆင်နေကြဖြစ်ပါတယ်။