သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတဝှမ်း ရေကြီးရေလျှံနောက်ဆက်တွဲ အသေအပျောက်ရှိ


မြစ်ရေကြီးနေစဉ်။ (သတင်းဓာတ်ပုံ MOI)
မြစ်ရေကြီးနေစဉ်။ (သတင်းဓာတ်ပုံ MOI)

မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးမှုဖြစ်ပွါးခဲ့တဲ့ မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်း ပဲခူးတိုင်း မကွေး တိုင်းဒေသတွေဘက်မှာ ဒီကနေ့မှာရေတွေလျော့ကျလာတယ်ဆိုပေမဲ့ ရေဘေးရှောင်အများစုဟာ အိမ်မပြန်နိုင်သေး ဘဲ ကယ်ဆယ်ရေးစခမ်းတွေမှာနေထိုင်ရဆဲဖြစ်ပါတယ်။ မွန်ပြည်နယ်အတွင်းရေလျော့ကျလာလို့ မော်လမြိုင်ရန်ကုန် ကားလမ်း ပွင့်လာပြီးရေဘေးရှောင်အများစုအိမ်ပြန်ကြပြီးလို့ ပြည်နယ်အစိုးရကပြောပါတယ်။ တပါတ်နီးပါး ရေကြီးမှု ဖြစ်ပွါးခဲ့တဲ့ဒေသမှာ ရေဘေးနဲ့ မြေပြိုကျမှုောကာင့်သေဆုံးမှုတွေလဲဖြစ်ပွါးခဲ့ပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံတိုင်းနဲ့ပြည်နယ်အတွင်း မိုးသဲထန်စွာရွာသွန်းခဲ့လို့ ရေကြီးနေရာကနေ ဒီကနေ့မှာရေလျော့ကျသွားတဲ့ အနေအထား မှာရှိနေတာပါ။

တနင်္သာရီတိုင်းဒေသကြီးတနင်္သာရီမြို့နယ်အတွင်းမှာတော့ ရေကျသွားပြီးဆိုပေမဲ့ စိုးရိမ်ရေမှတ်အထိရှိနေဆဲ အခြေအနေ ကြောင့် ရေဘေးရှောင်(၂၀၀၀၀)ဝန်းကျင်ရှိနေတယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့် ဆွေက ဗွီအိုအေကိုပြောပါတယ်။

"လက်ရှိအခြေအနေကရေကတော့စိုးရိမ်ရေမှတ်အထက်မှာဘဲရှိနေပါတယ်ခင်ဗျ။ ဒါပေမဲ့အန္တရာယ်ရေအမှတ်(၂၄)ပေ အောက်ကိုတော့ကျသွားပါပြီး။ ခုလောလောဆယ်(၂၁)ပေလောက်နဲ့ရေတန့်နေပါတယ်ခင်ဗျ။ အန္တရာယ်စိုးရိမ် ရေမှတ် ကတော့(၁၇)ပေပါ။ (၁၇)ပေကျော်နေတုန်းပါဘဲခင်ဗျ။ ရေဘေးသင့်တဲ့ပြည်သူပေါင်းကနှစ်သောင်းကျော် လောက်ရှိတယ်။ အဲဒီထဲမှာပြောင်းရွှေ့တဲ့သူက (၆၀၀၀)ကျော်လောက်ရှိပါတယ်။ အဲဒီ(၆၀၀၀)ကျော်ကိုကျွန်တော် တို့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေပါပြီးဗျ။ တပါတ်စာရိက္ခာတွေကိုကျွန်တော်တို့ပိုပြီးသားဖြစ်ပါတယ်။"

တနင်္သာရီမြို့ထဲမှာရေဘေးကယ်ဆယ်ရေးစခမ်းဖွင့်ထားပေမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေသာနေထိုင်ကြပြီး အများ စုကတော့နီးစပ်ရာဆွေးမျိုးသားချင်းအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာနေထိုင်ကြတာများတယ်လို့ သူကဆို ပါတယ်။

တနင်္သာရီမြို့ထဲရေကြီးမှုကြောင့် လူတဦးသေဆုံးခဲ့ပြီး အိမ်ခြေထိခိုက်မှုတော့အတည်မပြုနိုင်သေးဘူးလို့ ဦးရဲမြင့် ဆွေကပြောပါတယ်။

"ထိခိုက်မှုအခြေအနေကတော့ ရေကျရင် အိမ်အောက်မှာ ဒီကျွန်တော်တို့ကျောက်တွေ ဖြူးလို့ရအောင် ကျောက် မှုန့် လာတိုက်တဲ့ လှေတစီးနစ်မြုတ်ပြီးတော့လူတဦးသေသွားတယ်ဗျ။ အိမ်ပြိုကျတာ ကျွန်တော်တို့အခုလောလော ဆယ်မသိရသေးဘူးဗျ။ လောလောဆယ်ရေနစ်နေတုန်းဘဲရှိသေးတယ်။ တချို့တွေကနှစ်ထပ်ရှိရင်တထပ်က မြုတ် တုန်းဘဲရှိသေးတယ်။ ရေကျတော့မှဘဲကျွန်တော်တို့သိပါ့မယ်ခင်ဗျ။"

မနေ့က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုကြောင့် ကော့သောင်းမြို့နယ်ထဲမှာ ပုလုံးတုံးတုံးကျေးရွာမှာ လူ(၅)ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာတချို့ရရှိခဲ့တယ်လို့ ကော့သောင်းမြို့နယ်မဲဆန္ဒက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးခင်ဇော်က ပြောပါတယ်။

"ပုလုံးတုံးတုံးကျေးရွာမှာ အိမ်တွေကတောင်ဘေးမှာသူတို့ဆောက်ထားတာ။ မိုးရွာလို့တောင်ပြိုတဲ့အခါကျတော့ လူ(၅)ယောက်သေတယ်လို့ပြောတယ်။ တယောက်ဒဏ်ရာရတယ်။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း ကတော့ ဆောင်ရွက်နေပါတယ်။"

မွန်ပြည်နယ်အတွင်းမှာတော့ ဒီရက်ပိုင်းမှာရေပြန်ကျသွားတဲ့အတွက် (၄)ရက်တာပိတ်ပင်ထားရတဲ့ ရန်ကုန်မော်လ မြိုင် ကားလမ်းပွင့်သွားသလို ရေဘေးရှောင်တွေနေရပ်စတင်ပြန်နေကြပြီးလို့ မွန်ပြည်နယ်အစိုးရ စီမံကိန်း၊ ဘဏ္ဍာ ရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဝဏ္ဏကျော် ကပြောပါတယ်။

"အားလုံးအဆင်ပြေသွားပါပြီး။ ရေကျသွားပြီးပေါ့နော်။ ရန်ကုန်မော်လမြိုင်ကားလမ်းလဲပွင့်သွားပါပြီး။ မနေ့က(၂)နာရီ ခွဲ လောက်ကစဖွင့်တာပေါ့။ ရေဘေးရှောင်တွေရဲ့အခြေအနေကတော့ ကယ်ဆယ်ရေးစခမ်းကနေပြီးတော့ အိမ်ကို ပြန် နေကြပြီးပေါ့နော်။ ဘီလင်းမြို့ရဲ့အခြေအနေက။ ရေဘေးသင့်ပြည်သူက(၁၂၃၀၃)ဦးပေါ့။ ကယ်ဆယ်ရေးစခမ်း မှာ ရှိတာကတော့နော်။"

မွန်ပြည်နယ်အတွင်းမှာ ရေးမြို့နယ် ကျိုက်မရောမြို့နယ် သထုံမြို့နယ်ဘက်မှာရေကြီးမှုတွေရှိနေသလို ဘီလင်းမြို့ နယ်မှာတော့အဆိုးဝါးဆုံးရေကြီးမှုဖြစ်ပွါးလာခဲ့တာပါ။

ရေကြီးမှုအများဆုံးဖြစ်ပွါးခဲ့တဲ့ ပဲခူးတိုင်းဒေသကြီးရွှေကျင်မြို့နယ်မှာတော့ ရေကျသွားပြီးဆိုပေမဲ့ ရေဘေးဒုက္ခ သည် တွေရှိနေဆဲလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်ကပြောပါတယ်။

"အခုကတပေလောက်ကျသွားပြီး။ ဒီရေဘေးဒုက္ခသည်တွေကရွှေ့လို့ပြောင်းို့မရသေးဘူး။ ရွှေကျင်မြို့နယ်က အိမ်ထောင်စုပေါင်းက(၅၄၇၉)။ ရေဘေးဒုက္ခသည်စုစုပေါင်း(၂၆၀၇၃)။"

ပဲခူးတိုင်းဒေသကြီးမှာဆိုရင် ရွှေကျင် ကျောက်ကြီး မိုးညို အုတ်တွင်း တောင်ငူတွေဘက်မှလဲရေကြီးမှုဖြစ် ပွါးနေ တာပါ။ ပြီးခဲ့တဲ့(၂၇)ရက်နေ့တုန်း ရွှေကျင်မြို့နယ်ကမဒေါက်ဆည်ရေဖေါက်ချလိုက်ပြီးဆိုတဲ့သတင်းတွေကြောင့် ဒေသခံတွေစိုးရိမ်မှုတွေမြင့်တက်လာနေတာပါ။

ကရင်ပြည်နယ်အတွင်းမှာ ရေအနည်းငယ်ကျသွားတယ်ဆိုပေမဲ့ မိုးရွာနေဆဲအခြေအနေကြောင့် ရေဘေးရှောင်ပြည် သူ တွေနေရပ်မပြန်နိုင်သေးဘူးလို့ ကရင်ပြည်နယ် သာသနာရေးဝန်ကြီးဦးမင်းတင်ဝင်းကပြောပါတယ်။

"နောက်ဆုံးအခြေအနေက ဒီကနေ့ကို လက်မနဲ့ပြောရရင်(၆)လက်မလောက် ရေကျသွားတယ်။ လမ်းတချို့နဲနဲပေါ် လာတယ်။ ဒါပေမဲ့ရေဘေးဒုက္ခသည်တွေကအိမ်ပြန်လို့မရသေးဘူး။ သူတို့အိမ်တွေကမြုတ်တုန်းဘဲရှိသေးတယ်။ ဖါးအံပေါ်မှာပေါ့နော်။ ကျွန်တော်တို့ကရင်ပြည်နယ်မှာ ရေဘေးစခမ်း(၆၄)ခုဖွင့်ထားတယ်။ လူဦးရေနှစ်သောင်း ကျော်ပေါ့။ မြို့နယ်အလိုက်စခမ်းတွေကတော့လှိုင်းဘွဲမြို့နယ်မှာ (၂၉)ခုဖွင့်ထားတယ်။ ကော့ကရိတ်မြို့နယ်မှာက (၄)ခုဘဲဖွင့်ထားတယ်။ မြဝတီမြို့နယ်မှာ(၂)ခု ။ ဖါးပွန်မြို့နယ်မှာ(၁၁)ခု။ ဖါးအံမြို့နယ်မှာ(၁၈)ခု။ လူဦးရေအားလုံး (၂၃၂၃၅)ဦး။"

ဇူလိုင်လ(၂၆)ရက်နေ့ကနေ ဒီကနေ့အထိ တိုင်းနဲ့ပြည်နယ်(၅)ခုမှာ ရေဘေးအန္တရာယ်ကြုံတွေ့နေရတာနဲ့ စပ် လျင်းလို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်းက အခုလို ပြော ပါတယ်။

"လက်ရှိကတော့ တိုင်းဒေသကြီးပြည်နယ်(၅)ခုမှာရေဘေးဆက်ဖြစ်နေသေးတာဘဲဗျာ။ အများဆုံးကတော့ ပဲခူးတိုင်း ပေါ့။ ပြီးရင်တော့ကရင်ပြည်နယ်။ မွန်ပြည်နယ်။ တနင်္သရီတိုင်းမကွေးပေါ့။ လက်ရှိတော့ဖြစ်နေပါတယ်။ အားလုံး ပေါင်း လိုက်ရင်တော့တသိန်းနဲ့တသောင်းကျော်လောက်က ရေဘေးရှာင်စခမ်းကို ခနသွားနေရတယ်။ စခမ်းစုစု ပေါင်း(၂၈၀)ကျော်ရှိပါတယ်ဗျ။ ရေကြီးတဲ့အချိန်မှာမတော်တဆထိခိုက်ဖြစ်တာလေးတွေကြောင့်မို့လို့ အသက် ဆုံးရှုံးတာက(၁၁)ယောက်ရှိပါတယ်။"

ရေကြီးမြေပြိုမှုကြောင့်သေဆုံးသူစာရင်းကိုတော့ ရေဘေးကြောင့်သေဆုံးသူစာရင်းထဲအကြုံးမဝင်ဘူး လို့ ဒေါက်တာမင်းသိန်းကဆိုပါတယ်။

တိုင်းနဲ့ပြည်နယ်(၅)ခုအတွင်းရေဘေးဒုက္ခသည်တွေကို လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာနနဲ့ သက်ဆိုင်ရာပြည်နယ်တိုင်းအစိုးရတို့ကနေ အကူညီပေးဆောင်နေတယ်လို့ ဒေါက်တာမင်းသိန်းက ပြော ပါတယ်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအနေနဲ့ ကရင်ပြည်နယ် ဘားအံ မြဝတီ၊ ပဲခူးမြို့ နယ်၊ ရွှေကျင်မြို့နယ်နဲ့ မဒေါက်မြို့ အပါအဝင် မြစ်ကမ်းနားတွေနဲ့ မြေနိမ့်ပိုင်း နေထိုင်ကြသူတွေအနေနဲ့ မြစ်ရေ ကြီးမှုဘေးအန္တရာယ်က ကင်းလွတ်ရာကို ရှောင်ရှားကြဖို့နဲ့ တောင်ငူမြို့နယ်နဲ့ ဘီးလင်းမြို့ နယ်တွေ အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူး သတိပြု နေထိုင်ကြဖို့ ဇူလိုင်(၂၉)ရက်စွဲ နဲ့သတိပေး ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ(၂၆)ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှု တောင်ကျရေစီးဆင်းလာမှု ပင်လယ်ရေဒီရေတက် လာမှုတွေနဲ့ကြုံကြိုက်လာတာကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ အနှစ်(၅၀)ကျော် အတွင်း မကြုံစဘူး ရေကြီးမှုတွေဖြစ်ပွါးနေတာလဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG