သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရေဘေး ကုလ ကူညီဖို့ညှိနှိုင်း


ရေကြီးရေမြုပ်
ရေကြီးရေမြုပ်

မြန်မာနိုင်ငံမှာ ရေကြီးနေတဲ့ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေက မြစ်ရေတွေဟာ စိုးရိမ်ရေအမှတ်ကို ဆက်လက် ကျော်လွန်နေပြီး ပဲခူးတိုင်းထဲမှာ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ ကရင်ပြည်နယ်မှာ သံလွင်မြစ်၊ မွန်ပြည်နယ်မှာ ဘီးလင်းမြစ်ရေတွေဟာ စိုးရိမ်ရေ အမှတ်ထက် ဆက်လက်ကျော်လွန်နေတယ်လို့ ဒီနေ့ အင်္ဂါနေ့မနက်အစောပိုင်းမှာ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ ရေဘေးအတွက် အကူအညီတွေ ပေးနိုင်ဖို့ ကုလသမဂ္ဂက ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Faren Haq က ပြောပါတယ်။

“ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာနိုင်ငံမှာ မုတ်သုန်မိုး သည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် နိုင်ငံတဝှမ်း ရေဘေး ဒုက္ခ ကြုံနေရပါတယ်။ ဒေသခံ ၁ သိန်း ၁ သောင်းကျော်လည်း အိုးအိမ်မဲ့ ရေဘေးဒုက္ခ ရောက်နေကြသလို ရေကြီးမှုကြောင့် သေဆုံးသူက ၁၁ ယောက်ထက် မနည်း ရှိသွားပါပြီ။ အစိုးရက ကူညီ ကယ်ဆယ်ရေးစခန်း ၁၇၈ ခုဖွင့်လှစ်ထားသလို ဒေသခံပရဟိတအဖွဲ့တွေ၊ လူထုအခြေပြု အရပ်ဖက် အဖွဲ့အစည်း တွေကလည်း အစိုးရဦးဆောင်တဲ့ ကယ်ဆယ်ရေးတွေမှာ ပံ့ပိုးကူညီနေပါတယ်။ ရေဘေးဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ အစိုးရနဲ့ လူသားချင်းစာမှု အကူအညီပေးရေးဆိုင်ရာ မိတ်ဖက်အဖွဲ့တွေနဲ့ ကုလသမဂ္ဂက အနီးကပ်ဆက်သွယ် ဆောင်ရွက်နေ ပါတယ်။ ” လို့ ပြောသွားတာပါ။

ပြီးခဲ့တဲ့ သီတင်းပါတ် အစောပိုင်းကတည်းက မြန်မာနိုင်ငံ အရှေ့ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ မိုးသည်းထန်စွာရွာပြီး ပဲခူးမြို့၊ မဒေါက်မြို့၊ ရွှေကျင်မြို့၊ဘားအံမြို့၊ ဘီးလင်းမြို့တွေမှာ ရေကြီးနေပါတယ်။ တချို့ဒေသတွေမှာ ကားလမ်းတွေ ရေကျော်နေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိပါတယ်။

တနင်္သာရီတိုင်းဒေသကြီးထဲက သရက်ချောင်းမြို့နယ်မှာလည်း မိုးသည်းထန်စွာရွာ သွန်းတဲ့အတွက် မြိတ်-ထားဝယ် ကားလမ်းမကြီး တချို့နေရာတွေမှာ တနင်္လာနေ့က ရေလွှမ်းနေပါတယ်။ မွန်ပြည်နယ် သထုံမြို့နယ်ကနေ ဘီလင်းမြို့နယ်ကြားက အဝေးပြေး ကားလမ်း ပေါ်မှာတော့ ရေပြန်ကျသွားတဲ့အတွက် တနင်္လာနေ့ ညနေပိုင်းလောက်မှာ ဘီးလင်းမြို့ကနေ သထုံမြို့ဖက်ကို ကားတွေပြန်သွားနေပြီလို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG