သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မှာ ရပ်ကွက်အများအပြား ရေမြုပ်


ဖားကန့်မြို့နယ်တွင်း ရေကြီးမြေပြို မြင်ကွင်း ( ဓာတ်ပုံ-NawngLatt JangMaw)
ဖားကန့်မြို့နယ်တွင်း ရေကြီးမြေပြို မြင်ကွင်း ( ဓာတ်ပုံ-NawngLatt JangMaw)

ကချင်ပြည်နယ်ဖါးကန့်မြို့အတွင်း ဒီကနေ့မှာ မိုးကြီးပြီး ဥရုချောင်းရေလျှံတက်လာလို့ ရပ်ကွက်(၄)ခုလောက် ရေကြီး ခဲ့တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းကရေကြီးမြေပြိုမှု အတွင်း သေ ဆုံးသူတွေအတွက် ပြည်နယ်အစိုးရကနေ ငွေကြေးထောက်ပံ့ပေးဖို့စီစဉ်နေဆဲလို့လဲဆိုပါတယ်။ ဗွီအိုအေထိုင်း အခြေ စိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထား ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ လေးရပ်ကွက် ရေနစ်မြှုပ်နေခဲ့တယ်လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီးလဆိုင်းကပြောပါတယ်။

ဓမနက်ပိုင်းကိုစတက်တာပေါ့။ ရေက(၅)နာရီခန့်လောက်က စတက်တာပေါ့နော်။ နေ့လည်ပိုင်းတွေဆိုတော်တော် ဆိုးတာပေါ့။ အခုက(၃)နာရီ (၄)နာရီကျတော့ နဲနဲလေးသူကကျတဲ့ဘက်ကိုရောက်သွားတော့။ သို့သော်လည်း မြို့ ပေါ်(၅)ရပ်ကွက်ထဲက(၄)ရပ်ကွက်ကျတော့ ရေတွေရှိနေသေးပါတယ်ခင်ဗျ။ ရပ်ကွက်(၅)ခုထဲမှာကျွန်တော်တို့က ငှက်ပျောတောရယ် မြို့မရယ် အေးမြသာယာရယ် မရှီကထောင်ရယ် ရပ်ကွက်(၄)ခုကတော့ အခုချိန်ထိပေါ့နော် ရေမြုတ်နေသေးတဲ့အနေအထားပေါ့နော်။ဓ

ဒီကနေ့မနက်ပိုင်းမှာ ဥရုချောင်းရေလျံတက်လာလို့ရေကြီးမှုတွေဖြစ်ပွါးခဲ့တာပါ။ ဖါးကန့်မြို့(၅)ရပ်ကွက်အပါအဝင် လုံးခင်းကျေးရွာတွေဘက်မှာလဲရေကြီးရေလျံမှုတွေဖြစ်ပွါးခဲ့တာပါ။

ဒီကနေ့တနေ့လုံးရေကြီးခဲ့ပေမဲ့ ထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ဖါးကန့်မြို့ ငှက်ပျောတောရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

"မရှိပါဘူးခင်ဗျာ။ ရပ်ကွက်ထဲမှာတော့နှစ်စဉ်နှစ်တိုင်းကြီးနေကြတာဘဲ။ ပြီးရင်သူဟာသူ ပြန်ကျနေတာပေါ့ ရေက တော့။"

ပြီးခဲ့တဲ့ဇွန်လ(၂၂)နေ့ကတုန်းက ဖါးကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးရေကြီးမှု မြေပြိုမှုတွေဖြစ်ပွါး ခဲ့ရာမှာ ဒေသခံတွေအယောက်(၂၀)နီးပါးသေဆုံးမှုတွေဖြစ်ပွါးခဲ့တယ်လို့ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီးလဆိုင်းကပြောပါတယ်။

"(၂၂)နေ့မှာပေါ့နော် မိုးရွာချလိုက်တဲ့အချိန်ကျတော့တချို့မြေစာပုံခြေရင်းမှာနေတဲ့သူတွေ လူသေမှုဖြစ်တယ်။ မြို့ပေါ် မှာကျတော့ ဒီမရှီကထောင်မှာကျတော့(၂)ဦး။ မှော်ဝမ်းမှာကျတော့(၂)ဦးပေါ့။ ဆိတ်မူအုပ်စုရဲ့ရှိတဲ့ စွပ်အောင်နဲ့ မမုန် ကြားထဲမှာ မြန်မာပြည်သူလုပ်ကွက်ရဲ့မြေစာပုံနားလေးမှာ နေတဲ့အဖွဲ့ထဲမှာတော့။ သူတို့အိမ်တွေနစ်မြုတ်သွား တယ် ပေါ့။ (၂၈)ရက်နေ့အထိသူတို့ပြန်လည်တွေ့ရှိတာက အဲဒီမှာ(၁၀)ဦးလောက် သေဆုံးမှုတွေ့ရတာပေါ့နော်။ တခြား နေရာ ဝေခါဘက်မှာလဲဖြစ်တယ်။ နောက်ဒီဖါးပြင်မှာလဲတဦးပေါ့။ (၂၀)ဝန်းကျင်လောက်ကတော့ မြေပြိုမှုမှာသေဆုံး တာပေါ့နော်။"

ပြီးခဲ့တဲ့ဇွန်လ(၂၂)ရက်နေ့ကစပြီး ကချင်ပြည်နယ်ဖါးကန့်မြို့နယ်ထဲမှာ မိုးကြီးမြေပြိုမှုကြောင့် လမ်းတံတားတွေ ပျက်စီးခဲ့သလို လူသေဆုံးပြီး ပျက်ဆီးဆုံးရှုံးမှုသိန်းထောင်ချီရှိနေတယ်လို့ခန့်မှန်းကြောင်း ဦးလရှီတာဆိုင်းကဆို ပါတယ်။

ရေကြီးမြေပြိုသေဆုံးသူတွေအတွက် ကချင်ပြည်နယ်အစိုးရကနေ ထောက်ပံ့ငွေပေးအပ်ဖို့စီစဉ်နေဆဲလို့ ဦးဒါရှီးလ ဆိုင်းကပြောပါတယ်။

"ပြည်နယ်ကလူမှုဝန်ကြီး ဒေါက်တာသင်းနွယ်ကနေပြီးမှဒီ ကျွန်တော်တို့ ဒီမြို့တွင်းဘက်မှာထိခိုက်သေဆုံးတဲ့ သူတွေ ကို ပံ့ပိုးပေးဖို့ငွေပေးလိုက်တယ်လို့ ။ ကျွန်တော်တို့ကဒီနေ့အဲတာတွေကိုအစည်းဝေးထိုင်ပြီးတော့မှ အစီစဉ်ဆွဲဖို့ရှိ တာကိုး။ ဒီနေ့ရေကြီးလိုက်တော့ အဲဒီအစီအစဉ်မလုပ်ဖြစ်လိုက်တဲ့ အဲဒီသဘောဖြစ်သွားတာပေါ့။"

ကချင်ပြည်နယ် ဖါးကန့်မြို့နယ်အတွင်းမှာ ရေကြီးမြေပြိုမှုကြောင့်သော်၎င်း ကျောက်စိမ်းမှော်အတွင်း မြေကျစ်စာပြို ကျမှုကြောင့်သော်၎င်း လူသေဆုံးမှုမကြာခနဖြစ်ပွါးလေ့ရှိပါတယ်။

ပြီးခဲ့တဲ့မေလတုန်းက ဖါးကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဝှေခါးကျေးရွာမှာ မြေပြိုမှုဖြစ်ပွါးခဲ့လို့ လူ(၁၄)ဦး သေ ဆုံးခဲ့ရပါတယ်။

ဖါးကန့်မြို့နယ်အတွင်းမြေပြိုမှုခနခနဖြစ်ပွါးရတာဟာ ကျောက်စိမ်းအလွန်အကျွံတူးဖေါ်နေမှု ကျောက်မိုင်းဖေါက်ခွဲ နေမှုကြောင့် မြေကြောပြတ်တောက်မှုဖြစ်ပွါးမှုအကျိုးဆက်ကြောင့်ဆိုပြီး သဘာဝပါတ်ဝန်းကျင် အရေးလှုပ်ရှား သူတွေကသုံးသပ်ပြောဆိုနေကြပါတယ်။

မိုးလေဝါသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရနေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်သလို ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့မှာ(၄)ပေမှ (၇) ပေခန့် ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG