သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်နယ်ရေလျှံမှု အရေးပေါ်ကယ်ဆယ်ရေးစခန်းများဖွင့်ခဲ့


မွန်ပြည်နယ်ရေကြီးမှု (MOI)
မွန်ပြည်နယ်ရေကြီးမှု (MOI)

မွန်ပြည်နယ်မှာအနှစ်(၄၀)ကျော်အတွင်း မကြုံဘူးတဲ့အဆိုးဝါးဆုံး ရေကြီးရေလျံမှု ရေတိုက်စားမှုဒဏ်ကို ခံခဲ့ရတာပါ။ မနေ့ကဖြစ်ပွါးခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် မွန်ပြည်နယ်မော်လမြိုင်မြို့အပါအဝင် မြို့နယ်တော်တော်များများမှာ ယာယီ ရေဘေးကယ်ဆယ်ရေးစခမ်းတွေဖွင့်လှစ်ခဲ့ရသလို ပျက်စီးမှုတွေလဲရှိနေတယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါ တယ်။ ဒီကနေ့မှာ စိုးရိမ်စရာရေအမှတ်ကနေကျလာပြီးဆိုပေမဲ့ ယာယီရေဘေးဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေရှိ နေဆဲလို့အကူညီပေးရေးအဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ ဒီအခြေအနေကိုတော့ဗွီအိုအေထိုင်းအခြေစိုက်သတင်း ထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ် မေးမြန်းသတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ်အတွင်း မော်လမြိုင်၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ် ရေးမြို့နယ်တွေမှာ မကြုံစဘူး ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ် ခဲ့ပြီး ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ခဲ့ရတယ်လို့ ကယ်ဆယ်ရေးတွေ ကူညီ ဆောင်ရွက်ပေးနေတဲ့ မွန်ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး က VOAကိုပြောပါတယ်။

"အဓိကပြဿနာကတော့ မိုးကတညလုံးတောက်လျှောက်ရွာထားတဲ့အချိန် တဖက်မှာကလဲ မြစ်ကနေပြီးတော့ ဒီ ရေ တက်တဲ့အချိန်ပေါ့နော်။ ရေထတဲ့အချိန်ဖြစ်တာရယ်။ အဲဒီအခြေအနေနှစ်ခုက တခါတည်း တိုက်ဆိုင်သွားလို့ ရေက ရပ်ကွက်တော်တော်များများ ရေကြီးလာတယ်မော်လမြိုင့်မြို့ပေါ်မှာ။ အထူးသဖြင့် ရေးတို့ ၊ သံဖြူဇရပ်တို့၊ မုဒုံတို့မှာ လဲဖြစ်ပါတယ်။ ပေါင်မြို့နယ်မှာဆိုလို့ရှိရင်မုတ္တမပေါ့နော်။ အဲဒီမုတ္တမတဝိုက်မှာတော့ တော်တော်လေးရေကြီး မှုဖြစ် တယ်။ ကျွန်တော်တို့မော်လမြိုင်မှာတော့ ရပ်ကွက်တော်တော်များများဖြစ်တယ်။ နေရာပြောင်းရွှေ့ နေရာယာယီချပေး တာတို့လုပ်ပေးရတယ်။ မနေ့ကဆိုလို့ရှိရင်ယာယီစခန်းအနေနဲ့ (၁၀)နေရာလောက်ရှိတယ်မော်လမြိုင်မြို့ပေါ်မှာ။"

ဒီကနေ့တော့ ရေလျော့ကျလာတာကြောင့်ယာယီကယ်ဆယ်ရေးစခန်း မှာခိုလှုံနေတဲ့ ရေဘေးဒုက္ခသည်တွေ နေအိမ် ကိုအသီးသီးပြန်သွားကြသလို အခြေအနေကိုစောင့်ကြည့်သူတွေလဲရှိနေတယ်လို့ ဒေါက်တာအောင်နိုင်ဦး ကဆို ပါတယ်။

မနေ့ကရေကြီးရေလျှံမှုကြောင့် မော်လမြိုင်မြို့ထဲက အိမ်ခြေ(၁၈၀၀)ကျော်က လူဦးရေ(၅၀၀၀)ကျော်ဟာ ယာယီ ရေဘေးဒုက္ခသည်စခန်းတွေမှာခိုလှုံနေရတယ်လို့ မော်လမြိုင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။

မနေ့ကရေကြီးမှုရေတိုက်စားမှုကြောင့်မွန်ပြည်နယ်အတွင်း ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေါက်တာအောင်နိုင်ဦး ကဆို ပါတယ်။

"ပျက်စီးမှုကတော့ပေါ်လွင်ထင်ရှားတာကတော့ ကျိုက်သံလံဘုရားပေါ့နော်။ အရှေ့ဘက်မုဒ်ဆောင်းတန်းဘေးက ကျောက်စီနံရံပြိုကျသွားတယ်။ တော်တော်လေးကြီးမားတာပေါ့နော်။ ဓါတ်လှေခါးရဲ့ဘေးနားမှာရှိတဲ့အတွက် ဓါတ်လှေ ခါးပါစိုးရိမ်စရာဖြစ်လာတယ်လို့လဲကြားရပါတယ်။ သာသနိကအဆောက်အဦတွေအနည်းအကျဉ်းပါသွားတယ်။ တောင်နံရံ တွေပြိုကျတာရှိပါတယ်။ တချို့နေရာတွေကျတော့လမ်းပျက်စီးတာတွေရှိတယ်။ တံတားကျိုးတာတွေရှိပါတယ်။ တချိုကနေရာတွေကျတော့ဓါတ်တိုင်တွေ ကျိုးကျတာတို့သစ်ပင်တွေလဲကျတာတို့ရှိပါတယ်။"

ရေကြီးမှုကြောင့် မုဒုံ သံဖြူဇရပ်-ရေးကားလမ်း ပိတ်ဆို့တာတွေ ဖြစ်ပေါ်ခဲ့သလို မော်လမြိုင်သံလွင်တံတားကိုလဲ ပိတ်ထားရပါတယ်။ မုဒုံကျိုက်မရောသွားတဲ့လမ်းဟာ ပြိုကျပျက်စီးမှုတွေဖြစ်ပွါးခဲ့ပါတယ်။

ဒါ့အပြင်ပေါင်မြို့နယ် မုတ္တမဆေးရုံကလူနာတွေကိုလဲ မြို့နယ်ဆေးရုံနဲ့ ဘုန်းကြီးကျောင်းတွေမှာပြောင်းရွှေ့ခဲ့ရ ပါတယ်။

အလားတူရေးမြို့အတွင်းမှာလဲ ရေကြီးမှုကြောင့် ယာယီရေဘေးဒုက္ခသည်စခန်းတွေဖွင့်လှစ်ထားရတယ်လို့ ရေးမြို့ နယ် လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူးဦးအောင်နိုင်ဝင်းကပြောပါတယ်။

"မနေ့ကနစ်မြုတ်ခဲ့တဲ့ရေလယ်ဗယ်ကနေပြီးတော့(၄)ပေလောက်ကျသွားပြီး။ လောလောဆယ်ကယ်ဆယ်ရေးစခန်း တွေမှာတော့ ဒီနေ့မနက်ထိ(၁၀၀၀)ကျော်ကျန်သွားမယ်။ ရေးမြို့အားကစားရုံမှာရယ်။ နောက်တခုက တပလ္လင် နှစ်ဆူဘုရားဓမ္မရုံမှာရယ် နှစ်ခုဖွင့်ပြီးဆောင်ရွက်နေတယ်။ စားသောက်ရေးအတွက်က ဒေသခံတွေဘဲ ထမင်းထုတ် တနေ့ကို(၂၀၀၀)ကျော် မနေ့တုန်းကဆို(၃၀၀၀)ထိပေးရတာပေါ့လေ။ အစိုးရပံ့ပိုးကူညီတာတော့ လောလောဆယ် စီစဉ်ပေးတာဘဲရှိတယ်။ ပစ္စည်းတွေထောက်ပံ့ပေးတာတို့မရှိပါဘူး။"

ဒါ့အပြင်ဇွန်လ (၁၇) ရက်နေ့မှာ မွန်ပြည်နယ် ရေးမြို့မှာ ကျင်းဖို့လျာထားတဲ့ ငြိမ်းချမ်းရေးသို့ လူထုအသံ ငြိမ်းချမ်း ရေး လူထုစကားဝိုင်းကိုလဲ ရက်ရွှေ့ဆိုင်းလိုက်ရတယ်လို့ ဦးအောင်နိုင်ဝင်းကပြောပါတယ်။

မိုးသည်းထန်စွာရွာ ရေကြီးခဲ့လို့သံဖြူဇရပ်မြို့နယ် ပငကျေးရွာဆားလုပ်ငန်း ငပိ နဲ့ကြက်စာလုပ်ငန်းတွေ ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံရွာသူမိဝံသကပြောပါတယ်။

"ဆားကွင်းတွေကကျတော့ ဆားကြမ်းတွေကကျတော့ တန်ချန်ပေါင်းကတော့(၅၅)သိန်းလောက်ရှိတယ် ပိဿာ။ ဆုံးရှုံးသွားတာကလေ။ ကာလတန်ဖိုးကကျတော့ သိန်းတသောင်းနီးပါးပေါ့။ ခုအခြေအနေထိတော့ သူတို့စာရင်းသွင်း ထားတယ်။ ပြည်နယ်ရုံးစာရင်းသွင်းထားတယ်။ ငပိတို့ကြက်စာတို့ဆိုအကုန်လုံးဘဲထိတယ်။ ဒါပေမဲ့စာရင်းကကျတော့ သူတို့မသွင်းရသေးဘူး။"

မွန်ပြည်နယ်အတွင်း မနေ့ကရေကြီးမှုဟာ နှစ်ပေါင်း(၄၀)ကျော်အတွင်း မကြုံစဘူးဖြစ်ပွါးခဲ့ပြီး သဘာဝဘေးအန္တရာယ် ကြောင့် လူ(၃)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါ တယ်။

လူနေအိမ်ခြေ လမ်းတံတား သာသနိကအဆောက်အဦတွေပျက်စီးမှုရှိနေပေမဲ့ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကိုတော့ စာရင်းကောက်ယူနေဆဲအခြေအနေကြာင့် အတည်မပြုနိုင်သေးဘူးလို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတာဝန်ရှိသူ တဦးကပြောပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်နေတဲ့မွန်ပြည်နယ်မြို့နယ်ဒေသတွေကိုအကူညီပေးဆောင်နိုင်ဖို့ ပြည်နယ်အစိုးရနဲ့ လူမှုဝန်ထမ်းဦးစီးဌာန ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ကနေ စီစဉ် ဆောင်ရွက်နေဆဲအခြေအနေမှာရှိနေတယ်လို့ မွန်ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားအလွန်ကောင်း နေပြီး ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်တို့ကြောင့် မြန်မာ့နိုင်ငံ ဒေသအနှံ့ ရခိုငိပြည်နယ် ကရင်ပြည်နယ် ကယားပြည်နယ် ရှမ်းပြည်နယ် မကွေးတိုင်း စစ်ကိုင်းတိုင်း ဧရာဝတီတိုင်း ဒေသကြီးတွေမှာ ရေကြီးရေလျှံမှု လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု မြေပြိုမှုတွေ ဖြစ်ပွါးခဲ့ပါတယ်။

လက်ရှိမှာမုတ်သုံလေ အားကောင်းနေတာကြောင့် မွန်၊ ကရင်၊ တနင်္သာရီ ကမ်းရိုးတန်းမှာနောက်တရက်အထိ မိုးများနိုင်ခြေရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနကနေ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG