သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီ ကုလအဖွဲ့များပြင်ဆင်


မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာတဲ့ ဒုက္ခသည် ၂ သိန်းနီးပါးကို မိုးရာသီကာလ ရေကြီးရေလျှံမှု ဘေးအန္တရယ်ကနေ အကူအညီပေးရေး အဖွဲ့တွေဟာ အချိန်မှီကယ်တင်ဆောင်ရွက်နေကြတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။ ဒုက္ခသည်စခန်းဖွင့်လှစ်ထားတဲ့နေရာဟာ မြေညီမဟုတ်ပဲ တောင်ကမူတွေ ပေါများတဲ့နေရာဖြစ်တာကြောင့် ဘေးအန္တရယ်ပိုများပြီး ရွှေ့ပြောင်းပေးဖို့လည်း အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။ ဒုက္ခသည်တွေကယ်ဆယ်နေရတဲ့အခြေအနေအကြောင်း အေပီသတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြပေးထာပါတယ်။

မိုးရာသီကာလ မတိုင်ခင်ကတည်းက ဒုက္ခသည်တွေရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကနေ အလျင်အမြန် ကယ်ဆယ်ရေး ကုလသမဂ္ဂအပါအဝင် အကူအညီပေးရေးအဖွဲ့တွေက ကြိုတင်ပြင်ဆင်လာခဲ့တာပါ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေထဲက ၄ သောင်းလောက်ဟာ မိုးအကြီးအကြယ်ရွာသွန်းတဲ့ ဇွန်နဲ့ ဇူလိုင်လတွေမှာ ဘေးအန္တရယ်နဲ့ ပိုပြီး ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး ပြောခွင့်ရ Andrej Mahecic က ဂျနီဗာမှာ ကျင်းပတဲ့ အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောဆိုပါတယ်။

"ဒုက္ခသည် ၄၁၀၀၀ လောက်ဟာ တကယ့်ကို ဘေးအန္တရယ်အတွက် စိုးရိမ်ရတဲ့အနေအထားမှာရှိနေပါတယ်။ ဒေသတခုလုံးမှာတော့ ဒုက္ခသည် ၂ သိန်းလောက်ဟာ မြေပြို ရေကြီးမှုဒဏ်ကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ အခုလို ပြောနေချိန်မှာ လူတွေကို တနေရာကနေ တနေရာကို ရွှေ့ပြောင်းပေးနေရပါတယ်။"

ကုလသမဂ္ဂ လက်အောက်ခံ IOM နိုင်ငံတကာရွှေ့ပြောင်းအခြေချမှုဆိုင်ရာအဖွဲ့ကလည်း လွန်ခဲ့တဲ့ ၃ ၄ ရက်အတွင်းမှာ မိုးအကြီးအကျယ်ရွာသွန်းတာကြောင့် ဒုက္ခသည် ၂၁၅၀၀ လောက် ဘေးဒုက္ခတွေရင်ဆိုင်ခဲ့ရတယ်လို့ ပြောပါတယ်။ ဒီအရေအတွက်ဟာ နောက်ထပ်တိုးလာနိုင်သေးပြီး အကူအညီပေးရေးလုပ်သားတွေဟာ မိုးကြီးလေကြီး တိုက်ခတ်နေတဲ့ကြားမှာပဲ အပျက်အစီးတွေ ရှင်းလင်းဖို့နဲ့ ပြင်ဆင်ရေး ကူညီဆောင်ရွက်ပေးနေတယ်လို့ IOM ပြောခွင့်ရ Leonard Swift က ပြောပါတယ်။

"လိုအပ်တဲ့ပစ္စည်းတွေကို လိုအပ်တဲ့နေရာရောက်အောင် အချိန်မှီ ဖြန့်ဖြူးပေးနေရပြီး အဲဒီနေရာကိုရောက်ရင်ပဲဖြစ်ဖြစ် ဓါတ်ပုံထဲမှာပဲဖြစ်ဖြစ် တောင်ကုန်တွေပေါ်မှာ နေထိုင်နေရတဲ့ တကယ့် အခက်အခဲတွေ၊ အန္တရာယ်တွေကို တွေ့ရမှာပါ။ မိုးအကြီးအကျယ် ရွာသွန်းတာကြောင့် ပစ္စည်းတွေ ရေထဲမျောပါကုန်ပြီး ရာသီဥတု နဲနဲလောက်ကောင်းနေရင်တောင်မှလည်း အလုပ်လုပ်ကိုင်ရတာမလွယ်ကူပါဘူး။"

အင်္ဂါနေ့မနက်ပိုင်းထိ ရရှိတဲ့စာရင်းတွေအရ ဒုက္ခသည် စခန်း ၆ ခုမှာ အပျက်အစီး ၉၉ ခုထိရှိခဲ့ပြီး ယာယီတဲအိမ် ၁၃၀ လောက် ပျက်စီးခဲ့တယ်လို့IOM က ပြောပါတယ်။ မိုးကြောင့် ဒုက္ခရော်ကတဲ့ မိသားစုတွေအတွက် ရာသီဥတုအခြေအနေကြည့်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းကူညီပေးသွားမှာဖြစ်ပေမယ့်လည်း ကားလမ်းတွေ ပျက်စီးနေတာကြောင့် အကူအညီပေးဖို့ နှောင်းနှေးကြံ့ကြာနေပါတယ်။ အကူအညီပေးရေးအဖွဲ့အားလုံးက လက်ခံရရှိတဲ့ စာရင်းတွေအရ လူနေထိုင်ရာ တဲအိမ်ပေါင်း ၂၅၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဒုက္ခသည်တွေနေထိုင်ရာ ဒေသဟာ တောင်ကမူတွေ ပေါ်များတာကြောင့် အကူအညီပေးဖို့ အခက်အခဲရှိတဲ့အကြောင်းလည်း Mahecic က ပြောပါတယ်။

"မြေနေရာကလည်း ကမူတွေဖြစ်နေတာကြောင့် နေထိုင်လို့ရအောင်၊ အဲဒီနေရာမှာ လူနေစရာ ဆောက်လို့ရအောင် မြေပြင်ကို တော်တော် ပြန်ညှိယူရပါတယ်။ တောင်ကမူတွေမှာ ဘာအပင်မှလည်းမရှိတာကြောင့် မြေအလွယ်တကူပြိုနိုင်ပြီး မြေပြန့်လွင်ပြင်မှသာ လူအများအပြားကို အန္တရာယ်က လွတ်ကင်းအောင် ပြောင်းရွှေ့ပေးလို့ရမှာပါ။"

တနင်္ဂနွေနေ့ကစလို့ Cox’s Bazaar ဒေသမှာ မိုးရေချိန် ၄၀၀ မီလီမီတာ အထိ ရွာသွန်းပြီး ဒါဟာ ဇွန်လမှာရွာလေ့ရှိတဲ့ မိုးရေချိန်ရဲ့ ၃ ပုံ ၂ ပုံ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။ ကုလသမဂ္ဂဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်ကြီးရုံးကလည်း ဒုက္ခသည် တွေကို အထူးသဖြင့် မိုးရာသီကာလမှာ ကူညီဖို့ ဒေါ်လာ ၉၅၁ သန်းလိုအပ်တယ်လို့ ပြောဆိုထားပေမယ့်လည်း အခုအခါမှာတော့ အဲဒီပမာဏရဲ့ ၄ ပုံ ၁ ပုံကျော်သာ ရရှိတယ်လို့ ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG