သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ မုတ်သုံမိုးဒဏ် ကုလ စိုးရိမ်


ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ တနင်္ဂနွေနေ့က စပြီး ပထမဆုံး မုတ်သုန်မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ကော့ဇက်ဘဇားမှာ ရှိနေတဲ့ မြန်မာနိုင်ငံကနေ တိမ်းရှောင်လာတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရာသီဥတုဒဏ်ကို အပြင်းအထန်ခံစားနေရတယ်လို့ ကုလသမဂ္ဂက အင်္ဂါနေ့က ပြောပါတယ်။ အခုအချိန်အထိ သေဆုံးသူက ကလေးငယ် တဦးအပါအဝင် ၁၂ ဦးရှိပြီဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်ကပြောပြပေးမှာပါ။

ဇွန်လ ၁၀ ရက်နေ့ကစပြီး ဘင်္ဂလားဒေ့ရှ်မှာ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းနေသလို လေပြင်းတွေပါ တိုက်ခတ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဇက်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှာ ကလေးငယ် တဦး သေဆုံးခဲ့ရသလို ပျက်စီးမှုတွေ အများအပြားရှိနေတယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့က Andrej Mahecic က အင်္ဂါနေ့ ဂျနီဗာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

" မိုးသည်းထန်စွာ ရွာသွန်းပြီး တနာရီကို ကီလိုမီတာ ၇၀ လောက်နဲ့ လေပြင်းတွေ တိုက်ခတ်ခဲ့တဲ့အတွက် ကလေးငယ် တဦးသေဆုံးပြီး အများအပြား ဒဏ်ရာတွေရခဲ့ပါတယ်။ မြေပြိုမှု ၃၇ ခုအပါအဝင် ထိခိုက်ပျက်စီးမှု ၈၉ ခုရှိခဲ့ပြီး ဒုက္ခသည် မိသားစု ၂၅၀၀ လောက်က လူပေါင်း တသောင်း တထောင် လောက်ကို ဒုက္ခရောက်စေပါတယ်။"

ဒီသီတင်းပတ်ထဲ ကော့ဇက်ဘဇားမှာ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးရသူပေါင်းက ၁၂ ဦးအထိ ရှိနေပြီလို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ တနင်္ဂနွေနေ့က ကော့ဇက်ဘဇားမှာ ရွာသွန်းတဲ့ မိုးဟာ ၁၅ လက်မ ကျော်ရှိနေပြီး ဒါဟာ အဲဒီဒေသတွင်း ဇွန်လရွာသွန်းတဲ့ မိုးရေချိန် စုစုပေါင်းရဲ့ သုံးပုံ ၂ ပုံရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ အဲဒီဒေသမှာ ဒုက္ခသည် ၉ သိန်းလောက် ရှိနေပြီး ဒီအထဲမှာ မနှစ် သြဂုတ်လနောက်ပိုင်း မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၇ သိန်း ၂ သောင်းလဲပါတယ်လို့ UNHCR ကပြောပါတယ်။

မုတ်သုံမိုးဒဏ်ခံစားကြရတဲ့ ဒုက္ခသည်တွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးတာ၊ အမိုးအကာတွေနဲ့ တခြားအကူအညီ ပေးတာတွေကို ဘင်္ဂလာဒေ့ရှ်အစိုးရ၊ UNHCR နဲ့ တခြားလူသားချင်းစာနာမှု အဖွဲ့တွေအားလုံးက ချက်ချင်းလုပ်ဆောင်ပေးခဲ့ ကြတာဖြစ်ပြီး အဲဒီဒေသမှာ မုတ်သုန်ရာသီ အစပိုင်းမှာတင် အပျက်အစီးက အတော်များနေတယ်လို့လည်း မစ္စတာ Mahecic က ပြောပါတယ်။

" ကောက်ခံရယူခဲ့တဲ့ အပျက်အစီး စာရင်းအရ အဲဒီမှာ နေအိမ်ပေါင်း တထောင်ကျော်ပျက်စီးရသလို ရေတိုင် ဆယ်ခု၊ အိမ်သာအလုံးပေါင်း ၁၆၇ လုံး၊ ကျန်းမာရေးဆေးပေးခန်း တခုနဲ့ အစားအသောက် ဖြန့်ဝေပေးတဲ့ ရုံတရုံ ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ကူတူးပလောင်စခန်းမှာရှိတဲ့ လမ်းမကြီးတခု ရေမြုပ်နေတဲ့အတွက် ယာဉ်တွေသွားလို့ မရပဲ ဖြစ်နေပါတယ်။"

ဒါ့အပြင် ရေကြီးမြေပြိုမှုတွေ ကြုံနေရတဲ့ ဒီဒေသမှာ ဒုက္ခသည်အရေအတွက်က သိပ်ကို များပြားနေတာ ဖြစ်ပြီး ဒီဒုက္ခသည်တွေ ဘေးအန္တရာယ် လျော့ပါးအောင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ လက်တွဲပြီး ဆောင်ရွက်နေတယ်လို့ လည်း သူကပြောပါတယ်။

"လက်ရှိ များပြားလှတဲ့ ဒုက္ခသည်တွေအတွက် သူတို့ကိုထားတဲ့ နေရာအကျယ်အဝန်းနဲ့ စိန်ခေါ်မှုရှိနေတဲ့ မြေပြင်အနေအထားမှာ အခုလို ပြင်းထန်တဲ့ ရာသီဥတုကြုံရတဲ့အခါ ဆုံးရှုံးပျက်စီးမှုတွေနဲ့ အသက်ပါ သေဆုံးတဲ့အထိ အခြေအနေတွေ ပိုဆိုးလာမှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်။ ကောင်းကင်မြေပုံ အချက်အလက်တွေအရ ဆိုရင် ရေကြီး မြေပြိုတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တဲ့ ဒုက္ခသည်ပေါင်းက ၂ သိန်းလောက် အထိရှိမယ်လို့ ခန့်မှန်းရပြီး သူတို့ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးဖို့ လိုအပ်ပါတယ်။"

အဲဒီဒေသမှာ ကယ်ဆယ်ကူညီရေးတွေ လုပ်နေတဲ့ IFRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့ လခြမ်းနီအဖွဲ့တွေကလည်း တချို့ နေရာတွေကို သွားပြီးအကူညီတွေ ပေးဖို့ အခက်အခဲတွေ ဖြစ်လာနေပြီလို့ ပြောပါတယ်။ ရေကြီးမြေပြိုမှုတွေနေ ရေအိမ်တွေ ပျက်စီးမှုရှိနေတာဟာ ကျန်းမာရေး အတွက်သိပ်ကိုစိုးရိမ်စရာ ကောင်းတယ်လို့ ကြက်ခြေနီအဖွဲ့ပြောခွင့်ရ Matthew Cochrane ကပြောပါတယ်။

" အခုလောလောဆယ်မှာကို ရေကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောမှုတွေ တိုးလာနေတာမို့ ရေကြောင့်ဖြစ်တဲ့ ရောဂါကပ်ဘေး ဆိုက်ရောက်လာမယ့် အန္တရာယ် ဖြစ်ဖို့ များနေပါတယ်။ ဒါကို မုတ်သုံရာသီ မရောက်ခင် ကတည်းက ကယ်ဆယ်ကူညီရေး အဖွဲ့တွေက အထူးသတိပေးခဲ့တာပါ။"

မုတ်သုံစတင်လာပြီမို့ ကယ်ဆယ်ကူညီရေး အဖွဲ့တွေဟာ ဒုက္ခသည်တွေကို ဘေးလွတ်ရာ နေရာရွှေ့ပြောင်းပေးတာ နဲ့ အကူအညီပေးတာကို အရှိန်မြှင့်လုပ်ဆောင်နေကြတာပါ။ UNHCR အဖွဲ့ကတော့ ယာယီတဲ အလုံးပေါင်းတသောင်းနဲ့ တာပေါ်လင်ပြား တသိန်း ၉ သောင်း အပါအဝင် အရေးပေါ်ပစ္စည်းတွေနဲ့ ရေသန့်ဆေးပြား ၂ သန်းကိုပါ ဖြန့်ဖြူးပေးဖို့ အသင့်ဆောင်ထားသလို ယာယီဆေးခန်းအတွက် အမိုးအကာတွေနဲ့ ကျန်းမာရေးအတွက် အရေးပေါ်သုံးရမယ့် ပစ္စည်းတွေကိုပါ အဆင်သင့်လုပ်ဆောင်ထားတယ်လို့လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် မှာရှိတဲ့ ဒုက္ခသည်တွေ မုတ်သုံမိုး အန္တရာယ်နဲ့ ရင်ဆိုင်နေရတာမို့ နိုင်ငံတကာက အကူညီတွေ တိုးပေးဖို့ ကုလသမဂ္ဂက တိုက်တွန်းနေတာပါ။ ရခိုင်ပြည်နယ်ထဲ အကြမ်းဖက်မှုတွေကနေ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးကြရသူတွေကို ပြန်လည် လက်ခံဖို့ မြန်မာ အစိုးရဘက် သဘောတူ လုပ်ဆောင်နေပမယ့်လည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ အသိအမှတ်ပြုမထားပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG