သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားဖြစ်ရေးမပါလို့ ကုလ-မြန်မာ MOU ကို ဒုက္ခသည်တွေစိတ်ပျက်


ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတဦး။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတဦး။

ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို သူတို့ရဲ့ မူရင်းနေရာတွေဆီ ပြန်ပို့ရေး ပူးပေါင်း ဆောင်ရွက် ကြဖို့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ မြန်မာအစိုးရတို့ကြား လက်မှတ်ရေးထိုးထားပေမဲ့ ဒုက္ခသည်တွေ ဘက်က ပြန်လာဖို့ တွန့်ဆုတ် နေဆဲပါ။ အဓိကအကြောင်းကတော့ သူတို့အတွက် နိုင်ငံသားဖြစ်ခွင့်ရရေးကိစ္စ မပါတာကြောင့် ဒုက္ခသည်တွေက မကျေလည်ကြ တာဖြစ်ပါတယ်။ AP သတင်းလွှာကို အခြေခံပြီး ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂနဲ့ မြန်မာအစိုးရကြား ဒီသီတင်းပတ်အစောပိုင်းက လက်မှတ်ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာ MoU အပေါ် သူတို့စိတ်ပျက်မိတယ်လို့ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ မွတ်ဆလင်ဒုက္ခသည်တွေက ပြောကြ ပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ အဓိကတောင်းဆိုချက်ဖြစ်တဲ့ နိုင်ငံသားဖြစ်ခွင့်ရရေးကိစ္စ မပါလို့ပါပဲ။

သူတို့တွေ သိပ်ကို အိမ်ပြန်ချင်နေကြပြီလို့ ဒုက္ခသည်အများစုကပြောပေမဲ့ သူတို့အတွက် အကာအကွယ်မရှိ၊ နိုင်ငံသားဖြစ်ခွင့်မရဘဲ ပြန်ရမှာကို စိုးရိမ်နေကြတာပါ။

ပြီးခဲ့တဲ့သီတင်းပတ် ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးတဲ့ MoU ကို ဒုက္ခသည်တွေက ကြိုဆို ကြပေမဲ့ မြန်မာ အာဏာပိုင်တွေအပေါ် အပြည့်အဝယုံကြည်ဖို့ သူတို့အတွက် ခက်ခဲနေပုံ ရပါတယ်။ ဒီထဲမှာ တဦး အပါအဝင် ဖြစ်သူ Kutupalong ဒုက္ခသည်စခန်းက Mohammed Toiteb Ali က မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ ရိုဟင်ဂျာ တွေကို နိုင်ငံသား အရင်ပေးဖို့ လိုလားပါတယ်။

“မွတ်ဆလင်တွေကို နိုင်ငံသားပေးမယ်ဆိုပြီး အရင်တုန်းကလည်း အကြိမ်ကြိမ်ပြောဖူး ပါတယ်။ ပြီးတော့ ဟိုရွှေ့ ဒီပြောင်း လုပ်ပြီး နောက်တော့လည်း နိုင်ငံသားမပေးပါဘူးး။ ဒါကြောင့် ကျနော်တို့ အရင်ဆုံးတောင်းတာက ကုလ သမဂ္ဂကနေတဆင့် ကျနော်တို့ကို နိုင်ငံသားပေးဖို့ပါ။ လက်ရှိ မြန်မာနိုင်ငံတွင်းမှာနေထိုင်နေတဲ့ ကျနော်တို့ရဲ့ ညီအကို မောင်နှမတွေကိုလည်း နိုင်ငံသားပေးရပါမယ်။ သူတို့တွေ နိုင်ငံသားရပြီလို့ တွေ့မြင်ကြား သိရရင် ကျနော်တို့ ပြန်ပါမယ်။”

တကယ်ကတော့ Mohammed Toited Ali တို့ သူတို့ကိုယ်သူတို့ ခေါ်ဆိုတဲ့ ရိုဟင်ဂျာ ဆိုတဲ့ အမည်ကိုက ပြဿနာဖြစ်နေတာပါ။ မြန်မာအစိုးရက ဒီလို သတ်မှတ်ခေါ်ဆိုတာကို အသိအမှတ်မပြုဘဲ ရခိုင်ပြည်နယ်က မွတ်ဆလင်အသိုင်းအဝိုင်းလို့ ခေါ်ဝေါ်ပြောဆို ပါတယ်။

နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးအပြင် သူတို့ရဲ့ နောက်ထပ် တောင်းဆိုချက်တခု ကတော့ အကြမ်းဖက် ဖြစ်ရပ်တွေအတွင်း ဆုံးရှုံးသွားတဲ့ သူတို့ရဲ့ပိုင်ဆိုင်ပစ္စည်းတွေ ပြန်ရရေးပါ။ ဒီကိစ္စ ကုလသမဂ္ဂကိုလည်း ပြော ထားတယ်လို့ နောက် ဒုက္ခသည်တဦး ဖြစ်တဲ့ Mohammed Syed ကပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာတွေအားလုံးကို မြန်မာနိုင်ငံက ပြန်လက်ခံရမယ်၊ သူတို့ပိုင်ဆိုင် ပစ္စည်း တွေ အားလုံး ပြန်ပေးရမယ်၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုတာ အပါအဝင် သူတို့တောင်းဆိုချက်တွေကို လိုက် လျောရမယ်ဆိုတာ ကုလသမဂ္ဂက တကမ္ဘာလုံးကို ပြောဖို့လိုပါတယ်။ အဲဒီလိုဖြစ်လာတာကို တကမ္ဘာလုံးက တွေ့မယ်၊ ကျနော်တို့ တွေ့မယ်ဆိုရင် အိမ်ပြန်ပါမယ်။”

အခုရထားတဲ့ MoU ဟာ ရှုပ်ထွေးတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေမှာ ပထမအဆင့်ဖြစ်တယ်လို့ ကုလသမဂ္ဂ တာဝန် ရှိသူတွေက ပြောပါတယ်။ ဒီသဘောတူညီချက်အရ “ကိုယ့်ဆန္ဒ အတိုင်း ဘေးရန်ကင်းကင်း ဂုဏ်သိက္ခာရှိရှိ ရေရှည် ခိုင်မာတဲ့နည်းနဲ့” ဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ပို့ရေး အခြေအနေတွေဖန်တီးဖို့အတွက် “ပူးပေါင်း ဆောင်ရွက်ရေး မူဘောင်” တခု ထွက်လာမှာဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံသား ဖြစ်ရေး မဖြစ်ရေးဆိုင်ရာ ကိစ္စရပ် တွေတော့ အဲဒီထဲမှာ မပါပါဘူး။

ဒီသဘောတူညီချက်ကနေ နေရပ်ရင်းပြန်ပို့ရေးကိစ္စကို အရှိန်မြှင့်လုပ်နိုင်မယ်လို့ မျှော်လင့် ထားကြောင်း မြန်မာတာဝန်ရှိသူတွေက ပြောပါ တယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG