သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ပြန်ပို့ရေး MOU သဘောတူညီချက် ရိုဟင်ဂျာတွေကြိုဆို


ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး မြန်မာအစိုးရနဲ့ ကုလအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မယ့်အပေါ် ရခိုင်မောင်တောက မူဆလင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေက ကြိုဆိုလက်ခံပေမယ့်လို့ သူတို့အတွက် ခိုင်မာတဲ့လုံခြုံရေးအာမခံချက်၊ လွတ်လပ်စွာသွားလာခွင့်အပါအဝင် နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးဖို့ နောက် အကြမ်းဖက်တိုက်ခိုက်မှုနဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ဆုံးရှုံးနစ်နာခဲ့ရမှုတွေအပေါ် တရားမျှတစွာ ဆောင်ရွက်ပေးဖို့ တောင်းဆိုကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

နေရပ်စွန့်ခွာတိမ်းရှောင်သူများ မိမိတို့ရဲ့ သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာနဲ့ နေရပ်ရင်းကိုပြန်နိုင်ရေး ကုလသမဂ္ဂ အဖွဲ့အစည်းတွေဖြစ်တဲ့ UNDP ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့နဲ့အတူ မြန်မာအစိုးရတို့ကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာခွျှန်လွှာ ဇွန်လ ခြောက်ရက်နေ့က သဘောတူလက်မှတ် ရေးထိုးခဲ့ကြတဲ့အပေါ် ရခိုင်ပြည်နယ်တွင်းက မူဆလင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ကြိုဆိုလက်ခံကြပါတယ်။ ဒါပေမဲ့လို့ နိုင်ငံသားဖြစ်ခွင့်နဲ့ နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးရေး အပါအဝင် သူတို့အတွက် ခိုင်မာတဲ့ ဘဝအာမခံချက်နဲ့ အသက်အန္တရာယ်လုံခြုံရေး အလေးထား ဆောင်ရွက်ပေးဖို့ကို တောင်းဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင်သွားသူတွေကိုတော့ မြန်မာအစိုးရဘက်က မူဆလင်ဒုက္ခသည်တွေအဖြစ် ခေါ်ဝေါ်သုံးစွဲပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီးက ကုတုပလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်ကတော့ ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ အခုလိုပူးပေါင်းဆောင်ရွက်မှုကိုကြိုဆိုပေမဲ့လို့ - ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ စုပေါင်းတောင်းဆိုထားတဲ့ နိုင်ငံသားအခွင့်အရေးအပြည့်အဝပေးဖို့၊ ကြားစခန်းတွေမှာ မထားပဲ မူလနေရာတွေမှာ နေရာပြန်လည်ချထားရေးအပါအဝင် လုံခြုံရေးအာမခံ အပြည့်အဝပေးဖို့စတဲ့ တောင်းဆိုချက်(၁၂)ချက် ပါဝင်တဲ့အချက်တွေကို အဓိကဦးစားပေးဆောင်ရွက်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုတယ်လို့ပြောပါတယ်။

" မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR နဲ့UNDP တို့လက်မှတ်ထိုးတာကို ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေက လက်ခံကြိုဆိုပါတယ်။ ဒါပေမဲ့ အဓိက ကျနော်တို့ ဒုက္ခသည်တွေ တောင်းဆိုချင်တာ သဘောကတော့ ပထမပိုင်းမှာ UN Security Force က လုံခြုံရေးယူပေးရမယ်။ ဒုတိယက ကျနော်တု့ိတွေ ကြားစခန်းမှာ မနေချင်ဘူး မူလနေရာတွေကိုပဲ သွားမယ်။ နံပတ်(၃)က အဲ့ဒီ့မှာ ကျနော်တို့ ဆုံးရှုံးနစ်နာခဲ့ရတဲ့ ဥစ္စာပစ္စည်းတွေ လယ်ယာမြေတွေ ကျနော်တို့ကိုပြန်ပေးရမယ်။ ကျနော်တို့ကို နိုင်ငံသားအခွင့်အရေးနဲ့အညီ လွတ်လပ်စွာသွားလာခွင့်ကိုပေးရမယ်။ ကျနော်တို့ကို နိုင်ငံသားပေးမှသာ ကျနော်တို့အကုန်လုံး ပြန်သွားမှာပါ။ ကျနော်တို့ နောက်တခုတောင်းဆိုချင်တာက ကျနော်တို့ အဲ့ဒီ့မှာ နေခဲ့တဲ့အချိန်မှာ ကျနော်တို့ဝန်ထမ်းတွေ စစ်တပ်က လိုက်လို့ထွက်ပြေးခဲ့ရတာရှိတယ် အခု ကျနေ်ာတို့ IDP စခန်းမှာပေါ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာပေါ့။ အဲ့ဒီ့လူတွေကို မူလနေရာမှာပဲ ဝန်ထမ်းနေရာမှာ ပြန်တာဝန်ထမ်းဆောင်ခွင့်ပေးရပါမယ်။"

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြို့သူကြီးကျေးရွာသား ကိုလှထွန်းကလည်း အခုလို ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ကြား ဆောင်ရွက်ချက်ကို ကြိုဆိုပြီးတော့ အထူးသဖြင့် နိုင်ငံသားဖြစ်ခွင့်ကို အသိမှတ်ပြုရေး အစိုးရရဲ့ဆောင်ရွက်ချက်တွေကို စိုးရိမ်နေဆဲဖြစ်ပြီး လူသားချင်းစာနာမှု အကူညီပေးရေးကိစ္စတွေကို အထူးအလေးပေး ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။

"(၂)ချက်ရှိတာပေါ့နော်။ တစ်ချက်ကတော့ ကျနော်တို့လူတွေ ပြန်လာဖို့ဆိုရင် အရင်ကတည်းက ကျနော်တို့က နိုင်ငံသားဖြစ်တယ်။ အဲ့တာကို မြန်မာအစိုးရက အသိမှတ်ပြုကိုပြုရမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်တခုရှိတယ်။ နောက်တခုကတော့ လူသားချင်းစာနာမှုဆိုင်ရာပေါ့ အခု ကျနော်တို့လူတွေမှာ ပြောရရင် အဲ့ဘက်ကို ရောက်သွားတဲ့သူတွေမှာ ဘာတခုမှ လက်ထဲ မကျန်ဘူး ဆိုတော့ အဲ့တာကို နိုင်ငံတကာနဲ့ပူးပေါင်းပြီး ဖြည့်ဆည်းပေးမယ်ဆိုတာကိုတော့ ကျနော်တို့က ကြိုဆိုတယ်။ အဲ့ဒီ့အပေါ်မှာတော့ အားရတယ်။ ဒါပေမဲ့ ကုလသမဂ္ဂနဲ့ လုပ်တဲ့အခါကျတော့ ဘယ်လောက်အထိ လွတ်လပ်မလဲဆိုတာကိုတော့ ကျနော်တို့ စောင့်ကြည့်ရမယ်။

နောက် ရခိုင်မြောက်ပိုင်းအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေအတွင်း နစ်နာခဲ့ရတဲ့ ကာယကံရှင်တွေနဲ့မိသားစုဝင်တွေရဲ့သဘောဆန္ဒကို အလေးထားမေးမြန်းသင့်ပြီး ARSA အကြမ်းဖက်တိုက်ခိုက်သူတွေနဲ့ ဆက်နွယ်တယ်ဆိုပြီး ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြဆဲ ဒုက္ခသည်တွေရဲ့ လုံခြုံရေးအာမခံချက်တွေအတွက်လည်း ယုံကြည်မှုရအောင် ဆောင်ရွက်ပေးသင့်တယ်လို့ မောင်တောဒေသခံကိုလှထွန်းက ဆိုပါတယ်။

" ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းချင်တယ်ဆိုရင် နိုင်ငံတကာအဖွဲ့အစည်းတွေလည်း ပါရမယ် ပြီးတော့ ကျနော်တို့ ကာယကံရှင်တွေနဲ့လည်း အစိုးရက စကားပြောဖို့လိုတယ် ကျနော်တို့ ဘာတွေ ခံစားနေရသလဲ ကျနော်တို့ကို ဘာတွေ လုပ်ပေးရင် အဆင်ပြေမလဲ။အစိုးရနဲ့ ကျနော်တို့ လူတွေ တိုင်ပင်ဆွေးနွေးပြီးမှ အဆင်ပြေမှာပေါ့ အခုက ကျနော်တို့ရခိုင်မှာ ဒီပြဿနာဖြစ်သွားတာ အခုမှ မဟုတ်ဘူး ၂၀၁၂ ကတည်းက။ အစိုးရ ဘယ်အဖွဲ့အစည်းကမှ ကျနော်တို့ကိုခေါ်ပြီးတော့ တွေ့ဆုံဆွေးနွေးတာ မေးမြန်းတာ အဲ့တာတွေ မရှိဘူး။ အဲ့တာတွေ မရှိမခြင်း ဒီ့ပြဿနာတွေက ပြေလည်သွားဖို့လည်း မမြင်ဘူး။ ဥပမာ အဲ့ဘက်ကို ရောက်သွားတဲ့လူတွေထဲမှာ ARSA ကလူတွေ အများအပြား ပါနေတယ်ဆိုပြီးတော့ သတင်းစာတွေထဲမှာ ကြေညာထားတာတွေရှိတယ်။ တကယ်ကတော့ ဒီ ARSA အဖွဲ့ထဲမှာ မပါတဲ့သူတွေ မဟုတ်တဲ့သူတွေ အများကြီးပဲ အဲ့မှာ စာရင်းတွေပေးကြတာ အဲ့ဒီ့ကိစ္စတွေကိုကျတော့ ကျနော်တို့လူတွေက စိုးရိမ်တယ်ပေါ့နော်။ သူတို့ဒီဘက်ကို ရောက်လာရင် အဖမ်းခံရမယ်။ ထောင်ချခံရမယ်ဆိုပြီးတော့ လူတွေက စိုးရိမ်တယ်။ ပြီးတော့ တရားစီရင်ပိုင်းမှာကျတော့လည်း ကျနေ်ာတို့မှာ ဘာတခုမှ မျှမျှတတ ဆက်ဆံမခံရဘူး။ အဲ့လိုအပိုင်းတွေလည်းရှိတယ်။"

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့စပ်လျဉ်းပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းမယ်လို့လည်း မြန်မာအစိုးရက ကြေညာခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေမှာ ပွင့်လင်းမြင်သာမှုနဲ့ ဓမ္မဓိဋ္ဌာန်ကျတဲ့ အမြင့်ဆုံး စံချိန်စံညွှန်းများကို စွဲကိုင်သွားဖို့နဲ့ စုံစမ်းစစ်ဆေးမှုရဲ့ ရလာဒ်အနေဖြင့် အစိုးရအနေနဲ့ အရေးယူ ဆောင်ရွက်ဖို့အရေးကြီးတယ်လို့လည်း ကုလအဖွဲ့အစည်းနှစ်ခုနဲ့ မြန်မာအစိုးရတို့ကြား သုံးပွင်ဆိုင်လက်မှတ်ရေးထိုးမှုနဲ့ပတ်သက်ပြီး ဇွန်လ ခြောက်ရက်နေ့က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ကြေညာချက်ထဲမှာလည်း ထည့်သွင်းဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG