သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုတ်သုံမိုးကြောင့် မြန်မာပြည်နေရာအတော်များများ ရေကြီးရေလျှံ


ဒီရက်ပိုင်းအတွင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုင်းနဲ့ပြည်နယ် တော်တော်များများ မှာ ရေကြီးရေလျှံမှု လမ်း ပန်းဆက်သွယ်ရေးပြတ်တောက်မှု၊ မြေပြိုမှု တွေဖြစ်ပွါးခဲ့ပြီး ရေဘေးဒုက္ခသည်လူဦးရေ(၈၀၀၀)ကျော် ရှိနေသလို လူသေမှု တွေလဲ ဖြစ်ပွါးခဲ့တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိ သူတွေကဆိုပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေ ထိုင်း အခြေစိုက်သတင်းထောက် နိုင်ကွန်းအိန် ကနေ ဆက်သွယ် မေးမြန်း သတင်းပေးပို့ ထားပါတယ်။

ဇွန်လ(၁၁)ရက်နေ့ကနေ ဒီကနေ့အထိ စစ်ကိုင်း။ မကွေး၊ ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ် ရခိုင်ပြည်နယ်အတွင်း မိုးကြီးရေလျှံမှုကြောင့် ထိခိုက်မှုအခြေအနေကိုတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်သူလဲ့လဲ့ထွန်းက ဗွီအိုအေကိုအခုလိုပြောပါတယ်။

"မကွေး ၊ရခိုင်၊ ပဲခူးလည်းအခုဖြစ်နေတယ်။ ဧရာဝတီဖြစ်နေတယ် စစ်ကိုင်းလည်း ဖြစ်နေတယ်ပေါ့။ ကရင်ကကျတော့ ဖါပွန် မှာဖြစ်နေတယ်။ အဲတာကျတော့ ညလောက်က စဖြစ်တယ်လေ။ ဖါပွန်မှာကျတော့ အိမ်(၂၀)လောက်ရွှေ့ထားတယ် ပေါ့။ လူဦးရေက(၈၀)လောက်ရှိတယ်။ အခုလတ်တလောမှာ နည်းနည်းလေးများတာက မကွေးက ကံမတို့ပေါ့နော်။ အဲဒီ ဘက်တော့နည်းနည်းလေးများတယ်။ အိမ်ထောင်စု ဆိုလို့ရှိရင် ထောင်ကျော်လောက်ရှိတယ်။ ရေဝင်တာတွေလေ၊ ရွှေ့ထား တာက(၆၀၀)ကျော်လောက် ရှိတယ်။ ပြည်နယ်တိုင်းအနေနဲ့ဆိုလို့ရှိရင် ဒုက္ခသည်အနေ နဲ့ ခန့်မှန်းခြေအားဖြင့်ဆိုလို့ ရှိရင်တော့လူဦးရေက (၇၀၀၀) (၈၀၀၀)ဝန်းကျင်တော့ ရှိနေပြီး သေဆုံးသူတွေကတော့ လောလောဆယ်(၃)ယောက်။ (၃)ယောက်က မကွေးတိုင်း ထဲကဘဲ။ ကလေးလေးတယောက်ပါတယ် တနှစ်လေးလ။ သူကရေကြီးတော့ အိမ်ပေါ်က ပြုတ်ကျတာပေါ့။ နောက်နှစ်ယောက်ကျတော့ ချောင်းကိုဖြတ်ကူးတဲ့အချိန်မှာ ရေကျော်ဖြတ်ကူးတဲ့အချိန်မှာဖြစ်တာ။"

မကွေးတိုင်းအတွင်းရှိ တခြားမြို့နယ်တွေဖြစ်ကြတဲ့ မင်းဘူး၊ သရက်၊ ပခုက္ကူ၊ ကံမ၊ ဂန့်ဂေါ၊ ဆိပ်ဖြူ၊ စေတုတ္တရာ၊ ငဖဲ စတဲ့မြို့တွေမှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပါတယ်။

လက်ရှိရေးဘေးဒုက္ခသည်တွေဟာ ပြည်နယ်နဲ့တိုင်းအစိုးရကနေ နေရာချထားပေးပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ ထောက်ပံ့ကူညီပေးဆောင်နေတယ်လို့ ဒေါ်သူလဲ့လဲ့ထွန်းက အခု လိုဆက်ပြောပါတယ်။

"စခန်းလေးတွေဖွင့်တယ် ရွှေ့တယ်ပြောင်းတယ်ကတော့ ဒေသအစိုးရအဖွဲ့တွေရယ် သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ အကုန်လုံးဝိုင်းဝန်းဆောင်ရွက်ကြတာလေ။ ကျွန်မတို့ ဌာနကကျတော့ထောက်ပံ့မှု တွေလုပ်တယ်။ ဆန်ရိက္ခာအကူ ညီပေးတယ်။ ကယ်ဆယ်ရေး ပစ္စည်းတွေလိုအပ်သလိုပေါ့။ သေဆုံးတဲ့သူတွေဆိုရင်ထောက်ပံ့တယ်။ မျောပါပျက်စီး သွားတဲ့ အိမ်တွေဆိုရင်လဲ ထောက်ပံ့တယ်။ ပျက်စီးသွားတဲ့ တစိပ်တပိုင်း ပျက်စီးတဲ့ လုံးဝပျက်စီးတဲ့ အဲဒီလိုမျိုးတော့ ပေးနေတယ်။"

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ကျေးရွာမှာလဲ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးသင့်သူ တွေ ရှိနေတယ်လို့ နမ့်လန်ဒေသခံ သျှမ်းလူငယ်ကွန်ယက် TYN ပြောရေးဆိုခွင့်ရှိသူ စိုင်းနော်ဆိုင်ကပြောပါတယ်။

"ပြန်လည်ထူထောင်ရေးရယ် ကယ်ဆယ်ရေးရယ်လုပ်နေရတယ်ဗျ။ ထိခိုက်တဲ့ အိမ်ထောင်က (၆၀၉)အိမ်ရှိတယ်။ ရေ ဝင်တဲ့အိမ် ဘာ ညာအကုန်လုံးဆိုရင်တော့ (၁၂၁၄)အိမ်ရှိတယ်။ တော်တော်များများ လမ်းပျက်စီးတယ်။ အိမ်အလုံး လိုက်ပါတာတွေက (၂၀) (၃၀)လောက်ရှိမယ်။ တချို့အိမ်တွေ ဘာမှမရလိုက်ဘဲနဲ့ ရေထဲလုံးဝပါသွားတဲ့အိမ်တွေ ရှိ တယ်။ အခုအလှူရှင်တွေ တဖွဲဖွဲရောက်လာတယ်။ ပြီးတော့လူမှုကယ်ဆယ်ရေးအဖွဲ့ လူကယ်ပြန်ကနေလဲ ပစ္စည်းအထောက်ပံ့တွေ လာပေးတယ်။"

ကယားပြည်နယ်ဘက်မှာတော့ မြို့ကြီးတွေမှာ ဆိုးဆိုးဝါးဝါးရေကြီးမှုဒဏ်မခံရပေမဲ့ မော်ချီးဒေသ၊ ဟိုယာ-ကေကော ဒေသနဲ့ဖယ်ခုံမြို့နယ်ဖက်တွေဘက်မှာ လမ်းမြေပြိုနေကျမှုတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာတော့ ရေကြီးမှုကြောင့်လမ်းတံတားတွေပျက်စီးမှုရှိခဲ့သလို ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ မှာ ဆိုးဝါးစွာခံခဲ့ရတယ်လို့ ဝံလက်ဖောင်ဒေးရှင်း (ရခိုင်ပြည်)ဒါရိုက်တာ ဦးခိုင်ကောင်းစံပြောပါတယ်။

"လမ်းပိုင်းဆိုင်ရာပေါ့နော်။ တံတားတွေပျက်စီးတာတွေရယ်။ နောက်လမ်းပိုင်းဆိုင်ရာအခက်ခဲတွေရှိတယ်။ အထူးသဖြင့် တောင်ပိုင်းမှာပေါ့လေ။ အဓိကဖြစ်နေတာတော့တောင်ကုတ်တို့ သံတွဲ အမ်းပေါ့နော်။ အဲဒီဖက်မှာပိုပြီးတော့ဆိုးဝါးတဲ့ အခြေအနေရှိနေပါတယ်။ တောင်ကုတ်ဘက်မှာကျတော့တံတားကျိုးတာတွေရှိတယ်။ ကားလမ်းပိုင်းပြတ်သွားတာလဲ ရှိပါတယ်။"

လက်ရှိရခိုင်ပြည်နယ်စစ်တွေ ရန်ကုန်ကားလမ်းဖြစ်တဲ့ တောင်ကုတ်မြို့နယ် ဆားပြင်အုပ်စုမှာ တံတားတစ်စင်း ကျိုး ပျက်သွားပြီး အမ်းနဲ့မအီးကြားက ပဒကြောမှာ ပေ ၄၀ ခန့် လမ်းပိုင်းပြတ်တောက်သွားတာကြောင့် သွားလာရေး တွေရပ် တန့်နေပါတယ်။

ချင်းပြည်နယ် မတူပီမြို့မှာလဲ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အရှေ့ခိုဘွေရပ်ကွက်မှာ မြေသားပြိုကျမှု ဖြစ်ပွား ခဲ့လို့အိမ်ထောင်စု ၇ စုဟာ ဘေးလွတ်ရာကိုပြောင်းရွှေ့နေထိုင် ကြရပါတယ်။

"ဒီကနေ့ မိုးလေဝါသနဲ့ဇလဗေဒတိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံ လေအားအလွန်ကောင်းနေပြီး ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်တို့ကြောင့် ဇွန်လ(၁၀)ရက်နေ့ကနေ ဇွန်လ (၁၄)ရက်နေ့အတွင်း တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြားမိုးရွာသွန်းနိုင်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှာ နေရာကွက်မိုးကြီးနိုင်ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးနိုင်ပါတယ်။"

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအား အလွန်ကောင်းနေခြင်းနှင့် ဘင်္ဂလား ပင်လယ် အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ လေဖိအား နည်းရပ်ဝန်းအရှိန်တို့ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ လျှပ်တစ်ပျက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူတွေ အနေနဲ့ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေနဲ့ ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ဖို့ အကြံပြုထားကြောင်း သတိပေးကြေညာ ချက်ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG