သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မုတ်သုံမိုးကြောင့် ဒုက္ခသည်တွေ စိုးရိမ်ဖွယ်အခြေအနေကြုံ


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မုတ်သုံမိုး သည်းထန်စွာရွာသွန်း လေပြင်းမုန်တိုင်းတွေ တိုက်ခတ်ပြီး မြေပြိုကျ ရေလွှမ်းမိုးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကလေးငယ်အပါအဝင် အနည်းဆုံး လူ(၁၂)ဦး သေဆုံးခဲ့ကြရပြီး သိန်းချီတဲ့ ဒုက္ခသည်တွေဟာ အသက်အန္တရာယ် စိုးရိမ်စရာအခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကုလသမဂ္ဂက အရေးပေါ်သတင်းထုတ်ပြန်ထားပါတယ်။ အခုအချိန်အထိ သက်ကြီးရွယ်အိုတွေနဲ့ နာမကျမ်းဖြစ်သူတွေ အပါအဝင် ဒုက္ခသည်တွေမှာ နေစရာအတော်လေးအခက်အခဲဖြစ်နေကြရပြီး စခန်းတာဝန်ရှိသူတွေ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလအဖွဲ့အစည်းတွေဘက်ကတော့ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေကြတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။ ကုလသမဂ္ဂ အရေးပေါ်ထုတ်ပြန်ချက်တွေနဲ့ အတူ ဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် ကစုစည်းတင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မုတ်သုံမိုးရာသီ စတင်ချိန် ပြီးခဲ့တဲ့ ဇွန်လ၁၀ရက်နေ့ကစလို့ နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းပြီးတော့ လေပြင်းမုန်တိုင်းတွေ တိုက်ခတ် မိုးကြိုးတွေပစ်လို့ မြန်မာပြည်ဘက်က တိမ်းရှောင်လာကြတဲ့ ဒုက္ခသည် သိန်းနဲ့ချီ ခိုလှုံနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းက ယာယီ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တွေ ရာသီဥတု ဆိုးဝါးတဲ့ဒဏ်ကို အလူးအလဲခံနေရပါတယ်။ တောင်ကုန်းတွေပေါ်မှာ ယာယီတဲလေးတွေ တည်ဆောက်ထားတဲ့ ဒုက္ခသည်တွေရဲ့ အဆောက်အဦးတချို့ ဟာ မိုးဆက်တိုက် သည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်း မုန်တိုင်းဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရသလို မုတ်သုံမိုးအစမှာပဲ ထိခိုက်ပျက်စီးမှုက ဆိုးဝါးလွန်းတာကြောင့် ဒုက္ခသည်တွေအတွက် ပို စိုးရိမ်စရာအခြေအနေဖြစ်လာနေပြီး သူတို့အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် လုံလောက်တဲ့ရံပုံငွေ မရှိဘူးလို့လည်း ကုလသမဂ္ဂက အရေးပေါ်သတိပေးပြောဆိုထားပါတယ်။

အခုလတ်တလောရင်ဆိုင်နေရတဲ့ ရာသီဥတုအခြေအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေထဲ ဒုက္ခသည်တွေ ရင်ဆိုင်နေကြရတဲ့ အခက်အခဲကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇားအနီးက Balukhali ဘာလုခါလီဒုက္ခသည်စခန်း နေ ဒုက္ခသည်ကိုအီစလံက ပြောပြပါတယ်။

" ၁၀ရက်နေ့ကနေစပြီးတော့ ဒေသတလျောက်လုံးမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျမှု၊ တဲအိမ်တွေ ပျက်စီးမှု၊ ဖြစ်ပြီး တချို့လူတွေ ထိခိုက်ဒဏ်ရာရရှိမှုရှိပါတယ်။ လူတွေလည်း တော်တော်လေး ဒုက္ခရောက်နေကြပါတယ်။ နောက် ကုတုပလောင်ရဲ့ အနောက်ဘက်ခြမ်းမှာလည်း နေအိမ်တွေ တော်တော်များများ ပျက်စီးတာကို တွေ့ရပါတယ်။ ကုတုပလောင်ရဲ့ ဒုက္ခသည်စခန်း ရဲ့ တဘက်ခြမ်း၊ နောက် ဘာလုခါလီရဲ့နယ်စပ်တလျောက်မှာ တဲအိမ်အများအပြား ပျက်စီးနေတာကို တွေ့မြင်နေရပါတယ်။

ကယ်ဆယ်ရေးတွေကတော့ တချို့နေရာတွေမှာ စတင်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ တချို့နေရာတွေက တော တောင်တွေ ကြားထဲရှိနေတော့ တဲကလေးတွေနဲ့ နေထိုင်တဲ့သူတွေကတော့ တဲတွေပျက်စီးပြီး ဘာမှကို ခိုလှုံစရာမရှိပါဘူး။ သူတို့အတွက်က အခြေအနေ တော်တော်လေး ဆိုးဆိုးဝါးဝါး အခြေအနေမှာ ဖြစ်နေကြပါတယ်။ ဒီလိုသာ ဒီအတိုင်း မိုးက ဆက်ပြီး သည်းသည်းမည်းမည်းရွာနေဦးမယ်ဆိုရင် လေပြင်းကလည်း ဆက်ပြီး ပြင်းထန်လာမယ်ဆိုရင် လူတွေ သေတဲ့အထိဖြစ်နိုင်ပါတယ်။"

ကုလသမဂ္ဂရဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူညီ၊ ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့၊ ဒုက္ခသည်စခန်းတာဝန်ရှိသူတွေက ဒုက္ခသည်တွေကို မြေပြိုကျမှုအန္တရာယ်ရှိတဲ့နေရာတွေကနေ အရေးပေါ်ရွှေ့ပြောင်းပေးနေကြပါတယ်။ တချိန်တည်းမှာပဲ ဒုက္ခသည်တွေအတွက် နေ့စဉ်ပေးပို့နေတဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးထောက်ပံ့မှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့နိုင်အောင် ဆက်သွယ်ထားတဲ့ အဓိက လမ်းမကြီးတွေ ဆက်သွယ်မှုလမ်းကြောင်းပြတ်တောက်မှုမဖြစ်အောင် စခန်းတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။

မိုးဒဏ်လေဒဏ်ခံနိုင်အောင် ယာယီ ဒုက္ခသည်စခန်းတွေထဲက တဲလေးတွေ ခိုင်ခံတဲ့အဆောက်အဦးတွေ အမိုး အကာတွေအရေးတကြီးလိုအပ်ပြီး ဒုက္ခသည်တွေကို အရေးပေါ်ရွှေ့ပြောင်းပေးဖို့ လိုအပ်တယ်လို့ ကိုအီစလံကပြောပါတယ်။

" ကျနော်တို့ ဒုက္ခသည်များအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့အစည်းများကို အထူးမေတ္တာရပ်ခံချင်တာက ဒီဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို ကူညီဆောင်ရွက်ပေးဖို့ အလေးအနက်မေတ္တာရပ်ခံချင်တယ်။ ဒီမှာက UN နဲ့ NGO အဖွဲ့တွေက တတ်နိုင်သလောက်တော့ ကူညီပေးနေတာတွေကို တွေ့ရပါတယ်။ နောက်ဘင်္ဂလားဒေ့ရှ်ဘက်က တပ်တွေပါသုံးပြီး သုတို့ တတ်နိုင်သလောက် ကူညီပေးနေတာတွေ့ရပါတယ်။ ဒါပေမဲ့ ဒုက္ခသည်စခန်းတွေထဲမှာ သူတို့ဖြေရှင်းပေးနေတဲ့နေရာက တဲအိမ်ကလေးတွေက တော်တော်များများဖြစ်နေတော့ လူဦးရေလည်း တော်တော်များတယ်ဆိုတော့ သူတို့က လုံးဝကို မနိုင်ဘူးဖြစ်နေတယ်။ ဒီ့ထက်ပိုပြီးတော့ ကူညီကယ်ဆယ်ရေးနဲ့ အကူညီပေးရေးကတော့ လိုအပ်နေတာတော့ အမှန်ပဲ။ ဒုက္ခသည်ကလည်း များ ဒုက္ခသည်စခန်းဧရိယာကလည်း အတော်ကြီးကို ကျယ်ပြန့်တော့ ဒါကြောင့်မို့လို့ သူတို့ မနိုင်ဘူးဖြစ်နေပါတယ်။"

ရက်ဆက် တိုက်ခတ်တဲ့ မိုးလေလေပြင်းမုန်တိုင်းဒဏ်ကြောင့် ဒုက္ခသည်ကိုးထောင်ကျော်လောက် ထိခိုက်ခဲ့ပြီး ဒုက္ခသည်ပေါင်း သုံးသောင်းကျော်လောက်ဟာ အရမ်းကိုအန္တရာယ်ကြီးမားတဲ့နေရာတွေမှာ နေထိုင်နေကြရဆဲဖြစ်သလို ဒုက္ခသည်တသိန်းလောက်ဟာလည်း သစ်ပင်အမြင့်တွေမရှိတဲ့ တောင်ကုန်းမြင့်တွေမှာနေထိုင်နေကြရတယ်လို့ The International Organization for Migration (IOM) က သတင်းထုတ်ပြန်ပါတယ်။ တကယ်လို့ မြေပျိုကျမှု ရေလွှမ်းမိုးမှုဖြစ်ခဲ့ရင် ရေထဲကို မျောပါသွားနိုင်တဲ့အန္တရာယ်ရှိတာကြောင့် သူတို့အလွန်အမင်းကို စိုးရိမ်သောကရောက်နေကြရတယ်လို့ ဒုက္ခသည်တွေအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူတွေကပြောပါတယ်။

မုတ်သုံမိုးရာသီမစခင် လပိုင်းကတည်းကကို ကုလသမဂ္ဂနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဘက်က ဒီလိုစိုးရိမ်စရာအခြေအနေတွေနဲ့ ကြုံတွေ့လာရနိုင်ကြောင်းနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အရေးပေါ် ရံပုံငွေတွေ လိုအပ်နေတယ်ဆိုတာကို အရေးပေါ်ထုတ်ပြန်ကြေညာချက်တွေ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG