သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒေသအတော်များများ ရေကြီးမှု စိုးရိမ်နေရဆဲ


ရေဘေးသင့်ပြည်သူများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သွားရောက်တွေ့ဆုံ (Prof Win Myat Aye
ရေဘေးသင့်ပြည်သူများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သွားရောက်တွေ့ဆုံ (Prof Win Myat Aye

မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ မိုးများရေကြီးပြီး ပြည်နယ်တိုင်းတချို့မှာတော့ မြစ်ရေတွေ စိုးရိမ်ရေမှတ်အထက်ကို တက်လာနေတဲ့ အတွက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ရှောင်ရှားကြဖို့နဲ့ မိုးလေဝသသတင်းစကားတွေကို စဉ်ဆက်မပြတ် နားစွင့်ထားကြဖို့ မိုးဇလနဲ့ လူကယ်ပြန်တာဝန်ရှိသူတွေက တိုက်တွန်းသတိပေးပြောဆိုလိုက်ပါတယ်။ လူသောင်းချီအတွက် အရေးပေါ်ကူညီ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပေးထားသလို ရေဘေးသင့်ပြည်သူတွေ အနေနဲ့လည်း မသန့်ရှင်းတဲ့ရေကတဆင့်ကူးစက်ရောဂါတွေ မဖြစ်ပွားရအောင် သန့်ရှင်းမှု ရှိအောင် ကျန်းမာရေးအထူးသတိထားကြဖို့လည်း သတိပေးပါတယ်။ နိုင်ငံတဝှမ်း ရေဘေးအန္တရာယ်နဲ့ကြုံနေရတဲ့ အခြေအနေတွေကို မဆုမွန်စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံတဝှမ်း ဒီသီတင်းပတ်အတွင်းမှာ မုတ်သုံမိုးက ဆက်လက်အားကောင်းနေပြီး မိုးသက်လေပြင်းတွေကျရောက်နိုင်သလို မြစ်ရေတွေက နှစ်ပေါင်း ၅၀ကျော်အတွင်း မကြုံစဖူး စိုးရိမ်ရေမှတ်အထက် အတော့်ကို ကျော်လွန်တဲ့အထိမြင့်တက်နေတဲ့ အတွက် ရေဘေးသင့်ဒေသတွေက ဒေသခံပြည်သူတွေ သဘာဝဘေးအန္တရာယ် အထူးသတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးပြောဆိုလိုက်ပါတယ်။ မိုးရေချိန်က ပိုများလာနိုင်သလို မြစ်ရေတွေကလည်း စိုးရိမ်ရေမှတ်ကျော်လွန်တဲ့အထိ ဆက်လက်မြင့်တက်လာနိုင်တယ်လို့ ဒီကနေ့ ဇူလိုင်လ ၂၉ရက်နေ့ တနင်္ဂနွေနေ့ရဲ့ နောက်ဆုံးမိုးလေဝသတိုင်းထွာချက်တွေကို မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပြပါတယ်။

"မိုးလေဝသကတော့ ကျနော်တို့ ဒီ မွန်၊ကရင် နောက်ဒေသအလိုက်မိုးကြီးနိုင်တာပေါ့နော်။ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ် တွေကတော့ နေရာကွက်မိုးကြီးနိုင်တယ်ပေါနော်။ မုတ်သုန်ကလည်း နောက်ရက်တွေဆို အားကောင်းလာမယ့်အနေအထားရှိတယ်။ ဒီနှစ်ကတော့ နည်းနည်းထူးခြားတာက ဧရာဝတီတိုင်းကပေါ့နော် ။ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငဝန်မြစ်မှာပေါ့နော် မနက်ဖြန်မှာတော့ စိုးရိမ်အမှတ်ရောက်မယ်။ အဲဒီမှာရှိနေတဲ့လူတွေကိုတော့ အထူးသတိပြုအနေအထားကြေညာထားတယ်။ ဒီထက်မြစ်ရေဆက်ပြီးတော့ တက်လာမယ်ဆိုရင် ရေဘေးကင်းလွတ်တဲ့နေရာတွေကို အမြန်ဆုံးရွေ့ပြောင်းနိုင်ဖို့အတွက်ကို ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။"

အခုလက်ရှိအခြေအနေမှာတော့ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ အထူးသဖြင့် မွန်ပြည်နယ် မကွေးတိုင်း တနင်္သာရီတိုင်း ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ မိုးများရေကြီးပြီး ရေလွှမ်းမှုတွေ အကြီးအကျယ်ဖြစ်နေပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားသလို လိုအပ်တဲ့အရေးပေါ် စားနပ်ရိက္ခာ သောက်သုံးရေနဲ့ ဆေးဝါးပစ္စည်းတွေ ကူညီထောက်ပံ့ပေးနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

"ဒီလိုအချိန်အခါမှာအရေးကြီးဆုံးက ကျနော်တို့ ဝန်ကြီးဌာနမှာ Hot Line ၊ Head line ဆိုပြီးတော့ ကျနော်တို့မှာ အရေးပေါ်ဖုန်းတွေရှိတယ်ခင်ဗျ။ အဲဒါကြေညာထားတဲ့အတိုင် ၀၆၇၃၄၀၄၆၆၆ ၊ ၀၆၇၃၄၀၄၇၇၇ ဒါကိုဆက်သွယ်ပြီးတော့ confirm လုပ်ဖို့ပေါ့။ သတင်းတွေကို အတည်ပြုချက် ရယူဖို့ စုံစမ်းဖို့၊ ဆက်သွယ်ပြီးတော့ မရှင်းလင်းတာရှိရင် ပြည်သူတွေက မေးမြန်းဖို့လိုပါတယ်။ အရေးကြီးဆုံးကတော့ ကျနေ်ာတို့အခုကိုယ်တိုင်လည်း တွေ့ခဲ့တယ် ၊ လူတွေက နေရာနဲ့ လူဦးရေနဲ့ မမျှဘူး ဆိုတဲ့တချို့နေရာတွေမှာ တွေ့တယ်၊ ကျပ်ကျပ်နေရတယ်၊ လူတွေအများကြီးစုပေါင်းပြီးနေရတယ်။ အဲဒီကျတော့ ကူးစက်ရောဂါက ပြန့်နှံ့လွယ်တယ် ။ အဲလိုမဖြစ်အောင်တကိုယ်ရည်သန့်ရှင်းရေးလုပ်ဖို့လည်းအလွန်ခက်တယ်၊ လူများနဲ့ နေရတဲ့အခါမှာ လက်သန့်ရှင်းရေးကတော့ အရေးအကြီးဆုံးပဲ ။ လက်သန့်ရှင်းအောင်ထားဖို့ အစားအသောက်တွေဆိုရင် သတိထားပြီးတော့ လုပ်ဖို့ လိုတယ်။ မသိုးမပုတ်တဲ့ဟာ ပူနွေးတဲ့ဟာကို ဂရုစိုက်ဖို့လိုတယ် အစားအသောက်နဲ့ ဆိုရင်တော့ ကျန်တာကတော့ ကလေးသေးသေးလေးတွေ သက်ကြီးရွယ်အိုတွေ ကိုယ်ဝန်ဆောင်တွေ မသန်စွမ်းတွေ ၊ ဒါတွေကတော့ အထူးဂရုစိုက်ဖို့လိုတယ် ။ သူတို့ကိုလည်း ကျနော်တို့ ပိုပြီးတော့ ဂရုစိုက်ဆောင်ရွက်ပေးပါတယ်။"

အခုလက်ရှိအခြေအနေမှာတော့ ဧရာဝတီမြစ်၊ သံလွင်မြစ် စစ်တောင်းမြစ်၊ ရွှေကျင်မြစ် ၊ ပဲခူးမြစ်၊ ဘီလင်းမြစ်၊ တိုးမြစ်နဲ့ ငဝန်မြစ်တွေ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီဖြစ်ပြီး ဒါဟာ နှစ်ပေါင်း ၅၀ အတွင်း စိုးရိမ်ရေမှတ်အမြင့်ဆုံးအဆင့်အထိ ရောက်ရှိနေတဲ့အနေအထားဖြစ်တယ်လို့ မိုးဇလညွှန်ကြားရေးမှူးချုပ်က ပြောပြပါတယ်။

"ဒီနှစ်မိုးရေချိန်က နှစ်ပေါင်း ၅၂ နှစ်ထဲမှာပေါ့နော် အမြင်ဆုံးရေမှတ်ကိုရောက်ရှိခဲ့တဲ့အနေအထားရှိတယ်။ ၅ ပေခွဲလောက်စိုးရိမ်ရေအမှတ်အထက်မှာရှိနေပါတယ်။ ဘီလင်းမြစ်ဟာ ၂ ပေခွဲလောက်စိုးရိမ်အမှတ်အထက်ကျော်လွန်ရောက်ရှိနေတယ်။ နောက်ရက်တွေမှာလည်း စိုးရိမ်ရေအမှတ်အထက်မှာရှိနေမယ့်အနေအထားရှိတယ်။ နောက်ရက်တွေမှာလည်းမုတ်သုန်လေအားကောင်းမယ့်အနေအထားရှိတယ်။ နောက်တချက်ကတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတခု နောက် ၂ ရက် ၃ ရက်မှာ ဖြစ်ပေါ်လာမယ့်အနေအထားတခုတွေ့ရတယ်။ ဒီ လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုန်လေအားကောင်းမယ့်အနေအထားရှိတယ်။"

ဒါကြောင့် ဒီလိုမြစ်ရေလွှမ်းမိုးမှုနဲ့ ရေတိုက်စားမှုကြောင့် မြေပြိုကျမှုတွေဖြစ်နိုင်တဲ့ ဘေးအန္တရာယ် ကျရောက်နိုင်တဲ့ နေရာတွေကနေ ဒေသခံတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က အရေးပေါ် ပြောင်းရွှေ့ခိုင်းရင်လည်း ဒေသခံပြည်သူတွေဘက်က လိုက်နာပြီး အမြန်ဆုံးရွှေ့ပြောင်းကြဖို့ နဲ့ မသန့်ရှင်းတဲ့ရေကနေ ရတတ်တဲ့ ကူးစက်ရောဂါတွေကိုလည်း အထူး သတိထားကြဖို့ကို လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သတိပေးပြောဆိုပါတယ်။

"အခုဒီနှစ်မှာ ပြင်းပြင်းထန်ထန်ဖြစ်တယ်၊ နဂိုဖြစ်တာနဲ့ မတူဘူး၊ ပြင်းထန်တယ် အချိန်တိုအတွင်းမှာ အပျက်အစီးများတယ်၊ အဲဒီသဘောတရားပြောင်းလဲမှုတွေရှိတယ် ၊ ဒီလိုပြောင်းလဲမှုတွေကို ပြည်သူက အရင်တုန်းကလည်း ဒါတွေဖြစ်နေပြီ၊ ဒါရေကြီးနေကျပဲလို့ မြင်လို့မရဘူး။ အခုရေကြီးတာက အန္တရာယ်ရှိသော ရေကြီးခြင်းဖြစ်နိုင်တယ်ဆိုပြီးတော့ ပိုပြီးတော့ တွက်ထားဖို့လိုတယ်။ ပိုပြီးတော့ တွက်ထားဖို့လိုတဲ့အတွက်ကြောင့် ခုနကပြောသလို ရှောင်ရမယ့်အရာတွေ၊ ကြိုတင်လုပ်ထားမယ့်အရာတွေမှာ နှောင့်နှေးလို့မရဘူး အဲဒါတွေမှာတော့ ပြည်သူတွေကို သတင်းစကားပါးချင်တယ်။"

အထူးသဖြင့်ကတော့ ဆည်မြောင်းတာတမံတွေနဲ့ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်ကြသူများအနေဖြင့် မြစ်ရေကြီးမှုဘေးအန္တရာယ်မှ ကင်းလွတ်ရာသို့ အမြန်ဆုံးရှောင်ရှားကြဖို့နဲ့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြဖို့ သတိပေးနှိုးဆော်နေပါတယ်။ မွန်ပြည်နယ် ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအပါအဝင် ပြည်နယ်တိုင်းတချို့မှာတော့ ကားလမ်းတွေကို ရေဖုံးလွှမ်းနေတဲ့အတွက် ခရီးသွားလမ်းပမ်းသွားလာရေးတွေ ပြတ်တောက်သွားသလို အရေးပေါ်ကူညီကယ်ဆယ်နိုင်ရေးအတွက်လည်း ဆက်သွယ်ရေးအတွက် အခက်ခဲတွေနဲ့ရင်ဆိုင်နေကြရပြီး လက်ရှိမှာတော့ မော်လမြိုင် ရန်ကုန် လေကြောင်းလိုင်းကို တိုးချဲ့ပျံသန်းပေးနေပါတယ်။

နိုင်ငံတဝှမ်း ပြည်သူသောင်းချီရေဘေးသင့်နေချိန်မှာတော့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ရေဘေးသင့် ပဲခူးတိုင်းကို သွားရောက်ကြည့်ရှု့ခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ရေဘေးသင့်ကရင်ပြည်နယ်ကို ကိုယ်တိုင်သွားရောက်ခဲ့ပြီး ဒုတိယသမ္မတ ဦး ဟန်နရီဗန်ထူးယူဦးဆောင်တဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ဦးဆောင်ပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်နေချိန်မှာတော့ ရေဘေးသင့်ပြည်သူတွေအတွက် ထိရောက်တဲ့ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေဆဲအနေအထားမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG