သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ကမ်းပါးပြိုလို့ပျောက်ဆုံးသူ ၂၃ ဦး ရုပ်အလောင်းတွေ့ရှိ


ဖားကန့် မြေစာပုံပြိုကျတဲ့မြင်ကွင်း။ (ဇူလိုင် ၁၄၊ ၂၀၁၈၊ ဓာတ်ပုံ- ဇော်မိုးထက်)
ဖားကန့် မြေစာပုံပြိုကျတဲ့မြင်ကွင်း။ (ဇူလိုင် ၁၄၊ ၂၀၁၈၊ ဓာတ်ပုံ- ဇော်မိုးထက်)

ကချင်ပြည်နယ်က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းမှာ မကြာသေးခင်တုန်းက ကမ်းပါးပြိုကျရာမှာ သေဆုံးသွားသူတွေထဲက အခုနောက်ဆုံး ရှာဖွေတွေ့ရှိထားတဲ့ အလောင်း ၂၃ လောင်းအထိ ရှိသွားပါပြီ။ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရှာဖွေရေး လုပ်ငန်းတွေ ရပ်ဆိုင်းထားခဲ့ရပြီးနောက် ပြန်လည်စတင်ခဲ့ရာမှာ ထပ်မံတွေ့ရှိတဲ့ အလောင်းတွေနဲ့ဆိုရင် စုစုပေါင်း ၂၃ လောင်းအထိ ရှိသွားပြီဖြစ်ကြောင်း ဒေသခံအာဏာပိုင်တဦးကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုက ကျောက်စိမ်းနန်းတော် ကုမ္ပဏီပိုင် လုပ်ကွက်ဟောင်းတခုမှာ ပြီးခဲ့တဲ့သီတင်းပတ် အင်္ဂါနေ့တုန်းက မြေပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာသူ အများအပြား သေဆုံးပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ်ပျောက်ဆုံးနေတဲ့ လူတွေကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပေမဲ့လည်း မိုးတွင်းကာလ ရာသီဥတုဆိုးရွားမှုတွေကြောင့် အခက်အခဲတွေနဲ့လည်း ကြုံနေရတာပါ။

ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရာ ဒေသဟာ မကြာခဏ မြေပြိုကျ မတော်တဆမှုတွေ ကြုံရလေ့ရှိပြီး၊ အထူးသဖြင့် ဒီနှစ်မိုးတွင်းကာလမှာတော့ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေနဲ့လည်း ဆက်တိုက်ဆိုသလို ကြုံနေရပါတယ်။ ကချင်ပြည်နယ်က ကျောက်စိမ်းတူးဖော်ရာ ဒေသမှာ ဒီနှစ်ဟာ အဆိုးရွားဆုံး နှစ်တနှစ်အဖြစ် မတော်တဆ မြေပြိုကျမှုတွေကြောင့် သေဆုံးသူပေါင်းဟာ ဇူလိုင်လနှောင်းပိုင်းမှာ ၁၂၀ ာကျော်အထိ ရှိနေပြီလို့လည်း ဒေသခံတွေက ပြောဆိုထားကြတာပါ။

မတော်တဆမှုတွေ ဆိုးဆိုးရွားရွား ကြုံနေရတဲ့အတွက် ဒေသတွင်းက ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေကို စနစ်တကျ ထိန်းချုပ်ဖို့နဲ့ ပြည်ထောင်စုအစိုးရက ကျောက်မျက်ဥပဒေတရပ်ကိုလည်း အမြန်ဆုံး ရေးဆွဲပြဌာန်းဖို့လည်း ဒေသခံ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက တောင်းဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG