ကချင်ပြည်နယ်ဖါးကန့်မြို့နယ် ကျောက်စိမ်းတူးဖေါ်ရေးလုပ်ကွက်က ကမ်းပါးမြေပြိုကျခဲ့တဲ့ဖြစ်စဉ်အတွင်း သေဆုံးသူ (၁၁)ဦးအလောင်းကို ဒီကနေ့မှာတွေ့ရှိရပြီး ကျန်တဲ့သူတွေကိုတွေ့ရှိဖို့ရှာဖွေနေဆဲလို့ အကူညီပေးရေးအဖွဲ့ ဝင် တွေက ပြောပါတယ်။ ဇူလိုင်လ(၂၄)ရက်နေ့မနက်မှာ ကမ်းပါးမြေပြိုကျတာဖြစ်ပြီး ကျောက်တူးနေသူစရင်းဝင်(၂၇)ဦး လောက် ပျောက်ဆုံးရာကနေ ဒီကနေ့အလောင်းကိုတွေ့ရှိရတာပါ။ ဖားကန့်ဒေသကျောက်စိမ်းတွင်းမှာ မြေစာပြိုကျ မှုကြောင့် လူအများအပြားသေကြေနေရတဲ့ဖြစ်စဉ်ဟာ အစိုးရကိုင်တွယ်ပုံ စည်းစနစ်မကျဘူးလို့ ကချင်သဘာဝပါတ် ဝန်းကျင်အရေး လှုပ်ရှားသူတွေကပြောပါတယ်။
ဗွီအိုအေထိုင်း အခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထား ပါတယ်။
ကချင်ပြည်နယ်ဖါးကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာအနီးက ဧရာရတနာ -ကျောက်စိမ်းနန်းတော် လုပ်ကွက်က ကမ်းပါးမြေပြိုမှုကြောင့် ပျောက်ဆုံးနေသူတွေအထဲက ဒီကနေ့မှာအလောင်း(၁၁)လောင်း ပေါ်လာ တယ်လို့ ကူညီရေးအဖွဲ့မှာပါဝင်နေတဲ့ Green Landသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဥက္ကဌ ကိုနောင်လတ် ဂျမ်မော် က အခုလိုပြောပါတယ်။
"တွေ့ရှိမှုက မနက်(၆)နာရီကနေ(၁၁)နာရီအထိတော့ (၆)လောင်းရတာပေါ့။ (၂)နာရီကရှာတော့အခုချိန်ထိ (၅)လောင်းပြန်တွေ့တယ်။ စုစုပေါင်း အားလုံးဒီနေ့တွေ့ရှိမှု(၁၁)လောင်းပေါ့ဗျာ။ အလောင်းတွေကတော့ ဒီရင်ခွဲရုံမှာဘဲထားမှာဘဲ။ ဖါးကန့်ရင်ခွဲရုံမှာ။"
ပြီးခဲ့တဲ့အင်္ဂါနေ့က မြေကမ်းပါးပြိုမှု ဖြစ်ပွားခဲ့ပြီး မမုံကျေးရွာ ၊ ဖားပြင်ကျေးရွာ ၊ မက်လင်ချောင်စတဲ့ကျေးရွာတွေက ရေမဆေးရှာဖွေသူ(၂၇) ဦးထိပျောက်ဆုံးသွားလို့ လူပျောက်တိုင်ကြားခဲ့သူ(၂၇)ဦးရှိခဲ့ပါတယ်။ ဒီအခြေအနေကို ကူညီရေးအဖွဲ့ မှာပါဝင်နေတဲ့ ကိုနောင်လတ်ဂျမ်မော်က အခုလိုပြောပါတယ်။
"ဖြစ်စဉ်ကဒီလိုပါ။ (၂၃)ရက်နေ့ကမိုးရွာတော့ ဒီ(၂၄)ရက်နေ့ မနက်(၅)နာရီမှာဖြစ်တာ။ တချို့ကတော့ ညလုံးပေါက် တူးတဲ့သူကတူး။ တချို့ကကျ နေ့အဆိုင်းညအဆိုင်းတူးကြတာပေါ့။ အဲဒီနေရာက ရတနာဧရာကျောက်စိမ်း နန်းတော်လို့လဲခေါ်တယ်။ ကုမ္မဏီလုပ်ကွက်ဟောင်းလို့ပြောတာဘဲ။ အမြင့်ကတော့ပေ(၃၅၀)ဝန်းကျင်လောက်ရှိတာ ပေါ့နော်။ အဲဒီမှာတူးနေတဲ့အနေအထားရယ် ချောင်းတချောင်းလုံး ဒီလိုပြည့်သွားတာလို့ မြေစာတခါတည်း ပျက်ကျတာနဲ့ ဒီမြေသားပြိုကျတာပေါ့။ ကျွန်တော်တို့ မံမော် မက်လင်ဂျောင် အားလုံးပေါင်းလိုက်ရင်တော့ ပျောက်ဆုံးသူ(၄၀)ဝန်းကျင်လောက်ရှိတယ်။ တကယ်တိတိ ကျကျပျောက်နေတာက(၂၇)ယောက်ပေါ့နော်။"
ပြိုကျမြေစာအောက်မှာ ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေမှုပြူလုပ်နေဆဲလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတာရှီ လဆိုင်းက ပြောပါတယ်။
"သူတို့ကမြေကြီးနဲ့ဖို့သွားတဲ့ဟာမဟုတ်ဘူးပေါ့နော်။ ရေထဲမြုတ်သွားတဲ့ ဟာတွေပေါ့။ အခုကျွန်တော်တို့က ရှာဖွေရေးလုပ်ငန်းတွေတောက်လျှောက်လုပ်နေပါတယ်။ ရေကန်ထဲမှာဆိုတော့ ဖေါင်နှစ်စီးသုံးစီးနဲ့ အဲဒီမှာ လှည့်ပတ်စောင့်ကြည့်နေတာပေါ့နော်။ မြေကြီးမြုတ်သွားတဲ့အတိုင်းတာမှာကျတော့ အဲဒီမြေကြီးပြန်ဖေါ်ဖို့အတွက် ယန္တရားတွေအဲဒီနေရာကိုသွားဖို့ ဆင်းဖို့အတွက်က အင်မတန်မှခက်ခဲနေတယ်။ မနေ့ကသူတို့ဘက်ဟိုး(၄)စီးနဲ့ သူတို့လုပ်ကြည့်တာ လှုပ်လှုပ်မှမလှုပ်ဘူး။"
ဖါးကန့်ဒေသအတွင်းမှာ ရေကြီးမြေပြိုမှုတွေ လူသေဆုံးမှုတွေ အစဉ်လိုဖြစ်ပွါးနေပြီး ၂၀၁၈ခုနှစ်အတွင်းမှာ ဖားကန့် ဒေသထဲ မြေပြိုကျမှုကြောင့် သေဆုံးသူပေါင်း ၁၂၀ကျော်အထိ ရှိခဲ့ပြီးဖြစ်ပါတယ်။
ကချင်ပြည်နယ်အတွင်းကကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းတွေမှာ အစိုးရကိုင်တွယ်ပုံစည်းစံနစ်မကျဘူးလို့ ကချင် ငြိမ်းချမ်းရေးကွန်ယက်က သဘာဝပါတ်ဝန်းကျင်အရေးလှုပ်ရှားသူကိုစာဂျီကပြောပါတယ်။
"စက်ယန္တရားအကန့်အသတ်မဲ့တွေ ဒိုင်းနမိုက်တွေ ဗုံးဖေါက်ခွဲတဲ့ဟာတွေ နိုင်ငံတော်အစိုးရက ကန့်သတ်ချက်တွေ ရှိ ရမယ်။ ဒါကလုံးဝကို သက်ဆိုင်ရာတာဝန်ရှိသူအစိုးရရော တပ်မတော်အဖွဲ့အစည်းတွေရော ပြည်သူလူထုကို တာဝန် ယူမှုတာဝန်ခံမှု သဘာဝပါတ်ဝန်းကျင်ဆိုင်ရာလူ့အခွင့်အရေးဆိုင်ရာ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှု ဆိုင်ရာ စည်းစနစ်မကျ မရှိတဲ့အတိုင်းအတာမှာဖြစ်တဲ့အတွက်ကြောင့်မို့ ဒီလိုဖြစ်ပေါ်လာခြင်းဖြစ်တယ်။"
အခုလို ဖားကန့်ဒေသကျောက်စိမ်းတွင်းမှာ မြေစာပြိုကျမှုကြောင့် လူအစုလိုက်အပြုံလိုက်သေကြေ ပျက်စီးနေရတဲ့ အဖြစ်ကို ပြည်ထောင်စုအစိုးရအနေနဲ့ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းသင့်တယ်လို့လဲထောက်ပြထားပါတယ်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတာရှီလဆိုင်းအနေနဲ့ကတော့ ကျောက်တွင်းတားမြစ်ဥပဒေတွေကို အားလုံး လိုက်နာမှသာ ဒီအဖြစ်ဆိုးတွေရှောင်လွှဲနိုင်မယ်လို့ဆိုပါတယ်။
"အစိုးရကတော့သူတို့ကိုပြောပြတာပေါ့နော်။ ဒီလိုဘေးအန္တရာယ်ရှိတဲ့အနေအထားတွေ သူတို့ကိုပြောပြလေ့ရှိတာပေါ့။ ပြီးတော့တားမြစ်စာတွေလဲကပ်ထားတာရှိတာပေါ့။ သို့သော်လည်းအဲဒီမှာရှိတဲ့အခြေခံလူတန်းစားတွေ အဲဒီမှာအလုပ် လုပ်နေတဲ့သူတွေကလိုက်နာမှုပိုင်းဆိုင်ရာအားနဲတဲ့အခြေကျတော့အခုလိုဖြစ်ရတာပေါ့နော်။ အစိုးရရယ်လက်ရှိကျောက် တူးနေတဲ့ကုမ္မဏီတွေရယ်။ နောက်ရေမဆေးကျောက်တပိုင်တနိုင်ရှာဖွေနေကြတဲ့ ပုဂ္ဂိုလ်တွေရယ်အားလုံးကပေါ့။ ပူးပေါင်းပါဝင်မှသာလျှင်အခုလိုဖြစ်ရပ်မျိုးတွေက အဖြစ်ဆိူးကနေခွတ်မြောက်လာမယ်လို့ထင်ပါတယ်။"
ပြီးခဲ့တဲ့ဇွန်လ(၂၂)နေ့ကတုန်းက ဖါးကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးရေကြီးမှု မြေပြိုမှုတွေဖြစ်ပွါး ခဲ့ရာမှာ ဒေသခံတွေအယောက်(၂၀)နီးပါးသေဆုံးမှုတွေဖြစ်ပွါးခဲ့သလို မေလတုန်းက ဖါးကန့်မြို့နယ် ဆိတ်မူကျေး ရွာအုပ်စု ဝှေခါးကျေးရွာမှာ မြေပြိုမှုဖြစ်ပွါးခဲ့လို့ လူ(၁၄)ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်လဲရှိနေပါတယ်။
ဖါးကန့်မြို့နယ်အတွင်းသက်တန်းကုန်လုပ်ကွက် ပိတ်သိမ်းလုပ်ကွက်တွေကို အုပ်ချုပ်ရေးယန္တရားက ထိရောက်စွာ ပိတ်သိမ်းပေးဖို့ အန္တရာယ်ရှိ တဲ့ ကျင်းဟောင်းမြေစာပုံ ဒိုင်ကျန် မြေစာပုံတွေကို တားမြစ်နယ်မြေသတ်မှတ်ပြီး ပတ် ဝန်းကျင် ထိန်းသိမ်းမှုထိရောက် စွာဆောင်ရွက်ဖို့ ပြည်သူတွေအလုပ်အကိုင်ရရှိရေးအတွက် လက်လုပ်လက်စား လုပ် ကွက်တွေ ဥပဒေနဲ့အညီ အမြန်ချထားပေးဖို့ဒေသခံ ရေမဆေးလုပ်သားကုမ္မဏီလုပ်သားလိုင်စင်ကဒ်ပြုလုပ်ပေးဖို့ လက်ရှိလွှတ်တော်မှာ ကျောက် မျက် ရတနာဥပဒေ အမြန်ဆုံးရေးဆွဲပြဌာန်းဖို့ကို ကချင်အမျိုးသားကွန်ကရက် ပါတီကနေ ဒီကနေ့မှာ ကျေညာချက် ထုတ်ပြန်ထား ပါတယ်။