အမေရိကန် တရားရုံးချုပ် တရားသူကြီး အဖြစ် သမ္မတ Donald Trump က အမည်စာရင်းတင်သွင်းထားတဲ့ ဖယ်ဒရယ် တရားသူကြီး Brett Kavanaugh က လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူခဲ့ပါတယ်ဆိုတဲ့ စွပ်စွဲချက်သစ် အပေါ် သမ္မတ အိမ်ဖြူတော်က ရှုတ်ချလိုက်ပါတယ်။
၁၉၈၃ - ၁၉၈၄ ပညာသစ်နှစ် ယေလ်း တက္ကသိုလ် အဆောင်ခန်း ပါတီတခုမှာ Kavanaugh က အဖော်အချွတ် လုပ်ခဲ့တယ်ဆိုတဲ့ အမျိုးသမီးတဦးရဲ့ စွပ်စွဲချက်ကို အမေရိကန် အထက်လွှတ်တော် အမတ် ၂ ဦးက စုံစမ်းနေတဲ့ အကြောင်း မနေ့ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ New Yorker စာစောင်က ဖော်ပြလိုက်တာပါ။
New Yorker စာစောင်နဲ့ တွေ့ဆုံ မေးမြန်းမှု အတွင်း အသက် ၅၃ နှစ် အရွယ် Deborah Ramirez က ဒီအဖြစ်အပျက်ကို ပုံဖော်ပြောပြခဲ့ပါတယ်။ Kavanaugh က သူ့ရဲ့ လိင်အင်္ဂါနဲ့ သူမရဲ့ မျက်နှာကို ကပ်လာတာကြောင့် တွန်းထုတ်လိုက်တာမှာ သူမ ဆန္ဒ မပါဘဲ ကိုင်မိသွားတယ်လို့ Deborah Ramirez က ပြောဆိုခဲ့တာပါ။
ဒီသတင်း အပေါ် ရှုတ်ချတဲ့ ကြေညာချက် တစောင်ကို အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Kerri Kupec က ထုတ်ပြန်ခဲ့ပါတယ်။ ၃၅ နှစ် ကြာခဲ့ပြီ ဖြစ်တဲ့ အတည်မပြုနိုင်တဲ့ ဒီ စွပ်စွဲချက်ဟာ ဆိုရင် လူကောင်းတယောက်ကို ဖျက်စီးပစ်လိုက်ဖို့ ကြံစည်ထားတဲ့ ဒီမိုကရက်တွေရဲ့ မဟုတ်မမှန် ပူးပေါင်းလုပ်ကြံမှုကြီး ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Kupec က ပြောဆိုပါတယ်။ သမ္မတ အိမ်ဖြူတော် အနေနဲ့တော့ တရားသူကြီး Kavanaugh ကို ခိုင်ခိုင်မာမာ ထောက်ခံထားဆဲ ဖြစ်တယ်လို့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။
Ramirez ရဲ့ စွပ်စွဲချက်ကို Kavanaugh က ငြင်းဆိုပါတယ်။ ဒီစွပ်စွဲချက်က အခြေအမြစ် မရှိတဲ့ သားပုပ်လေလွင့် ပြောဆိုချက် အဖြစ် အိမ်ဖြူတော်က ထုတ်တဲ့ ကြေညာချက်ထဲမှာ Kavanaugh က ပြောဆိုထားတာပါ။ New Yorker စာစောင်ကတော့ သူတို့ အနေနဲ့ မျက်မြင်သက်သေတော့ ရှာမတွေ့ဘူးလို့ ပြောပါတယ်။ Kavanaugh ရဲ့ ယေလ်းတက္ကသိုလ် ကျောင်းနေဖက်တွေကတော့ Kavanaugh ဟာ ဒီလိုကိစ္စမျိုး ဘယ်တော့မှ မလုပ်ဘူးလို့ ပြောကြပါတယ်။
ဒါပေမယ့်လည်း စွပ်စွဲသူ Ramirez ရဲ့ အတန်းဖော် တချို့ကတော့ Ramirez ရဲ့ ဂုဏ်သိက္ခာ အပေါ် အာမခံပြောဆိုကြသလို Kavanaugh ဟာ မကြာခဏ ဆိုသလို အမူးလွန်နေတာ တွေ့ဖူးတယ်လို့ ပြောကြပါတယ်။ ၁၉၈၂ ခုနှစ်တုန်းက Kavanaugh က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ ခံခဲ့ရပါတယ်လို့ စွပ်စွဲထားတဲ့ Christine Blasey Ford ကတော့ လာမယ့် ကြာသပတေးနေ့ မနက်မှာ အထက်လွှတ်တော် တရားရေး ကော်မတီ ရှေ့မှောက်မှာ ထွက်ဆိုဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။