ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းက ဘားဆိုင်တခုမှာ မနေ့ညပိုင်းက သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တဦး အပါအဝင် လူ ၁၂ ယောက် သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့ကနေ အနောက်ဖက် မိုင် ၄၀ လောက်အကွာမှာရှိတဲ့ Thousand Oaks မြို့က ပစ်ခတ်မှုဖြစ်ရာကို ပထမဆုံး ရောက်ရှိသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲက တယောက်ဟာ သေနတ်သမားနဲ့ ရင်ဆိုင်ဖို့ ဆိုင်ထဲဝင်သွားတဲ့ အချိန်မှာပဲ အပစ်ခံခဲ့ရကြောင်းလည်း Ventura ခရိုင် ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲ Geoff Dean က ပြောဆိုခဲ့တာပါ။
အသက် ၂၉ နှစ်အရွယ် တပ်ကြပ်ကြီး Ron Helus ဟာ ပစ်ခတ်ခံခဲ့ရတဲ့ ဒဏ်ရာနဲ့ ဒီနေ့အစောပိုင်းမှာပဲ ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့လည်း ပြောပါတယ်။ ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေ ရှိပေမဲ့ ဆေးရုံကို သယ်သွားတဲ့အတွက် ကိန်းဂဏန်း အတိအကျ မသိရကြောင်းလည်း ပြောဆိုခဲ့တာပါ။
ဆိုးရွားလှတဲ့ ဒီလိုဖြစ်ရပ်တွေဟာ နိုင်ငံအနှံ့ ဖြစ်ပွားနေပြီး၊ ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို စဉ်းစားဖို့ မလွယ်လောက်အောင် ဖြစ်နေရတဲ့အကြောင်းလည်း ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ စုံစမ်းစစ်ဆေးသူတွေကတော့ သေနတ်သမားနဲ့ ပစ်ခတ်မှု ကျုးလွန်ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်နိုင်ဖို့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) ရဲ့ အကူအညီနဲ့ ကြိုးပမ်းနေကြပါတယ်။
သမ္မတ Donald Trump ကလည်း ပစ်ခတ်မှုနဲ့ ပတ်သက်လို့ သူ့ကို အပြည့်အ၀ အစီရင်ခံတင်ပြထားကြောင်း ဒီနေ့ပဲ Twitter လူမှုကွန်ယက်ကနေ ပြောဆိုခဲ့တာပါ။ ပစ်ခတ်မှုကို တုံ့ပြန်ခဲ့ကြတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်း ချီးကျုးစကား ပြောဆိုခဲ့သလို၊ ထိခိုက်သေဆုံးသူတွေနဲ့ မိသားစုတွေကိုလည်း ဆုတောင်းစကား ပြောကြားခဲ့တာပါ။ ဆိုင်ထဲမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ သေနတ်သမားကို တွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့အကြီးအကဲက ပြောဆိုခဲ့ပေမဲ့၊ ဘယ်သူ့လက်ချက်နဲ့ သေဆုံးတာလည်း ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းလည်း ပြောပါတယ်။ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူတွေကတော့ ပစ်ခတ်မှု ဖြစ်ချိန်မှာ ထိတ်လန့်တကြား ပြေးလွှားပုန်းအောင်းခဲ့ကြရကြောင်း ပြောဆိုထားကြပါတယ်။