သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနောက်ရဲ မွတ်ဆလင်ဒုက္ခသည်စခန်းမှာ ပစ်ခတ်လူစုခွဲ


မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်များ (၂၀၁၆ အောက်တိုဘာ)
မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်များ (၂၀၁၆ အောက်တိုဘာ)

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က အနောက်ရဲ ဒုက္ခသည် စခန်းက ဒုက္ခသည် ၂ ဦးကို လူမှောင်ခိုကူးမှု စွပ်စွဲချက်နဲ့ ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးတာမှာ လူစုခွဲ ပစ်ခတ်မှု ဖြစ်ပြီး လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရန်ကုန်မြို့ ကျောက်တန်းမြို့မှာ ခေတ္တ ထိန်းသိမ်းခဲ့ရတဲ့ မူဆလင် ၁၀၆ ဦး တို့ကို လူမှောင်ခိုကူးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒုက္ခသည် စခန်းတွင်းက အမျိုးသား နှစ်ဦးကို အာဏာပိုင်တို့ ဝင်ရောက်ဖမ်းဆီးတာပါ။

အနောက်ရဲ ဒုက္ခသည် စခန်းတွင်း ပစ်ခတ်မှု ဖြစ်တယ်ဆိုတဲ့ အပေါ်မှာ အလွန် စိုးရိမ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်နဲ့ လူသားချင်းစာနာထောက်ကူမှုဆိုင်ရာ တာဝန်ခံ Knut Ostby ရဲ့ ရုံးက ကြေညာချက်ကို တွစ်တာ လူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်း ၂၀၁၂ ခုနှစ် အကြမ်းဖက် ပဋိပက္ခတွေ အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ မူဆလင် ဒုက္ခသည်တွေကို ထားရှိရာ အနောက်ရဲ ဒုက္ခသည် စခန်းတွင်း သေနတ်နဲ့ ပစ်ခတ် လူစုခွဲခဲ့တဲ့ အခြေအနေကနေ အကြမ်းမဖက်ဘဲ ထိန်းထိန်းသိမ်းသိမ်း ရှိစေဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်က တိုက်တွန်းထားပါတယ်။

ပစ်ခတ် လူစုခွဲမှု အတွင်း ထိခိုက်ဒဏ်ရာ ရမှုတွေကို ရှေးဦးပြုစုပေးသူတွေကို ကျေးဇူးတင်ရှိပါကြောင်းနဲ့ အခြေအနေကို ကုလသမဂ္ဂ ဘက်က အနီးကပ် စောင့်ကြည့်နေပါတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ရခိုင်ပြည်နယ်တွင်း ရေရှည်ခံမယ့် ဖြေရှင်းချက် တရပ် ထွက်ပေါ်လာရေး ပံ့ပိုးပေးဖို့ ကုလသမဂ္ဂဘက်က ပိုင်းဖြတ်ထားတယ်လို့လည်း ဌာနေကိုယ်စားလှယ်ရုံးက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းတွေထဲက မူဆလင် ၁၀၆ ဦးတို့ မလေးရှားကို လှေနဲ့ ဦးတည်ထွက်ခွာလာပြီးနောက် ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ထိန်းသိမ်းခံခဲ့ရပြီးနောက် ဒီကနေ့မှာဘဲ စစ်တွေမြို့ဆီကို ရေတပ်က ပြန်လည် ခေါ်ဆောင်သွားပြီ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင်း ဘာသာရေး လူမျိုးရေးဆန်တဲ့ အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း မြန်မာ အစိုးရက မူဆလင်တွေကို ဒုက္ခသည် စခန်းတွေထဲမှာ ထိန်းသိမ်းခဲ့တာ ဖြစ်ပြီး မူလနေရာတွေမှာ ပြန်လည် နေရာချထားပေးနိုင်ခြင်း မရှိဘဲ နှစ်နဲ့ချီပြီး ဒုက္ခသည် စခန်းတွေထဲမှာ သောင်တင်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG