ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာပြည်ပြန်ပို့ရေး အကြိမ်ကြိမ်ကြိုးပမ်းခဲ့ကြပေမဲ့ လက်တွေ့ဖြစ်နိုင်ခြေ မရှိဘူးလို့ ကော့ဇ်ဘဇားက ကုလတာဝန်ရှိသူက ပြောဆိုလိုက်ချိန်မှာပဲ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာတွေကလည်း မြန်မာအစိုးရကို နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးဖို့အပါအဝင် အခြေခံလူ့အခွင့်အရေးဆိုင်ရာ သူတို့တောင်းဆိုချက်တွေ မလိုက်လျောမခြင်း ပြန်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ လတ်တလော ဒုက္ခသည်စခန်းတွင်း ဆောင်ရွက်ပေးနေတဲ့ ဒုက္ခသည်အသိအမှတ်ပြု UNကဒ်ပြားထဲ ရိုဟင်ဂျာဆိုတဲ့အမည်နာမကို ထည့်သွင်းပေးဖို့နဲ့ သူတို့ရဲ့အချက်အလက်တွေကို သူတို့ကိုယ်တိုင်ရဲ့ခွင့်ပြုချက်မရှိပဲ တဆင့်လွှဲပြောင်း ပေးအပ်တာမျိုး မလုပ်ဖို့ကိုလည်း ဒုက္ခသည်တွေဘက်က အရေးတကြီးတောင်းဆိုနေကြရပါတယ်။ ဘင်္ဂလားဒေ့ရှ်ရောက် သိန်းချီတဲ့ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့အခက်အခဲအခြေအနေတွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ARSA အစွမ်းရောက်အဖွဲ့ရဲ့ အစိုးရတပ်စခန်းတွေနဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို အင်အားသုံးအကြမ်းဖက်မှုတွေ နောက်ဆက်တွဲ နယ်မြေရှင်းလင်းမှုတွေအတွင်း အသက်အန္တရာယ်စိုးရိမ်ရလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြတဲ့ သိန်းချီတဲ့ဒုက္ခသည်တွေ နေရပ်ရင်းကို လုံခြုံစိတ်ချစွာပြန်လာနိုင်ရေးနဲ့ ပြန်လည်လက်ခံရေး နေရာချထားရေးအစီအစဉ်တွေကိုလည်း အဆင်သင့်ဖြစ်အောင် စနစ်တကျဆောင်ရွက်ထားတယ်လို့ မြန်မာအစိုးရဘက်က ပြောဆိုထားတာပါ။ ဒါပေမဲ့လို့ အမျိုးသမီးနဲ့ကလေးငယ်တွေ အများစုပါဝင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာပြည်ကို ပြန်ပို့နိုင်ရေးအတွက် UNHCR ၊ UNDP နဲ့ မြန်မာအစိုးရတို့အကြား ဒုက္ခသည်တွေ ပြန်ပို့နိုင်ရေး အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့် လက်တွေ့ဖြစ်နိုင်ခြေ မရှိသေးသလို့ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမှာ ရှိတဲ့ အကြီးတန်းကုလသမဂ္ဂ ညှိနှိုင်းဆောင်ရွက်ရေးမှူး Ms. Sumbul Rizvi က ပြောခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေဘက်ကလည်း မြန်မာအစိုးရကို သူတို့ဘက်က လိုလားတောင်းဆိုချက်တွေကို မလိုက်လျောမပေးမခြင်း ပြန်ဖို့ အခြေအနေမရှိဘူးလို့ပြောပါတယ်။ ဒန်ထော်လီဒုက္ခသည်စခန်း အမှတ်(၁၅)နေ ရိုဟင်ဂျာဒုက္ခသည်တဦးဖြစ်တဲ့ ဦးမောင်ကျော်မင်းကလည်း သူတို့အတွက် အခြေခံလူ့အခွင့်အရေး၊ လုံခြုံရေးအာမခံချက်နဲ့ နိုင်ငံသားအခွင့်အရေး အပြည့်အဝမပေးမချင်း နေရပ်ပြန်ဖို့ စိုးရိမ်မှုတွေရှိနေတုန်းပဲလို့ အခုလိုပြောပါတယ်။
"အဓိကတော့ ကျနော်တို့ရဲ့ ethnicity ပေါ့ မြန်မာနိုင်ငံမှာ အဖွဲ့အစည်းတော်တော်များများသည် ethnicityကို မူတည်နေတဲ့အတွက်ကြောင့် ကျနော်တို့ တောင်းဆိုနေတယ်။ ကျနော်တို့ မူလနေရာကို ရဖို့အတွက် ကျနော်တို့ တောင်းဆိုနေတယ်။ နောက်တခုကတော့ ကြားနေစခန်းကို အစိုးရက အစီအစဉ်လုပ်နေတယ်။ အဲဒါကို ကျနော်တို့ လုံးဝကန့်ကွက်ပါတယ်။ နောက်တခုကတော့ NVC ကိစ္စပေါ့၊ ကျနော်တို့ဟာ အရင်အမျိုးသားမှတ်ပုံတင်တုန်းက ကျနော်တို့မှာ NVC ကိုင်ဖို့မလိုပါဘူးလို့။ ကျနော်တို့ဟာNVC လုံးဝလုံးဝကန့်ကွက်ပါတယ်။ ကျနော်တို့တောင်းဆိုချက်မရရင် ဘယ်တော့မှ ပြန်မှာ မဟုတ်ဘူးလို့ ကျနော်တို့ ဆုံးဖြတ်နေတာပေါ့။ ကျနော်တို့တောင်းဆိုချက်မရရင် ကျနော်တို့ ဘယ်လိုသွားရမလဲ။ ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ ထပ်ခါထပ်ခါပြောနေတယ်၊ ပြန်ဖို့အတွက် ဒါပေမယ့် ကျနော်တို့ရဲ့ မူလနေရာကို ပြန်ဖို့အတွက် ကျနော်တို့ တောင်းဆိုချုက်မရရင် ဘယ်တော့မှ ပြန်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။"
ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားအနီး ဘာလုခါလီဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်တဦးလည်းဖြစ် မောင်တောဒေသခံ ကျောင်းဆရာတဦးဖြစ်ခဲ့တဲ့ ဦးမောင်မောင်ကလည်း နေရပ်ပြန်လာကြမယ့် သူတို့အတွက် နေရပ်ရင်းတွေမှာ ပြန်လည်နေရာချပေးတာ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း ဆုံးရှုံးနစ်နာမှုတွေအတွက် တရားမျှတမှုတွေ လိုအပ်နေတဲ့အကြောင်း အစိုးရကို တောင်းဆိုချက်တွေကို လိုက်လျောပေးမယ်ဆိုရင် ပြန်ဖို့အသင့်ပါပဲလို့ပြောပါတယ်။
"အဓိက ကျနော်တို့တောင်ဆိုချင်တာက ကျနော်တို့ မူလနိုင်ငံသားအခွင့်အရေးပေးရမည်။ ကျနော်တို့ရဲ့ မူလနေရာနဲ့ ကျန်ခဲ့တဲ့ ဥစ္စာပစ္စည်းပိုင်ဆိုင်ခွင့်တွေကို ပေးရမည်။ နံပတ် ၃ ကတော့ ကျနော်တို့ security လုံခြုံရေးပေါ့။ အဲဒီလုံခြုံရေးကို နိုင်ငံတကာအစောင့်အရှောက်နဲ့ ကျနော်တို့ကို လိုက်ပါရမည်။ repatriation လုပ်ဖို့အတွက် ဒီမှာရှိတဲ့လူတွေကပြောတယ် ငါးခူရလက်ခံရေးစခန်းနဲ့ တောင်ပြိုလက်ဝဲလက်ခံရေးစခန်း ကနေ ကြားစခန်းကိုပို့ပြီးတော့ ကြားစခန်းကနေ မူလနေရာမရရင်တော့ အနီးဆုံးနေရာချပေးမယ်လို့ပြောတယ် အဲဒါကို ကျနော်တို့ လုံးဝလက်မခံဘူး။"
လတ်တလော ဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာ ဒုက္ခသည်တွေ ရင်ဆိုင်နေကြရတာကတော့ ဒုက္ခသည်စခန်းတွေထဲက အသက်(၁၂)နှစ်အထက် ကလေးငယ်ကစလို့ ဒုက္ခသည်တဦးချင်းစီရဲ့ မိသားစုစာရင်းအချက်အလက်တွေကို UNHCR က ကောက်ခံပြီး အထောက်အထားကဒ်ထုတ်ပေးနေတဲ့ကိစ္စပါ။ ဒုက္ခသည်တွေဘက်က အဲ့ဒီ့ကဒ်ထဲမှာ ရိုဟင်ဂျာဆိုတဲ့အမည်ကို ထည့်သွင်းပေးဖို့နဲ့ သူတို့ဆီက ကောက်ခံထားတဲ့ ကိုယ်ရေးစာရင်းအချက်အလက်တွေကို သူတို့ရဲ့ခွင့်ပြုချက်မရှိပဲ တခြားအဖွဲ့အစည်းတွေဆီ လက်လွှဲပြောင်းပေးအပ်ခြင်းမပြုဖို့ ဆန္ဒပြတောင်းဆိုနေကြရတယ်လို့လည်း ဦးမောင်မောင်ကပြောပြပါတယ်။
"ကျနော်တို့က တောင်းဆိုထားတာက အချက် ၂ ချက်ပဲတောင်းဆိုတယ်။ ပထမအချက်ကတော့ ကျနော်တို့ ရိုဟင်ဂျာ နာမည်ရေးပေးရမယ်၊ နောက်တခုကတော့ ကျနော်တို့အချက်အလက်တွေမဟုတ်တာကို မြန်မာအစိုးရကို ကျနော်တို့ အကြောင်းကြားချက်မပါပဲနဲ့ ကျနော်တို့ပူးပေါင်းတာမပါပဲနဲ့ ဘယ်တော့မှလုပ်နိုင်မှာမဟုတ်ဘူးလို့ ကျနော်တို့အဓိကတောင်းဆိုထားတာရှိတယ်။"
အခုထုတ်ပေးမယ့်UN ကဒ်ကတော့ ပိုပြီးတော့မှ နည်းပညာပိုင်းဆိုင်ရာ အထောက်အထားခိုင်လုံမှုတွေနဲ့ အဆင့်မြင့်ပြီး စခန်းတွင်း ရိက္ခာ၊ ဆေးဝါးပစ္စည်းစတဲ့ လူသားချင်းစာနာမှု ကူညီပေးရေးလုပ်ငန်းတွေ ဒုက္ခသည်တွေအတွက် ဆောင်ရွက်ရာမှာလည်းပိုပြီးတော့မှ အဆင်ပြေချောမွေ့လွယ်ကူ လာစေဖို့ရည်ရွယ်တယ်လို့ ကုလဘက်က ပြောဆိုထားပါတယ်။ အခုလတ်တလောအခြေအနေမှာတော့ ဒုက္ခသည်စခန်းတွင်း စားနပ်ရိက္ခာအခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေကြရတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။
"အခြေအနေကတော့ လောလောဆည်စိုးရိမ်နေရတယ် ။ အခုလူတွေက ရိက္ခာထုတ်တဲ့အချိန်မှာ ပစ္စည်းတမျိုး ၊ ဆီ၊ ဆန် အဲဒီ ရိက္ခာ ၃ မျိုးပဲရတယ်။ ကျန်တဲ့ဟာတွေကတော့ အကုန်လုံးမရဘူး။ ကျနော်တို့ဒုက္ခသည်တွေဘက်က လောလောဆည် အဲဒါကို စိုးရိမ်တယ်။"
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲမှာ စားနပ်ရိက္ခာအခက်အခဲ၊ နေစရာအခက်ခဲတွေနဲ့ ရင်ဆိုင်နေကြရပေမဲ့လို့ အစုလိုက်အပြုံလိုက် လူမျိုးတုန်း သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ကုလနဲ့ နိုင်ငံတကာက ပြောဆိုထားတဲ့ အဖြစ်ဆိုးတွေနဲ့ရင်ဆိုင်ခဲ့ကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘက်ကတော့ သူတို့ရဲ့ နေရပ်ရင်းတွေကို ပြန်ဖို့အရေးကို စိုးရိမ်မှုတွေရှိနေကြတုန်းဖြစ်ပါတယ်။