သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းကျခံ ကချင်ခေါင်းဆောင်သုံးဦး လွတ်မြောက်ရေး အဆင့်ဆင့် အယူခံဝင်မည်


ထောင်ကျနေတဲ့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူသုံးဦးလွတ်မြောက်ရေး တောင်းဆိုဆန္ဒပြနေကြ ( သတင်းဓာတ်ပုံ Credit to Kachin Youth Movement)
ထောင်ကျနေတဲ့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူသုံးဦးလွတ်မြောက်ရေး တောင်းဆိုဆန္ဒပြနေကြ ( သတင်းဓာတ်ပုံ Credit to Kachin Youth Movement)

စစ်တပ်ကို အသရေဖျက်မှုနဲ့ ထောင်ဒဏ်ခြောက်လနဲ့ငွေဒဏ် ချခံလိုက်ရတဲ့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူသုံးဦး အမှု သူတို့မှာ အပြစ်မရှိတဲ့အတွက် တရားဥပဒေလမ်းကြောင်းအတိုင်း ဆက်အယူခံဝင်သွားမယ်လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။ မြစ်ကြီးနား အကျဉ်းထောင်မှာ အကျဉ်းချခံထားရတဲ့ကချင်ခေါင်းဆောင်သုံးဦးကို မနက်ဖြန် သွားရောက်တွေ့ဆုံဖို့ရှိပြီး သူတို့လွတ်မြောက်ရေး အစွမ်းကုန်ကြိုးစားသွားမှာဖြစ်တယ်လို့ ကချင်လူငယ်ငြိမ်းချမ်းရေးလှုပ်ရှားသူတွေကလည်းပြောပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ပြည်တွင်းစစ်ရပ်တန့်ရေးနဲ့ စစ်ဘေးသင့်ပြည်သူတွေ လွတ်မြောက်ရေး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းကနေ တမြို့လုံး လှည့်လည်ပြီး ငြိမ်းချမ်းစွာ လမ်းလျောက်ဆန္ဒပြခဲ့ကြတဲ့ ဒေသခံပြည်သူ ထောင်ချီပါဝင်တဲ့ လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်သုံးဦးဖြစ်တဲ့ ကို Lum Zawng၊ ဦးဇော်ဂျတ်နဲ့ ဒေါ်နန်ပူတို့ကို တပ်မတော်ရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းအောင် ဆန္ဒပြခဲ့ကြတယ်ဆိုပြီး တပ်ကိုအသရေဖျက်မှု ပုဒ်မ ၅၀၀ချိုးဖောက်မှုနဲ့ ကချင်ပြည်နယ် မြစ်ကြီးနားတရားရုံးကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က ထောင်ဒဏ် (၆) လနဲ့ ငွေဒဏ် ငါးသိန်းကျပ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

မနက်ဖြန် တနင်္လာနေ့မှတေ့ာ မြစ်ကြီးနားအကျဉ်းထောင်မှာ အကျဉ်းချခံထားရသူသုံးဦးအနက်က ကို Lum Zawng ဦးဇော်ဂျတ်တို့ကို သွားရောက်တွေ့ဆုံဖို့ရှိတဲ့ သူတို့နှစ်ဦးရဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးမုန်စိုင်းထူးကတော့ သူရဲ့ အမှုသည်တွေ လွတ်မြောက်ရေး တရားဥပဒေလမ်းကြောင်းအတိုင်း အဆင့်ဆင့် ဆက်အယူခံဝင်သွားဖို့ စီစဉ်ထားတယ်လို့ ဗွီအိုအေမြန်မာပိုင်းကိုအခုလိုပြောပြပါတယ်။

" အထက်ရုံးကို ကျနော်တို့ အယူခံပြန်တက်ဖို့ရှိပါတယ်။ တရားခံတွေမှာ အပြစ်မရှိဘူးဆိုတာနဲ့ပတ်သက်ပြီး ကျနော်တို့ နည်းဥပဒေနဲ့ စီရင်ထုံးတွေကို ကိုးကားပြီးမှ ပြန်တက်မှာပါ ကျနော်တို့ယုံကြည်ပါတယ်။ ကိုLum Zawng တို့နဲ့ မနက်ဖြန်မှာ ထောင်မှာ သွားတွေ့မယ်။ သူတို့နဲ့ တွေ့ပြီး အယူခံတွေ ပြန်တက်ကြဖို့ -အစကတည်းက ကျနော်တို့ ဆွေးနွေးပြီးသားပါ။ အခုက အယူခံပြန်တက်ဖို့ ပြန်စီစဉ်ကြရမှာပါ။"

မဆုမွန်။။ လောလောဆယ်မှာ ဆရာတို့ ဘာတွေများပြင်ဆင်ထားတာတွေရှိပါလဲရှင့်။

" အမိန့်ချခဲ့တုန်းက သူတို့အနေနဲ့ တစုံတရာ အမိန့်ချမှတ်နိုင်ခြေရှိတယ်ဆိုတာကို ကျနော်တို့ပြင်ဆင်ထားခဲ့တယ်။ သို့ပေမဲ့လို့ ကျနော်တို့ မတွေးမိနိုင်တာပေါ့နော် ကျနော်တို့ တရားရုံးကိုလည်း ယုံကြည်တာပေါ့နော်။ ပြစ်ဒဏ်ဆိုတဲ့နေရာမှာ ထောင်ဒဏ်ကြီး ချမှတ်လောက်အောင် မဟုတ်လောက်ဘူးလို့ ထင်တာပဲ သို့ပေမဲ့ တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့တော့ ကျနော်တို့ အံသြခဲ့ရတာပေါ့ အဲ့သလိုထောင်ဒဏ်ချမှတ်လိုက်တယ်ဆိုတော့ ကျနော်တို့ မဖြစ်မနေကို တရားရုံးမှာ အယူခံပြန်တက်ဖို့ ရှိတာပေါ့နော်။

အမိန့်ချမှတ်လိုက်ချိန်ကစလို့ သူတို့သုံးဦးကို အမြန်ဆုံးလွတ်ပေးဖို့ မြစ်ကြီးနား၊ မိုင်ဂျာယန်စတဲ့ ကချင်ပြည်နယ်တဝှမ်းဒေသအသီးသီးက ထောင်ချီတဲ့ကချင်ပြည်သူတွေကလည်း စုဝေးဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်၊ အဲ့ဒီ့ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တယ်ဆိုပြီး ရှေ့နေဆိုင်းခွမ်အောင်၊ မဆွတ်ဆိုင်းထွယ်၊ ဓမ္မဆရာ ဦးဘရန်မိုင် တို့ကို ငြိမ်းစုစီ ပုဒ်မ ၁၉နဲ့ တရားစွဲခဲ့သလို သူတို့လွတ်မြောက်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကိုလမာဆန်အောင်နှင့် ဒေါ်လုဆန်တို့ကိုလည်း ငြိမ်းစုစီပုဒ်မ ၂၀နဲ့ မြစ်ကြီးနားမြို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ထပ်မံတရားစွဲခဲ့ပါသေးတယ်။

အခုလို ငြိမ်းချမ်းစွာလှုပ်ရှားသူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲဆိုနေတဲ့အခြေအနေအပေါ် ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူ လူငယ်တဦးဖြစ်တဲ့ ကိုထွယ်အောင်ကတော့ မတရားမှုတခုအဖြစ် အခုလို ရှု့မြင်ပါတယ်။

" အဓိကကတော့ အစိုးရဆိုတာကတော့- ပြည်သူတွေကို ကာကွယ်ဖို့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ပြည်သူတွေရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးဖို့နဲ့ကာကွယ်နိုင်တဲ့ဥပဒေဘက်ကနေ မားမားမတ်မတ် ဆောင်ရွက်ရမယ့် အနေအထားတွေမှာ အဓိက ဆောင်ရွက်ကြရမယ်လို့ အဲ့သလို ယုံကြည်ထားခဲ့ပါတယ်။ ဒါပေမဲ့ အခုအခြေအနေကို ကြည့်လိုက်လို့ရှိရင် ပြည်နယ်အစိုးရရဲ့ အတိုင်းအတာက ဘာမှကို မမြင်တွေ့ရဘူး။ ဒါပေမဲ့ ဒီလိုမှန်မှန်ကန်ကန်နဲ့ လုပ်ဆောင်နေတဲ့အရာတွေအပေါ်မှာ မားမားမတ်မတ် ရပ်တည်ပေးဖို့အတွက် ဘယ်သူမှ မရှိဘူးဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်နေရတယ်။ အဲ့တော့ ပြည်သူက ရွေးကောက်ထားတဲ့ အစိုးရဟုတ်တယ်ဆိုပြီး အားလုံးက ကြေညာထားတဲ့အပေါ်မှာ တာဝန်ရှိတယ်။ ပြီးတော့ တရားစီရင်ရေးမဏ္ဍိုင်မှာ အခြေခံတဲ့ သူတွေအားလုံးမှာ ဒီလို မတရားမှု ထောင်ဒဏ်ချမှတ် စီရင်တဲ့အပေါ်မှာ ဒီလိုလုပ်ဆောင်တဲ့အရာတွေကိုလည်း ကျနော်တို့ အင်မတန်မှ ကန့်ကွက်ရှုတ်ချပါတယ်။"

ကချင်ပြည်နယ်အစိုးရအပါအဝင် ပြည်သူက ရွေးချယ်တင်မြောက်လိုက်တဲ့ NLD ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရဘက်က မိမိတို့ဒေသတွင်း စစ်မီးတွေငြိမ်းသတ်ရေး ငြိမ်းချမ်းစွာတောင်းဆိုနေတဲ့ ပြည်သူတွေအပေါ် မတရားမှုတွေနဲ့ ထောင်ချအပြစ်ပေးနေတာကို အမြန်ဆုံးရပ်တန့်အောင် ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုလိုပါတယ်လို့ ကချင်လူငယ်ကိုထွယ်အောင်က ပြောပါတယ်။

"ဒီလို မတရားမှုတွေနဲ့ စီရင်ချက်ချ ဆုံးဖြတ်ချပြီးတော့ ထောင်ချတယ်။ ပြီးတော့ လက်နက်မကိုင်တဲ့ပြည်သူလူထုတွေကို ဒီလိုမျိုး ဥပဒေပုဒ်မတွေ တပ်ပြီးတော့ ဒီလိုတွေ လုပ်လိုက်တာဟာဆိုရင် အင်မတန်မှ ဒီမိုကရေစီရဲ့လမ်းစဉ်ကိုလည်း အနှောင့်အယှက်ဖြစ်စေတယ်။ ဒီမိုကရေစီထွန်းကားမှုတွေကိုလည်း အင်မတန်မှ အနှောင့်အယှက်ဖြစ်စေတဲ့အခြေအနေဖြစ်နေတာကို အခု လိုမျိုး မတရားမှုနဲ့ ထောင်ချခံနေရတဲ့သူတွေအားလုံးကို လွတ်မြောက်ဖို့ ကျနော်တို့ရဲ့အဓိက တောင်းဆိုချက်တခုဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။"

ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူသုံးဦးကို ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအတော်များများနဲ့ EU ဥရောပသမဂ္ဂတို့ကပါ စိုးရိမ်မကင်းဖြစ်မိကြောင်း လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်နဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နဲ့ တည်ဆောက်နေတဲ့ ဒီမိုကရေစီစနစ်ကို များစွာထိခိုက်စေတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာကို ချက်ခြင်းဆိုသလို သဘောထားကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG