တိုက်ပွဲတွေရပ်ရေးနဲ့ စစ်ဘေးသင့် ပိတ်မိပြည်သူတွေ လွတ်မြောက်ရေး ဦးဆောင်ခဲ့တဲ့ ကချင်ခေါင်းဆောင်သုံးဦးကို တပ်ကို အကြည်ညိုပျက်အောင် လုပ်တယ်ဆိုပြီး အသရေဖျက်မှုပုဒ်မ (၅၀၀)နဲ့ တရားစွဲဆိုမှုမှာ အမှုမခိုင်လုံတဲ့အတွက် အမှုက ပလပ်ပေးဖို့ဒီကနေ့ ကချင်ပြည်နယ် တရားလွှတ်တော်မှာတရားစွဲခံရသူတွေဘက်က လျှောက်လဲခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုတဲ့ NLD အစိုးရလက်ထက် စစ်ပွဲတွေရပ်ပေးဖို့ ကချင်ပြည်နယ်အပါအဝင် ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာ ငြိမ်းချမ်းရေးစွာ ဆန္ဒထုတ်ဖော်သူတွေကို ဥပဒေပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲဆိုနေတဲ့လုပ်ရပ်ဟာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့လည်း ဝေဖန်ကြပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
တကျော့ပြန်ကချင်စစ်ရေးပဋိပက္ခထဲ ထောင်ချီပိတ်မိနေတဲ့စစ်ဘေးသင့်ပြည်သူတွေ ကယ်ထုတ်ရေးနဲ့တိုက်ပွဲတွေအမြန်ဆုံးရပ်ပေးဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းကနေ စတင်ပြီး မြစ်ကြီးနားမြို့တမြို့လုံး လမ်းလျောက်ဆန္ဒပြခဲ့ကြတဲ့ ဒေသခံပြည်သူ ထောင်ချီပါဝင်တဲ့ လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်သုံးဦးဖြစ်တဲ့ ဦး Lum Zawng ၊ ဦးဇော်ဂျတ်နဲ့ ဒေါ်နန်ပူတို့ဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ပြောဆိုဆန္ဒပြခဲ့ကြတယ်ဆိုပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်- ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက ရာဇသတ်ကြီးပုဒ်မ (၅၀၀) အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဒီအမှုကိုတော့ မြစ်ကြီးနားမြို့ မြို့နယ်တရားရုံးမှာ အခုလက်ရှိ အမှုရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်။ တရားစွဲထားခံရသူထဲကတချို့ကို ဒီ့အရင်မှာလည်း မြစ်ကြီးနားမြို့နယ်စခန်းမှူးက တရားလိုလုပ်ပြီး ငြိမ်းစုစီဥပဒေပုဒ်မ ၁၉နဲ့ အမှုစွဲဆိုပြီး ငွေဒဏ်နဲ့ ထောင်ဒဏ် စီရင်ချက်ချပြီးဖြစ်ပါတယ်။
အခုလို ဖြစ်စဉ်တခုတည်းကိုပဲ နှစ်ကြိမ် စွဲဆိုတဲ့အမှုကို တရားဥပဒေကျင့်ထုံးနဲ့မညီညွတ်တဲ့အပြင် အမှုမခိုင်လုံတဲ့အတွက် အမှုကပလပ်ပေးဖို့ ကချင်ပြည်နယ် တရားလွှတ်တော် တရားရုံးကို ဦးတိုက်လျှောက်ထားမှုကို တရားသူကြီးက လက်ခံလိုက်ပါတယ်။ ဒီကနေ့ ပထမဆုံးအကြိမ် ပြည်နယ်တရားလွှတ်တော်ရုံးမှာ အပြန်အလှန် လျှောက်လဲကြတဲ့ အခြေအနေ ကိုတော့ တရားစွဲခံရသူတဦးဖြစ်တဲ့ ကချင်ငြိမ်းချမ်းရေးလူငယ်လှုပ်ရှားမှုကော်မတီ ဦးဆောင်ကော်မတီဝင် ဦး Lum Zawng က ပြောပြပါတယ်။
" ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးကနေ တပ်မတော်ရဲ့ အသရေဖျက်မှုနဲ့ ကျနော်တို့ကို တရားဆွဲဆိုထားတာပါ။ အဲဒါ မြို့နယ်မှာ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးကိုစစ်ပြီးတော့ ဒီအမှုဟာ အမှုတည်ဆောက်ဖို့အတွက် မသင့်တော်ဘူး ဥပဒေကြောင်းအရမှားယွင်းနေတဲ့ဟာတွေရှိတယ်ဆိုပြီးမှ ကျနော်တို့ဘက်ကနေ ရှေ့နေကတော့ ကချင် ပြည်နယ်တရားလွှတ်တော်ကို ဒီအမှုကို ပယ်ဖျက်ဖို့အတွက် တင်သွင်းထားတာပေါ့ အဲဒါကို ကချင်ပြည်နယ်တရားလွှတ်တော်ဘက်ကနေ လက်ခံပြီးမှ ဒီနေ့ကတော့ ဒီအမှုနဲ့ ပတ်သက်ပြီးမှ တရားလိုဘက်ကနေ ဥပဒေအရာရှိရော ကျနော်တို့ဘက်ကနေ ရှေ့နေတွေရော တင်ဖို့ လျောက်လွဲချက်ပေးတာဖြစ်ပါတယ်။ ဒီနေ့ကတော့ တရားလိုဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးကမလာရောက်ပါဘူး။ သူ့ကိုယ်စား ဗိုလ်မှူးနေမျိုးဦး ဆိုသူကတော့ လာပါတယ်။ သူက ကျနော်တို့ဘက်ကတော့ ဒီအမှုဟာ ဥပဒေကြောင်းအရ ကျနော်တို့က ဖြစ်စဉ်တခုကိုအခြေခံပြီးမှ ကျနော်တို့အစိုးရဘက်ကနေ ၂ ကြိမ်တရားစွဲဆိုတဲ့ပုံစံဖြစ်နေတယ်ဆိုတာကို ကျနော်တို့ တင်သွင်းထားတာပေါ့နော်။"
ငြိမ်းချမ်းရေး လှုပ်ရှားသူတွေကို တရားလိုအဖြစ် တရားစွဲဆိုထားတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုဗိုလ်မှူးကြီး ကိုယ်တိုင် မတက်ရောက်ခဲ့ပေမဲ့လို့ အမှုနဲ့ပတ်သက်ပြီး ရှေ့နေတွေဘက်က အပြန်အလှန် လျှောက်လဲခဲ့ကြပါတယ်။ ဒုဗိုလ်မှူးကြီးဘက်က တပ်မတော်ကို ကိုယ်စားပြုစွဲဆိုတာမဟုတ်ပဲ တပ်ကို သိက္ခာကျအောင် လှုံ့ဆော်နေတာတွေကို တပ်မတော်သားတယောက်အနေနဲ့ မိမိဆန္ဒအလျောက် ကန့်ကွက်တဲ့အနေနဲ့ စွဲဆိုတာဖြစ်ကြောင်း မြို့နယ်ရုံးမှာ ထွက်ဆိုထားပါတယ်။
တရားလွှတ်တော်ရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေချိန် တရားခွင်ခေတ္တရပ်နားထားတဲ့ မြို့နယ်ရုံးချိန်းကိုတော့ လာမယ့်ဇူလိုင်လ ၁၆ကိုသတ်မှတ်ထားပြီး ပြည်နယ်လွှတ်တော်က အမှုအခြေအနေကိုတော့ မကြာခင်မှာတော့ ကချင်ပြည်နယ် တရားလွှတ်တော်ဘက်က အကြောင်းပြန်ကြားမှာဖြစ်တဲ့အကြောင်း ဦး Lum Zawng က ပြောပြပါတယ်။
"အမှုတွဲကတော ကချင်ပြည်နယ် တရားလွှတ်တော်ဘက်ကရပ်ထားတယ် မြစ်ကြီးနားတရားလွှတ်တော်ဘက်က တရားရုံးမှာကတော့ ၁၆ ရက်နေ့ မြို့နယ်ရုံးချိန်းပြန်ပြီးမှ ပေးထားပါတယ်။ အခုလောလောဆည်ကတော့ ကချင်ပြည်နယ် တရားလွှတ်တော်ရဲ့ ဆုံးဖြတ်ချက် အမိန့်ချမှတ်မှုအပေါ်မှာ မူတည်လာမယ်။ ကျနော်တို့ကို စွပ်စွဲပြီးမှ ဒီလိုတရားစွဲဆိုထားတာက ကျနော်တို့က နိုင်ငံတော်အစိုးရကို ပုန်ကန် ဆန့်ကျင်ဆန္ဒပြလုပ်ဆောင်တာလည်းမဟုတ်ပါဘူး။ ကျနော်တို့က ဘယ်သူ ဘယ်အဖွဲ့အစည်းကိုမှလည်း ထိခိုက်စေချင်တာမဟုတ်ဘူး။ ကိုယ်ရဲ့ ပြည်သူတွေ ကိုယ့်ရဲ့ နိုင်ငံသူနိုင်ငံသားတွေ ကိုယ့်မိသားစုတွေ ဆွေမျိုးတွေအားလုံး ကတော့ ဒီ၂ ဖက်စစ်တပ်အထဲမှာ ပိတ်မိထားတဲ့အတွက်ကြောင့်မို့လို့ ထောင်နဲ့ချီတဲ့ပြည်သူတွေကို အမြန်ဆုံး နိုင်ငံတော်အစိုးရက အမြန်ဆုံးကယ်တင်၊ ကယ်ထုတ်ပေးပါဆိုပြီးတော့ လူသားချင်းစာနာထောက်ထားမှုအကူအညီ အမြန်ဆုံးလုပ်ပေးပါဆိုပြီး နိုင်ငံတော်အစိုးရကို အကူအညီတောင်းဆိုတာပါ။ ဒါကြောင့်မို့ တရားစီရင်ရေးကနေ ကျနော်တို့ကို စွပ်စွဲတရားဆိုထားတာကို မှန်မှန်ကန်ကန် တရားဥပဒေနည်းလမ်းအတိုင်း တရားစီရင်ဖြေရှင်းပေးဖို့အတွက် ကျနော်တို့ယုံကြည်စွာ မျှော်လင့်ထားပါတယ်။"
အခုလိုကချင်ပြည်နယ်က ငြိမ်းချမ်းရေးလှုပ်ရှားသူတွေအပါအဝင် ရန်ကုန်မြို့နဲ့ မန္တလေးမြို့ကြီးတွေက ငြိမ်းချမ်းစွာ လူထုဆန္ဒထုတ်ဖော်ဆန္ဒပြသူတွေကို လုံခြုံရေးအာဏာပိုင်တွေဘက်က အခုလို ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲဆိုနေတာကတော့ တိုင်းရင်းဒေသက စစ်ရေးပြသနာတွေနဲ့ လူထုအခက်အခဲကို အမှန်တကယ် ပြေလည်စေမယ့် နည်းလမ်းအဖြေ မဟုတ်ဘူးလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကပြောပါတယ်။
ငြိမ်းချမ်းရေးကိုအဓိကဦးစားပေးဖော်ဆောင်မယ့်ဆိုတဲ့ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူနေတဲ့ ဒီလိုဖြစ်စဉ်အမှုတွေဖြစ်နေတာကတော့ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှား ကချင်ရှေ့နေတဦးဖြစ်တဲ့ ဦးခွန်နောင်က ဝေဖန်လိုက်ပါတယ်။
"တပ်မတော်ကနေပြီးတော့ စွဲဆိုတာတွေများနေတာပေါ့လေ။ NLD အစိုးရ အနေနဲ့ သူတို့ဘက်ကနေပြီးတော့မှ ထိထိရောက်ရောက်စွမ်းဆောင်နိုင်မှု အားနည်းတယ်လို့ မြင်တာပေါ့လေ။ ဆန္ဒပြပွဲတွေဖြစ်တယ် ဖြစ်တဲ့အပေါ်မှာ သူတို့ဘက်က ကိုင်တွယ်တဲ့ဟာတွေက နိုင်ငံသူနိုင်ငံသားတွေ ပြည်သူတွေ ကျေနပ်လောက်အောင်ပေါ့နော် ဖြေသိမ့်နိုင်တဲ့ mechanism ပေါ့နော် အဲဒါတွေ ရှိတယ်ဆိုတာကို မတွေ့ရဘူးပေါ့။ အဲဒီလိုမျိုး ဆန္ဒပြပွဲတွေဖြစ်တယ် ဖြစ်တဲ့အပေါ်မှာ ပြည်သူတွေနဲ့ ရုန်းရင်းဆန်ခတ်တွေဖြစ်တယ် ၊ ပြီးတော့ ပြည်သူတွေ ကျေနပ်လောက်အောင်ဆောင်ရွက်တာတွေ ကျနော်တို့မတွေ့ရဘူးပေါ့။"
နိုင်ငံတဝှမ်း ငြိမ်းချမ်းရေးလှုပ်ရှားသူတွေကို အမြင့်ဆုံးထောင်ဒဏ် ၃လနဲ့ ဒဏ်ငွေငါးသောင်းသတ်မှတ်ထားတဲ့ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ ပုဒ်မ (၅၀၀) စသဖြင့် တရားစွဲဆိုနေတာဖြစ်ပြီး အခုကချင်လှုပ်ရှားသူတွေကိုစွဲဆိုထားတဲ့ပုဒ်မ(၅၀၀) ကတော့ မည်သူမဆို အခြားတစ်ဦးဦးကို အသရေဖျက်မှု တစ်ခုကျူးလွန်လျှင် ထိုသူအား(၂) နှစ်အထိ ထောင်ဒဏ် ဖြစ်စေ ငွေဒဏ်ဖြစ်စေ ၊ပြစ်ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။