သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် တိုက်ပွဲတွေမှာ ပိတ်မိနေသူတွေ ကယ်ထုတ်ရေးအစီအစဉ် စတင်


ပိတ်မိစစ်ရှောင်ပြည်သူများကို ကယ်ထုတ်ရန်အတွက် သွားနေစဉ် (KBC KACHIN)
ပိတ်မိစစ်ရှောင်ပြည်သူများကို ကယ်ထုတ်ရန်အတွက် သွားနေစဉ် (KBC KACHIN)

ကချင်ပြည်နယ်က တိုက်ပွဲတွေကြား ထောင်နဲ့ချီတဲ့ ဒေသခံတွေ ပိတ်မိနေတဲ့အပေါ် ပြည်တွင်းပြည်ပက စိုးရိမ်မှုတွေ နဲ့ ကန့်ကွက်မှုတွေ ထွက်ပေါ်လာခဲ့ပြီးနောက်၊ အခုနောက်ဆုံး ဒုက္ခသည်တွေ ဘေးလွတ်ရာ ပြောင်းရွှေ့တဲ့ အစီအစဉ် တွေ စတင်နေပါပြီ။ တချိန်တည်းမှာပဲ တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်တဲ့အတွက် ဒုက္ခသည်တွေ အတွက် လုံခြုံရေး၊ စားဝတ်နေရေး အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေကြရဆဲပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွမ်းအိန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ကာမိုင်းမြို့နယ် မံဝယ် နောင်လိုင်ခူးကျေးရွာမှာ ပိတ်မိပြည်သူတွေကိုကယ်ထုတ်ဖို့ ကချင်ပြည် နယ်အစိုးရအဖွဲ့ဝန်ကြီးတွေ ဦးဆောင်ပြီး ဘာသာရေးခေါင်းဆောင်တွေ ကချင်လူထုသပိတ်လှုပ်ရှားမှုဦးဆောင် ကော်မတီတို့ကနေ စတင်ထွက်ခွါလာပြီးဖြစ်တယ်လို့ကချင်လူငယ်အဖွဲ့ခေါင်းဆောင် ဒေါ်ဆွတ်ဆိုင်းတွယ်ကပြော ပါတယ်။

"ဝန်ကြီးချုပ်ကအခု ကျွန်မတို့လူငယ်တွေတောင်းဆိုမှုကြောင့်ပေါ့နော်။ အခုလိုင်နောင်းခူးကျေးရွာပေါ့နော်။ အဲဒီမှာ ပြည်သူ(၁၇၀)လောက် ပိတ်မိနေတယ်။ အဲဒီပိတ်မိလူတွေသွားကယ်ဖို့ အတွက်ကိုမှ ကချင်ဂိုဏ်းဂနပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေရယ် ကျွန်မတို့လူငယ်အဖွဲ့က ကိုယ်စားလှယ်တွေရယ် သွားတော့မယ်ရှင့်။"

ဒီခရီးစဉ်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့တွေက ဦးစွာထွက်ခွါလာပြီး ဘာသာရေးခေါင်းဆောင်တွေ ကချင်လူထု သပိတ်လှုပ်ရှားမှုဦးဆောင် ကော်မတီတွေ မီဒီယာအဖွဲ့တွေကနောက်မှာလိုက်ပါလာခဲ့ရတာပါ။

တိုက်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ စစ်ဘေးသင့်ပြည်သူတွေကို အမြန်ဆုံးကယ်ထုတ်ဖို့ အလာမှာ မိုးကောင်းမြို့နယ် မရန်ကထောင်စစ်တပ်ဂိတ် တားဆီးမှုတွေခံနေရတယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးလမိုင် ဂွမ်ဂျာ ကဆိုပါတယ်။

"တားဆီးခံရတယ်ဆိုပေမဲ့ ကျွန်တော်တို့တက်လာတဲ့အချိန်မှာလေ တိုင်းကိုသတင်းပို့ရမယ်လေသူတို့က။ လူအများ နဲ့ ဆိုတော့။ ကြိုတင်ပြီးတော့အကြောင်းကြားထားတာမရှိတဲ့အခါကျတော့ သူတို့လဲ ဆင့်ကဲဆင့်ကဲပေါ့ဗျာ။ အဲဒီမှာရှိတဲ့စကခကနေပြီးမှ တိုင်းကိုပြန်အကြောင်းကြား။ တိုင်းကနေခွင့်ပြုချက်ရတော့ ကျွန်တော်တို့သွားရတယ်။ ခုတော့ထွက်လာပါပြီး။ ကျွန်တော်တို့ရဲ့ သဘောထားက ဟိုမှာရှိတဲ့လူထုကိုသွားခေါ်ဖို့ဖြစ်တယ်။ ဒါပေမဲ့လဲ ဟိုကလူထုတွေခေါ်ခွင့်ပေးမပေးကိုတော့ ဟိုရောက်မှဘဲသိရမယ်ထင်တယ်။"

အဖွဲ့တွေအနေနဲ့ဒီကနေ့ မိုးကောင်းမြို့မှ ညအိပ်ရမှာဖြစ်ပြီးမနက်ဖန်မှနောင်လိုင်ခူးကိုဆက်လက်သွား ရမှာဖြစ် ပါတယ်။

မြန်မာ့တပ်မတော်နဲ့ကချင်လွတ်လပ်ရေးတပ်မတော်KIAတို့အကြားတိုက်ပွဲကြောင့် မိုးကောင်းမြို့နယ် နောင်လိုင် ခူး ဒေသခံရွာသားတွေဟာတိုက်ပွဲအတွင်းပိတ်မိနေသလို တခြားဒေသကိုတိမ်းရှောင်သွားဖို့ကို မြန်မာ့တပ်မတော် ကနေ ဟန့်တားပိတ်ပင်ထားတာပါ။

ရွာအတွင်းပိတ်မိနေတဲ့နောင်လိုင်ခူး ရွာသားတွေဟာ စားဝတ်နေရေးအခက်ခဲရှိနေတယ်လို့ ရွာသားတဦးကအခု လို ပြောပါတယ်။

"ဒီမှာကအဆင်မပြေတာအများကြီးဘဲ။ အသုံးဆောင်ပစ္စည်း ဆပ်ပြာ သွားတိုက်ဆေးကအစ အကုန်လုံးကုန်နေပြီး။ ပြီးတော့သူတို့ကဆန်ဘဲထုတ်ပေးတယ်။ ဆီ ငရုတ်သီး ဆား အဲတာမျိုးတော့ထုတ်ပေးတယ်။ ဒါပေမဲ့အခုလော လောဆယ် အခက်ခဲပေါ့နော အများပြီးဘဲအဲဒီမှာ။ တချို့ဆိုရင် ကလေးတွေကျောင်းတက်ရတော့မယ်။ ပိုက်ဆံက လက်ထဲမှတပြားမှမရှိတော့ဘူး။"

နောင်လိုင်ခူးကျေးရွာဟာမြေသြဇာကောင်းမွန်လို့ မိုးကောင်းဒေသခံတွေကနေ လယ်ယာခြံမြေလုပ်ကိုင်နေကြ တာဖြစ်ပါတယ်။ တိုက်ပွဲကာလအတွင်း တပ်မတော်ကနေ ရွာသားတွေကိုလူသားဒိုင်းအသွင်အသုံးပြု နေမှုတွေ လဲရှိနေခဲ့ပါတယ်။ လက်ရှိရွာသား(၁၇၀)ခန့်ဟာ ပိတ်မိနေတဲ့အခြေအနေကြောင့် ကချင်အဖွဲ့အစည်းတွေကနေ ကယ်ထုတ်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။

တပ်မတော်နဲ့KIAတို့အကြား ကားမိုင်းမြို့နယ် ကဆုန့်ကျေးရွာအတွင်းမှာ တိုက်ပွဲဖြစ်ပွါးနေဆဲလို့ ကဆုန့် ကျေးရွာအုပ်ချုပ်ရေးမှူး ကအခုလိုပြောပါတယ်။

"မနေ့ညလဲအသံတွေကြားရပါတယ်။ သူတို့တိုက်တာ သေနတ်သံ မိုင်းသံ ဗုံးသံတွေကြားရပါတယ်။ အခုလဲဖြစ်နေ တုန်းပါ။ KIAနဲ့တပ်မတော်စစ်ကြောင်းတွေဘဲလေနော်။"

ပြီးခဲ့တဲ့ဧပြီလ(၁၁)နေ့က မိုးကောင်းမြို့နယ်ကဆုန့်ကျေးရွာအတွင်းတိုက်ပွဲကြောင့် ရွာသား(၁၂၀၀)ခန့် နမ္မတီး ဘာသာရေး အသင်းမှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။ စစ်ရှောင်ကဆုန့်ရွာသားတွေကို ဒီကနေ့မှာ ကချင် ပြည်နယ်အစိုးရအဖွဲ့ကနေလာရောက်ကူညီပေးတယ်လို့လဲသူကပြောပါတယ်။

အလားတူတနိုင်းမြို့နယ်မှာလဲတိုက်ပွဲဖြစ်ပွါးနေဆဲလို့ ကက်သလစ်အသင်းတော်ကဆရာနော်တောင် ကပြော ပါတယ်။

"ကျွန်တော်တို့ဒီတနိုင်းမြို့ပေါ်ကနဲ့ သေနတ်သံတွေဘာတွေကြားနေရတယ်ဆိုတော့ ဘယ်နေရာမှာဖြစ်တယ် ဘယ် လောက်ဖြစ်တယ်ဆိုတာတော့ တိတိကျကျမပြောနိုင်ဘူးခင်ဗျ။ ဒါပေမဲ့တိုက်ပွဲကတော့ နေ့တိုင်းလိုလိုဖြစ်နေတဲ့ အခြေအနေမှာရှိနေပါတယ်။"

ဧပြီလ(၁၁)ရက်နေ့မှာတနိုင်းမြို့နယ် အောင်လော့ကျေးရွာအနီးတိုက်ပွဲကြောင့် ရွာသား(၂၀၀၀)ကျော် တော တောင်ထဲမှာပိတ်မိနေဆဲဖြစ်သလို အကူညီပေးဆောင်နိုင်ဖို့အရေးဟာလဲ တပ်မတော်ကနေကန့်သတ် ပိတ်ပင်ထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်၊ တနိုင်း၊ ကားမိုင်း မိုးကောင်းနဲ့ အင်ဂျန်းယန် မြို့နယ်ကKIA အခြေပြုနေရာတွေဖြစ်တဲ့ မံဝယ်ဒေသ၊ အောင်လောဒ့်ဒေသ၊ ကဆုန့်ဒေသ နှင့် အင်ဂျန်းယန်ဒေသတွေမှာ တပ်မတော်ကနေ နယ်မြေရှင်း လင်းရေးဆောင်ရွက်ခဲ့လို့ တိုက်ပွဲတွေဖြစ်ပွါးဆဲဖြစ်ပြီး တိုက်ပွဲတွေအတွင်း ဒေသခံပြည်သူ ငါးထောင်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒီကနေ့မှာပဲ ကချင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေအပေါ် စိုးရိမ်ကြောင်း သြစတြေးလျနိုင်ငံက ပြောဆို လိုက်သလို၊ ကချင်ပြည်နယ်က စစ်ရှောင်ဒုက္ခသည်တွေ အပါအဝင် မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေကြောင့် အခက်ကြုံနေရသူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ထပ်မံပေးအပ်မယ့်အကြောင်း ကြေညာခဲ့ ပါတယ်။ သြစတြေးလျ နိုင်ငံက ထပ်မံပေးမယ့် ဒေါ်လာ ၁၃ သန်း ကိုတော့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးUNHCR အပါအဝင် အကူအညီပေးရေး အဖွဲ့အစည်းတွေကတဆင့် ပေးအပ်သွားမှာ ဖြစ်ကြောင်း လည်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG