သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်များအကူအညီရဖို့ အတိုင်ပင်ခံထံတောင်းဆို


Bangladeshi Muslims offer Eid al-Fitr prayers, marking the end of the holy month of Ramadan, inside the Baitul Mukarram Mosque in Dhaka, Bangladesh.
Bangladeshi Muslims offer Eid al-Fitr prayers, marking the end of the holy month of Ramadan, inside the Baitul Mukarram Mosque in Dhaka, Bangladesh.

စစ်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ကချင်စစ်ဘေးရှောင်ပြည်သူတွေကို အရေးပေါ် ကူညီကယ်ဆယ်ပေးဖို့ လူထုရဲ့ဘေးကင်းလုံခြုံမှုနဲ့ ဒေသတွင်း တည်ငြိမ်မှုရှိအောင် အမြန်ဆုံးဆောင်ရွက်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတကို စစ်ပြေးဒုက္ခသည်တွေကို ကူညီ ကယ်ဆယ်ပေးနေသူတွေက စာပေးပို့တောင်းဆိုထားပါတယ်။ မွေးကင်းစကလေးငယ်တွေအပါအဝင် ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီး ရွယ်အိုတွေနဲ့ နာမကျမ်းဖြစ်နေတဲ့လူနာတွေပါ ပါဝင်တဲ့ ထောင်ချီတဲ့ပြည်သူတွေဟာ အခုအချိန်အထိ တောတောင်ထဲ ပုန်းအောင်းနေရဆဲ အခြေအနေဖြစ်ပြီး အရောက်သွားကယ်ထုတ်ပေးနိုင်ဖို့ လူသားချင်းစာနာမှု အကူညီပေးနိုင်ဖို့ကိုလည်း ညှိနှိုင်းကြိုးစားနေရဆဲ အနေအထား ဖြစ်ပါတယ်။ မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် လိုင်ဇာ၊ ဖားကန့်၊ တနိုင်း၊ နမ္မတီး၊ ကာမိုင်း မိုးကောင်းနဲ့ အင်ဂျန်းယန် စတဲ့ဒေသတွေမှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ကြား ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကစလို့ တကျော့ပြန် စစ်ရေးတင်းမာမှုတွေဖြစ်ခဲ့တဲ့အတွက် ထောင်ချီတဲ့ ဒေသခံပြည်သူတွေဟာ ု အသက်ဘေးကလွတ်အောင် ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသတွင်းလုံခြုံရေး အကြောင်းပြ အသွားအလာတွေ ကန့်သတ်လိုက်တဲ့အတွက် တောတောင်တွေထဲ ပိတ်မိနေကြပါတယ်။

ပိတ်မိနေတဲ့ ဒုက္ခသည်တွေ အမြန်ဆုံး အရေးပေါ်သွားရောက် ကူညီကယ်ဆယ်ပေးနိုင်ရေး လူထုကို မျက်နှာမူပြီး အလေးထား ဆောင်ရွက်ပေးဖို့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တောင်းဆိုပါတယ်လို့ ဒုက္ခသည်တွေကို သွားရောက် ကယ်တင်ကူညီပေးနေတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွမ်က ပြောပါတယ်။

"ကျနော်ကတော့ ကချင်လူထုအားလုံးကိုယ်စား ပြောချင်ပါတယ်။ အဓိကတော့ ကျနေ်ာတို့ ဒီလိုခက်ခဲနေတဲ့အချိန်မှာ ပြည်သူလူထုဘက်ကမားမားမတ်မတ်ရပ်တည်ပေး စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ့်လူထုတွေက စစ်ပွဲဒဏ်ကို ရှောင်နေတဲ့လူတွေပါ။ လိုင်နောင်ခူးဘက်မှာလည်း ဒီလိုစစ်တပ်က မလွတ်ဘူးဆိုတာတွေ။ နောက်ပြီးတော့ အောင်လောဒ့်မှာလည်း တနိုင်းဘက်ကို ထွက်ခွင့်မပြုဘူး အောင်လောဒ့်မှာပဲ နေရမယ်ဆိုတဲ့ ချုပ်ချယ်မှုတွေ ဒါတွေက တဖက်သတ်ဆန်လွန်းပါတယ်။ အဲဒါကြောင့်မို့လို့ အတိုင်ပင်ခံနဲ့ နိုင်ငံတော်သမ္မတကြီးကို လူထုတောင်းဆိုချက်အရ၊ လူထုလုံခြုံမှုကို ဖြည့်ဆည်းပေးဖို့ ကျနော်တို့ ဒါကို အလေးအနက်တောင်းဆိုချင်ပါတယ်။"

အခုအချိန်အထိကို တောတောင်တွေထဲမှာ မွေးကင်းစကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သက်ကြီးရွယ်အိုတွေ နာမကျန်းဖြစ်သူတွေပါ ပါဝင်တဲ့ထောင်ချီတဲ့ဒုက္ခသည်တွေ ပိတ်မိနေကြဆဲအနေအထားကိုတော့ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေတဲ့အဖွဲ့ပေါင်း(၉)ဖွဲ့ စုဖွဲ့ထားတဲ့ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ရဲ့အတွင်းရေးမှူး U Gum Sha Awng က ပြောပါတယ်။

"အထူးသဖြင့် တနိုင်းဒေသမှာဆိုရင် ဒီပိတ်မိနေတဲ့ ဒုက္ခသည် ၂၀၀၀ ဝန်းကျင်က ဆက်ပြီးမှ ဆက်ရှိနေတော့ ကျနော်တို့အနေနဲ့ အဲဒီလူတွေအတွက် စိုးရိမ်ပူပန်ရတဲ့အနေအထားမှာရှိနေပါတယ်။ အရေးကြီးဆုံးလိုအပ်ချက်ကတော့ ဒီ ပိတ်မိနေတဲ့လူတွေအတွက် အရေးပေါ်အကူအညီလုပ်ပေးဖို့ သူတို့ဆီသွားပြီးမှ ကယ်ထုတ်ဖို့ကိစ္စ ၊ အရေးပေါ်အကူအညီပေးမယ့်ကိစ္စအရေးကြီးနေတဲ့ အချိန်ကာလတွေဖြစ်ပါတယ်။ နောက်ဆုံးအခြေအနေအရဆိုရင် ကျနေ်ာတို့ဒီလက်တလောအသစ်ရောက်လာတဲ့ သူတွေကိုပေါ့နော် ကျနော်တို့ ပူးပေါင်းလုပ်ငန်းစဉ် အနေနဲ့ အသင်းတော်လူကြီးတွေနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ သက်ဆိုင်ရာ စခန်းတွေဖွင့်လစ်ပြီးတော့ အတက်နိုင်ဆုံးတော့ ကျနော်တို့ အကူအညီပေးနေတဲ့အပိုင်းတွေတော့ ရှိတာဖြစ်ပါတယ်။ အခုတချို့တော့ ဆက်ပြီးမှ လမ်းခရီးမှာလာနေသေးတဲ့ လူတွေရှိနေသလို သူတို့ဆီအရောက်သွားပြီးမှ ကယ်ထုတ်တဲ့ ကိစ္စ သူတို့ကို အရေးပေါ်အကူအညီပေးတဲ့ကိစ္စတွေဟာ အရမ်းအရေးကြီးနေတဲ့ အချိန်ကာလတွေ ဖြစ်ပါတယ်။"

လောလောဆယ်မှာတော့ ကချင်မြို့မိမြို့ဖတွေ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဘာသာရေးအသင်းအဖွဲ့တွေနဲ့ စေတနာ့ရှင်လူငယ်တွေကပဲ ဒုက္ခသည်တွေ အရောက်သွားပြီး ကူညီကယ်ဆယ်ပေးနေရတယ်လို့လည်း ဒေါက်တာခလမ်ဆမ်ဆွမ်ကပြောပါတယ်။

"ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေကို သူတို့လုံခြုံမှုရှိတဲ့နေရာမှာ သူတို့ရောက်နေတဲ့နေရာတွေမှာ ရောက်ဖို့ကိစ္စကတော့ ကျနော်တို့အသင်းတော်ရဲ့အဓိက တာဝန်လို့ အဲလိုရည်ရွယ်ချက်နဲ့ လုပ်နေကြတာဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ လိုင်နောင်းခူးဘက်မှာ ပိတ်ဆို့နေတဲ့ ရွာသူရွာသားတွေကို ခေါ်ထုတ်ဖို့အဓိကပေါ့ နောက်မှ အင်မိုင်ဘက်က ပြေးလာတဲ့ ကလေးတွေ အသက်ကြီးတဲ့လူတွေအတွက်လည်း ကျနော်တို့ နေရာထိုင်ခင်းကိစ္စတွေ စားသောက်ရေးကိစ္စတွေ ကျနော်တို့ IDP ကော်မတီပေါ့ ကျနော်တို့ မနက်ဖြန် သဘက်ခါလောက်ဆိုရင် ကော်မတီထိုင်ပြီး စားသောက်ရေးတွေကို စီစဉ်ဖို့လုပ်နေပါတယ်။ ဂျခရူဘက်ဘမှာလည်း နည်းနည်းအစီအစဉ်တော့ လုပ်ရဦးမယ်။ အဲဒီဘက်ကလည်း ထွက်ပြေးလာတဲ့လူတွေ ရှိနေတယ်အခု ။ ဆိုတော့ အဓိကတော့ နေရာ ၃ နေရာကပေါ့နော် အောင်လောဒ့် ကလူတွေလည်း ၈၀၀ နီးပါးလောက်ပေါ့ ၊ တောထဲမှာ တိမ်းရှောင်ရင်းနဲ့ သွားနေကြတယ်ဆိုတော့ သူတို့ကိုလည်း ကျနော်တို့ ခေါ်ဖို့စီစဉ်နေပါတယ်။"

မနေ့ဧပြီလ ၃၀ရက်နေ့ က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ထောင်ချီတဲ့ ကချင်ပြည်သူလူထုက လမ်းမတွေပေါ်ထွက်ပြီး ဒုက္ခရောက်နေတဲ့ ကချင်စစ်ဘေးရှောင်ပြည်သူတွေကို အစိုးရအနေနဲ့ လျစ်လျူရှုမထားဖို့နဲ့ ပိတ်မိနေသူတွေကို အမြန်ဆုံးကယ်ထုတ်ပေးဖို့ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြသလို ကချင်လူငယ်တွေဘက်ကလည်း သပိတ်စခန်းဖွင့်လှစ်ပြီး တောင်းဆိုချက်တွေ ကို ဆက်လက် တောင်းဆိုသွားကြမယ်လို့လည်း ကချင်စစ်ဘေးရှောင်ပြည်သူတွေအရေးဆောင်ရွက်နေသူတွေကပြောပါတယ်။

ကချင်ဒုက္ခသည်များအကူအညီရဖို့ အတိုင်ပင်ခံထံတောင်းဆို
please wait

No media source currently available

0:00 0:05:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG