သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပွဲကြားက ကချင်ဒေသခံတွေကို အကာကွယ်ပေးဖို့ ကုလပန်ကြား


ကချင်စစ်ဘေးရှောင်များ (Hkun Awng Nlam)
ကချင်စစ်ဘေးရှောင်များ (Hkun Awng Nlam)

ကချင်ပြည်နယ်တွင်း ဖြစ်ပွါးနေတဲ့စစ်ပွဲတွေ သိသိသာသာ အရှိန်မြင့်လာနေတဲ့အတွက် ဒေသခံအရပ်သားတွေကို သေသေချာချာ အကာအကွယ်ပေးဖို့ မြန်မာအစိုးရတပ်နဲ့ ကချင်တပ်ဖွဲ့တွေကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလည် ယန်ဟီးလီက မနေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းခဲ့တာဖြစ်ပြီး တိုက်ပွဲတွေ ချက်ချင်းရပ်တန့် ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်နဲ့ကပ်နေတဲ့ ကချင်ပြည်နယ်အတွင်းက အရပ်သားတွေရှိတဲ့နေရာတွေမှာ မြန်မာ တပ်ဖွဲ့တွေဘက်က လေကြောင်းကနေ ဗုံးတွေကျဲတာတွေ၊ လက်နက်ကြီးတွေသုံးပြီးတိုက်ခိုက်တာတွေရှိနေလို့ အပစ်မဲ့ ပြည်သူတွေ သေဆုံးဒဏ်ရာရတာတွေ ရှိနေပြီး ရာနဲ့ချီတဲ့မိသားစုတွေလည်း စစ်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရ တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလည် မစ္စ်ယန်ဟီးလီက မနေ့ကပဲ ပြောလိုက်တဲ့ အကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံးရဲ့ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က မနေ့ကကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

" မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ကချင်ပြည်နယ်မှာဖြစ်ပွါးနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့သားတွေက ပြီးခဲ့တဲ့ ဧပြီလ တရက်နေ့ကတည်းက ပြောထားတာတွေရှိပါတယ်။ အစိုးရတပ်တွေနဲ့ KIA ကချင်လွတ်မြောက်ရေး တပ်ဖွဲ့တွေအကြားတိုက်ပွဲတွေ အရှိန်မြင့်လာနေလို့ လူငါးထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ပြောထားပါတယ်။ တိုက်ခိုက်နေကြတဲ့အဖွဲ့တွေအားလုံးဟာ နိုင်ငံတကာလူသား ချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာကြဖို့နဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ကုလသမဂ္ဂဘက်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်"

မစ္စတာ Farhan Haq ရဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီးလည်း ထည့်ပြောခဲ့ပါ သေးတယ်။

"OCHA လို့ခေါ်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံးက ဒီကနေ့ပြောခဲ့တဲ့အထဲမှာ ရခိုင်ပြည် နယ်အတွင်းမှာရှိနေသေးတဲ့ ရိုဟင်ဂျာ ငါးသိန်းလောက်ဟာ ခွဲခြားဆက်ဆံခံနေရတာတွေနဲ့ ဖယ်ကျင်ခံထားရတာတွေကို ရင်ဆိုင်နေရတဲ့အကြောင်း၊ ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီးနဲ့ကလေးငယ်ပေါင်း တသိန်းသုံးသောင်းလောက်ဟာလည်း စခန်းတွေထဲမှာ စိတ်ပျက်ဖွယ်အခြေအနေတွေနဲ့ပိတ်မိနေကြတဲ့အကြောင်း၊ သူတို့တွေရဲ့လွတ်လပ်စွာသွားလာခွင့်၊ ကျန်း မာရေးစောင့်ရှောက်မှုရပိုင်ခွင့်၊ ပညာသင်ကြားခွင့်နဲ့လွတ်လပ်စွာရှင်သန်ခွင့်တွေဟာလည်း အကြီးအကျယ်တင်းကျပ်ခံ ထားရတဲ့အကြောင်း OCHA အဖွဲ့ကပြောပါတယ်"

ရိုဟင်ဂျာအရေးကိုပဲ ကမ္ဘာက အာရုံစိုက်နေကြချိန်မှာ ကချင်နဲ့ ရှမ်းပြည်နယ်တွေအတွင်း တိုက်ပွဲတွေတကျော့ပြန်ဖြစ်ပွါးနေတာ မို့ စစ်ရှောင်ဒုက္ခသည်တွေ တိုးလာနေတာအတွက် စိုးရိမ်စိတ်ပူကြောင်း နိုင်ငံတကာ လူ့အခွင့်ရေး အဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ကချင်ပြည်နယ်မှာဖြစ်ပွါးခဲ့တဲ့အခြေအနေတွေဟာ လုံးဝလက်ခံနိုင်စရာအကြောင်းမရှိဘူး၊ တိုက်ပွဲတွေကို ချက်ချင်းရပ်မှဖြစ်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေးအထူးကိုယ်စားလည် မစ်္စယန်ဟီးလီကပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့သုံးပတ်အတွင်း တရုတ်နယ်စပ်တဝိုက်မှာ ထွက်ပြေး တိမ်းရှောင်နေကြတဲ့သူတွေထဲမှာ ကလေးငယ်တွေ၊ ကိုယ်ဝန်သည်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မစွမ်းမသန်ဖြစ်နေသူ တွေလည်းပါဝင်တယ်လို့ ကုလသမဂ္ဂရဲ့သတင်းတွေမှာဖေါ်ပြထားပြီး အရပ်သားတွေဟာ ပဋိပက္ခတွေအကြားမှာ ဘယ် တော့မှ အကြမ်းဖက်မှုတွေခံကြရမယ့်သူတွေမဟုတ်ကြောင်း၊သူတို့တွေလုံခြုံစိတ်ရရရေးကို တိုက်ခိုက်နေကြတဲ့သူတွေ အားလုံးက မဖြစ်မနေအသေအချာလုပ်ဆောင်ရလိမ့်မယ်လို့လည်း မစ္စယန်ဟီးလီကပြောပါတယ်။

ပြီးခဲ့တဲ့သုံးပတ်အတွင်း မံဝယ်ကျေးရွာမှာ အရပ်သူအရပ်သားတရာကျော်ပိတ်မိနေပြီး သူတို့အတွက် အစားအစာနဲ့ ဆေးဝါးတွေမလုံမလောက်ဖြစ် နေတာကိုလည်း သူ့အနေနဲ့စိုးရိမ်ပူပန်နေတယ်လို့ မစ္စယန်ဟီးလီကဆိုပါတယ်။ အဲဒီမံဝယ်ရွာကို မြန်မာကြက်ခြေနီအဖွဲ့ ကဦးဆောင်တဲ့ အစားအစာ မော်တော်ယဉ်တန်းတခု ပြီးခဲ့တဲ့အပတ်က ဝင်ဖို့လုပ်တာကို တားမြစ်ခံခဲ့ရတဲ့အကြောင်း၊ တိုက်ခိုက်နေကြတဲ့အဖွဲ့အားလုံးက လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေအတွက် သွားလာခွင့်ပေးရမှာဖြစ်တဲ့ အကြောင်း၊ ဒီလိုအကူအညီပေးတာတွေကို ဟန့်တားတယ်ဆိုတာက နိုင်ငံတကာဥပဒေအရ စစ်ရေးဆိုင်ရာ ပြစ်မှုကျူး လွန်ရာ ရောက်တယ်လို့လည်း မစ္စယန်ဟီးလီကဆိုပါတယ်။

မစ္စယန်ဟီးလီဟာ ပြီးခဲ့တဲ့နှစ်တုန်းက ကချင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး စစ်ပြေးဒုက္ခသည်တွေနဲ့လည်းတွေ့ဆုံခဲ့ဖူးတဲ့သူပါ။ အခုလောလောဆယ်တော့ မြန်မာအစိုးရက သူ့ကို မြန်မာပြည်လာရောက်ခွင့်ပိတ်ပင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG