သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်အကြား မုံးကိုးဒေသတိုက်ပွဲ


မြောက်ပိုင်းအဖွဲ့တခုဖြစ်တဲ့ KIA တပ်သားများ
မြောက်ပိုင်းအဖွဲ့တခုဖြစ်တဲ့ KIA တပ်သားများ

ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးဒေသမှာ ဒီကနေ့မနက်ခင်းပိုင်းက အစိုးရတပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေကြားမှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ဲပြီး ဒီတိုက်ပွဲဟာ ကားလမ်း ပေါ်မှာနဲ့ လူနေကျေးရွာတွေအနီးမှာ ဖြစ်ပွားတာ မဟုတ်တာကြောင့် ဒေသခံတွေ အထိအခိုက် မရှိပါဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ် က အခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ဖြစ်ပွားတဲ့ တိုက်ပွဲဟာ စနေနေ့က မူဆယ်မြို့မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက် တရုတ်- မြန်မာနယ်စပ် ဒေသမှာ ဒုတိယအကြိမ်ထပ်မံ ဖြစ်ပွားတဲ့ တိုက်ပွဲလည်းဖြစ်ပါတယ်။

ဒီတိုက်ပွဲဟာ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်မဟာ၆ အခြေစိုက်ရာ မူဆယ်မြို့အရှေ့ဖက် မုန်းကိုးဒေသမှာ ဖြစ်ပွားတာဖြစ်ပြီး တိုက်ပွဲအခြေအနေကို KIA တပ်မဟာ၆ရဲ့ တပ်မဟာမှုးဗိုလ်မှုးကြီး ဇော်ဂွန်းက အခုလို ပြောပါတယ်။

“ မုန်းကိုး ဒီ မုန်းပေါ်ဖက်မှာ၊ ဒီနေ့ ၇နာရီ ၅၅မိနစ်လောက်မှာဖြစ်တယ်။ ၇နာရီကနေ ၁၀နာရီလောက် အထိပေါ့။ ကျနော်တို့ ဒီကိုးကန့်အဖွဲ့နဲ့ ပူးပေါင်းအဖွဲ့နဲ့ ဒီတပ်မ ၁၁နဲ့ ဖြစ်တာ။ ကျနော်တို့ ရှိတဲ့နေရာမှာ ဗမာစစ်တပ်တွေ သူတို့ တက်လာလို့ ဖြစ်တဲ့ တိုက်ပွဲပါ။ အခုက မြေပြင်သတင်းအခြေအနေ ကောင်း ကောင်း မသိရသေးဘူး။ ”

ဒီတိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီး ပန်ဆိုင်းရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မကြားသိရသေးကြောင်းသာ တာဝန်ကျရဲတပ်ဖွဲ့ဝင်တဦးက ဖြေဆိုပါတယ်။

မုန်းကိုးဒေသခံတဦးကတော့ ဒီကနေ့ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် အရပ်သားတွေ ထိခိုက်တာမရှိဘူးလို့ VOA ကို ပြောပါတယ်။

“မုန်းကိုးနဲ့ ပန်ဆိုင်းကြားမှာ။ ပန်ဆိုင်းကနေ ၆မိုင်ကျော်လောက် ဝေးတဲ့နေရာမှာ။ မုန်းကိုးလမ်းမနဲ့.. လမ်းမ ပေါ်မှာမဟုတ်ဘူးဗျ။ အထဲမှာ။ အထဲမှာဆိုတော့ လမ်းအသွားအလာ ဘာမှ ပြဿနာမရှိဘူး။ သွားနေကြတယ် ကားငယ်တွေက။ ရွာနဲ့ နည်းနည်းလှမ်းတယ်ဆိုတော့ ရွာသူရွာသားတွေတော့ တခြားဘာမှ ထိခိုက်တာတော့ မရှိဘူး။ ခုထိ တိမ်းရှောင်တာတွေတော့ မရှိသေးဘူးလေ။ ”

ပြီးခဲ့တဲ့စနေနေ့ကတော့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA နဲ့ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့က မူဆယ်မြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသလို တနင်္လာနေ့မှာလည်း မူဆယ်နဲ့ နမ့်ဖတ်ကာအကြားမှာ အစိုးရတပ်မတော်နဲ့ TNLAလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ဒီကနေ့မှာတော့ မူဆယ်ဒေသဖက်မှာ တိုက်ပွဲထပ်မံဖြစ်ပွားတာ မကြားရသေးကြောင်း TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတာအိုက်ကျော်က ပြောပါတယ်။

“ ဒီနေ့တော့ တိုက်ပွဲသတင်းတက်လာတာတော့ မရှိသေးဘူး။ မနေ့ကတော့ မနက် ၁၀နာရီကနေ ၁၀နာရီ ၄၅ပေါ့နော် မူဆယ်မြို့နယ် နမ့်အွန်ရွာနဲ့ ကောင်းခါးရွာကြားမှာဖြစ်တယ်။ တိုက်ပွဲကတော့ ကျနော်တို့ဖက်တော့ ထိခိုက်မှုမရှိဘူးလေ။ တပ်ဖက်ကတော့ ထိခိုက်မှုရှိတယ်လို့ ကြားတယ်။ အသေးစိတ်ကတော့ မသိရဘူး။ ဘယ်လောက် ဘယ်လောက် ဆိုတာ။ ”

လောလောဆည် မူဆယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက ပစ်ခတ်တိုက်ခိုက်တာတွေ ရပ်စဲဖို့နဲ့ စစ်ရေးပဋိပက္ခကြီးမားလာတာကို ရှောင်ရှားဖို့ တိုက်တွန်းထားသလို ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကလည်း အရပ်သားတွေ ထိခိုက်မှုမရှိအောင် ထိန်းသိမ်းဆောင်ရွက်ကြဖို့၊ ဒုက္ခရောက်ရသူတွေကို လူသားချင်းစာနာတဲ့ အကူအညီပေးတာတွေကို ခွင့်ပြုဖို့၊ ပြဿနာတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာလည်း ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး ကချင် လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာအနီးကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်လို့လည်း KIO ဗဟိုကော်မတီဝင်တဦးက ပြောပါတယ်။

“ထိုးစစ်က ကျနော်တို့ ဒေသတခုလုံးမှာ ထိုးစစ်ဆင်နေပါတယ်။ ကျနော်တို့ လိုင်ဇာပတ်ဝန်းကျင်မှာတော့ လေး၊ ငါးရက်ရှိပြီ လက်နက်ကြီးနဲ့ လှမ်းထုတာ။ ဒါတော့ ရှိတယ်။ ခြေလျင်နဲ့ လှုပ်ရှားတာတော့ မရှိပါဘူး။ ”

တနင်္လာနေ့ကလည်း ဖားကန့်ဒေသ အခြေစိုက် KIA တပ်ရင်း ၆ကို လေကြောင်းက တိုက်ခိုက်တယ်လို့ ဒေသခံတချို့က ပြောပေမဲ့ သီးခြားအတည်ပြုချက်တော့ မရပါဘူး။ ကချင်ပြည်နယ်အတွင်းမှာ ဧပြီလအတွင်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် တနိုင်း၊ ဖားကန့်နဲ့ အင်ဂျန်းယန်မြို့နယ်က ဒေသခံပြည်သူ ၇ထောင်လောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG