သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘက်က ကျည်တချို့ တရုတ်ဘက်ကျ


တရုတ်မြန်မာနယ်စပ်မြင်ကွင်းတခု
တရုတ်မြန်မာနယ်စပ်မြင်ကွင်းတခု

တရုတ် မြန်မာနယ်စပ်မှာ ပြန်လည်ငြိမ်းချမ်းလာစေဖို့ ၂ နိုင်ငံလုံးက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို မထိခိုက်စေဖို့နဲ့ နောက်ထပ် ထိခိုက်သေဆုံးမှုတွေ မရှိစေဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန် တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်နားမှာရှိတဲ့ မူဆယ်ဒေသမှာ အစိုးရတပ်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသားတပ်တွေ စစ်ရေးပဋိပက္ခဖြစ်နေတာကြောင့် မြန်မာနိုင်ငံသားတွေ ထိခိုက်သေဆုံးခဲ့သလို နယ်စပ်မှာနေထိုင်သူတချို့ ထွက်ပြေးတိမ်းရှောင်လာတယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာဖက်က ကျည်တချို့လည်း တရုတ်နိုင်ငံဖက်ကို ကျရောက်လာတယ်လို့ တရုတ်သံရုံးရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။ အပြစ်မဲ့ပြည်သူတွေ သေဆုံးရတဲ့အတွက် ဝမ်းနည်းကြောင်းနဲ့ ပြစ်တင်ရှုံ့ချကြောင်းလည်း ဖော်ပြထားပါတယ်။ တိုက်ပွဲတွေ အမြန်ဆုံးရပ်အောင်နဲ့ နောက်ထပ်အခြေအနေမဆိုးအောင် ခိုင်မာထိရောက်တဲ့ဆောင်ရွက်မှုတွေ လုပ်ကြဖို့လည်း သက်ဆိုင်ရာအဖွဲ့တွေအားလုံးကို တရုတ်က တိုက်တွန်းထားပါတယ်။

တရုတ် မြန်မာနယ်စပ် ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိခိုက်အောင်လုပ်နေတဲ့ ကိစ္စမှန်သမျှနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တမင်နှောင့်ယှက်မှု မှန်သမျှကို အခိုင်အမာဆန့်ကျင်တယ်လို့ ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ မူဆယ်မြို့နယ်ထဲက ပန်ခမ်းတံတားပေါ်မှာ မြန်မာတပ်မတော်နဲ့ တအောင်းပလောင်တပ်တွေ မေလ ၁၂ရက်နေ့ မနက်ပိုင်း ကတိုက်ပွဲတွေဖြစ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်နဲ့ အရပ်သားတွေအပါအဝင် ၂၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

တခါ ကချင်ပြည်နယ်ဖက်မှာလည်း တနိုင်း၊ နမ္မတီ၊ မိုးကောင်း၊ မိုးညှင်းဒေသတွေဖက်မှာ KIA ကချင်လက်နက်ကိုင်အဖွဲ့တွေက စတင်တိုက်ခိုက်တဲ့အတွက် တပ်မတော်က တုံ့ပြန်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တဲ့နေရာမှာလည်း ရန်သူဘယ်မှာရှိတယ်။ ရွာတွေဘယ်မှာရှိတယ်ဆိုတာကို နည်းပညာအချက်အလက်တွေသုံး ခွဲခြားပြီး ရန်သူစခန်းတည့်တည့်ကိုသာ အတိအကျတိုက်ခိုက်ခဲ့တယ်လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG