သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်တိုက်ပွဲ နှစ်ဘက် တုံ့ပြန်ချက်များ


မူဆယ်တိုက်ပွဲဖြစ်ပွားစဉ် ( သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန MOI)
မူဆယ်တိုက်ပွဲဖြစ်ပွားစဉ် ( သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန MOI)

မူဆယ်မှာ ဒီစနေမနက်ဖြစ်ခဲ့တဲ့ တိုက်ပွဲကတော့ မြန်မာအစိုးရတပ်ရဲ့ ထိုးစစ်ကို တအာင်းတပ်နဲ့ကချင်တပ် ပူးပေါင်းပြီး တန်ပြန်စစ်ဆင်လိုက်တာဖြစ်တယ်လို့ TNLA တအာင်းတပ်ဘက်က ပြောပါတယ်။ အခုလိုတိုင်းရင်းဒေသတွေမှာ ပိုပြီးတောမ့ှ ပြင်းထန်လာတဲ့တိုက်ပွဲတွေနဲ့ စစ်ရေးပဋိပက္ခ တင်းမာလာတာကတော့ မြန်မာ့ငြိမ်းချမ်းရေးအတွက် အလားအလာအခြေအနေမကောင်းဘူးလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ အသေးစိတ် မဆုမွန် တင်ပြပေးထားပါတယ်။

ဒီနေ့ မေလ ၁၂ရက်နေ့ စနေနေ့ မနက် ၅နာရီကစပြီးတော့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင်းမှာ KIA ကချင်လွတ်မြောက်ရေးအဖွဲ့ လက်နက်ကိုင်တပ်နဲ့TNLA တအာင်း ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်တို့ ပူးပေါင်းထားတဲ့ မဟာမိတ်အဖွဲ့ဘက်က မူဆယ်မြို့နယ် ပန်ခမ်းတံတား၊ နောက် ပန်ခမ်းတံတားအနီးက နောင်ရမ်းကျေးရွာ၊ မူဆယ်မြို့ နမ့်ခန်းမြို့မ ပြည်သူ့တပ်ဖွဲ့ခေါင်းဆောင်ရဲ့ နေအိမ်၊ မန်ဝိန်းဂိတ်တွေကို အဓိက ပစ်မှတ်ထားပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

မူဆယ်မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ နမ့်ခမ်းမြို့မ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်တွေ ပူးပေါင်းလုံခြုံရေး တာဝန်ယူထားတဲ့ ဒီလုံခြုံရေးဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်လာတဲ့အတွက် ရဲတွေနဲ့ပြည်သူ့စစ်တွေဘက်က တန်ပြန်ခုခံ တိုက်ခိုက်ခဲ့ကြပြီး အခုဆိုရင်တော့ တပ်မတော်စစ်ကြောင်းတွေဘက်က လိုက်လံနယ်မြေရှင်းလင်းနေပြီဖြစ်တယ်လို့လည်း တပ်ဘက်က သတင်း ထုတ်ပြန်ပါတယ်။ မူဆယ်တိုက်ခိုက်မှုမှာတော့ ရဲတပ်ဖွဲ့ဝင်အချို့အပါအဝင် ဌာနပြည်သူ့စစ်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း ၁၉ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၂၇ဦး ဒဏ်ရာအပြင်းထန်ရခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နောက်ဆုံးသတင်းထုတ်ပြန်ခဲ့တာပါ။

အခုလို KIA ကချင်တပ်နဲ့ TNLA တအာင်းတပ်တွေ ပူးပေါင်းပြီး ဘာကြောင့် မူဆယ်က နယ်စပ်ဂိတ်တွေနဲ့ လုံခြုံရေးစခန်းတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ရပါသလဲဆိုတာကတော့ တအာင်းပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ဗွီအိုအေမြန်မာပိုင်းကိုပြောပြပါတယ်။

"ဒီတိုက်ပွဲဖြစ်ပွားရတဲ့အကြောင်းရင်းကတော့-သင်္ကြန်ပြီးတဲ့နောက်မှာ တပ်မတော်ဘက်က တောက်လျောက် ကျနော်တို့ကို ထိုးစစ်တွေ ပြုလုပ်လာတယ်။ ကျနော်တို့ကို တောထဲအထိ ပိုက်စိတ်တိုက် လိုက်လံပြီးတော့မှ တိုက်ခိုက်လာတာဖြစ်တယ်။ နောက် ကျနော်တို့ရဲ့ မဟာမိတ်ဖြစ်တဲ့ KIA ကိုလည်း ပြင်းပြင်းထန်ထန် တိုက်လာတယ်။ အဲ့တာကတော့ စစ်ရေးအပိုင်းပေါ့။ နောက် လောင်းကစားရုံကိုလည်း ကျနော်တို့ ဝင်ရောက်ရှင်းလင်းတယ်။ မနက် ၅နာရီကနေ ၇နာရီအထိပေါ့နော်။ မူဆယ်မြို့ နောက် ပန်ခမ်းကျေးရွာ မူဆယ်နဲ့ပန်ခမ်းကျေးရွာကြား နောက် ပန်ခမ်းတံတားအနီးမှာ ရှိတဲ့ တပ်မတော်စခန်းနဲ့ ပြည်သူ့စခန်းပေါ့နော် အဲ့နားမှာ ဆက်စပ်နေတဲ့ ပန်ခမ်းပြည်သူ့စစ်ရဲ့ လောင်းကစားရုံ။နောက် ရွာထိပ်နားက တပ်စခန်းနဲ့ ပြည်သူ့စစ်စခန်းတနေရာရယ် နောက် ၈နာရီ ၄၀လောက်က ကျနော်တို့ မူဆယ်-လားရှိုး နားမှာ ရှိတဲ့ နမ့်ပွန်တံတားထိပ်နားက တပ်မတော်စခန်းတနေရာရယ်-အဲ့လေးနေရာလောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်။"

တအာင်းတပ်ဘက်ကတော့ အနည်းဆုံးငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားပြီး မူဆယ်တိုက်ခိုက်မှု အတွင်း လုံခြုံရေးတပ်ဖွဲ့တွေအပါအယင်-ဒေသခံ အရပ်သားပြည်သူတွေပါ သေဆုံးထိခိုက်ဒဏ်ရာရခဲ့ရအထိဖြစ်ခဲ့တဲ့အပေါ် TNLA ပြောခွင့်ရ ဗိုလ်မှူးမိုင်းအိုက်ကျော်ကပြောပါတယ်။

"ဟုတ်ကဲ့ အခုလို ပြည်သူလူထု ထိတာကတော့ ကျနော်တို့လည်း ကိုယ်ချင်းစာနာမိပါတယ်။ ကျနော်တို့လည်း စိတ်မကောင်းပါဘူး။ တိုက်ပွဲဖြစ်နေတဲ့အတွက် ဘယ်သူ့ရဲ့လက်ချက်ဆိုတာ ကျနော်တို့ အတပ်တော့ မပြောနိုင်ဘူး လူထုထိသွားရတဲ့အကြောင်းရင်းက။ ဒါပေမဲ့ ကျနော်တို့ပစ်ခတ်တာကတော့ လောင်းကစားရုံနဲ့ တပ်စခန်းတွေကိုဦးတည်ပြီး ပစ်ခတ်တာဖြစ်တယ်။ လောင်းကစားရုံရယ် နောက် ရဲရယ် ပြည်သူ့စစ်စခန်းတွေဘက်က ကျနော်တို့ကို ပြန်ပြီး ပစ်ခတ်တာ က မြို့ထဲမှာ ဖြစ်နေတယ်။ ပြည်သူတွေ နစ်နာတာကတော့ ကျနော်တို့ ဝမ်းနည်းတယ် ကျနော်တို့ ကိုယ်ချင်းလည်းစာတယ်။ ဒါပေမဲ့ အခုဖြစ်စဉ်က မူဆယ်မြို့ပေါ်မှာဖြစ်တော့-သတင်းမီဒီယာတွေပေါ်မှာပါတယ် တကယ့်တကယ် အတွင်းကျကျ ကျနော်တို့ရဲ့ နယ်ထဲမှာတော့-ပြည်သူလူထု ခံစားနေရတာကတော့-ဒီ့ထက်အများကြီး အဆပေါင်းများစွာ များပါတယ်။ လူထုက နိုင်ငံရေးမပြေလည်မှုကြားမှာ မြေစာပင်ပုံစံဖြစ်တာပေါ့။"

အခုလို NCA အပစ်ရပ်လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင်၊ TNLA နဲ့ ရှမ်းအဖွဲ့တွေအပါအဝင် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ မြန်မာ့တပ်မတော်တို့ကြား စစ်ရေးတင်းမာမှုတွေဖြစ်နေတာကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ဖော်ဆောင်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အလားအလာမကောင်းဘူးလို့ မြန်မာ့နိုင်ငံရေးအကဲခတ်ဦးအောင်သူငြိမ်းက ရှု့မြင်ပါတယ်။

" ကျနော်မြင်တာကတော့ ဒီငြိမ်းချမ်းရေးညီလာခံပေါ့နော်။ အဲ့ဒီ့အပေါ်မှာ လူတော်တော်များများက စိတ်ပျက်အားလျော့တဲ့အသံတွေ ထွက်လာတာပေါ့နော်။ အထူးသဖြင့် ဒီနေ့လိုတိုက်ပွဲတွေက ပိုပြီးတော့ သတိပေးတဲ့ သဘောမျိုး ပိုဖြစ်တာပေါ့ အထူးသဖြင့် NCA လက်မှတ်ထိုးထားတာက တောင်ပိုင်းအဖွဲ့တွေများပါတယ်။ မြန်မာပြည် မြောက်ပိုင်းမှာက သိပ်မထူးဘူး တိုက်ပွဲ ဆက်တိုက်ဖြစ်နေတယ်။ ဆိုတော့ ကျနော်ထင်တယ် ငြိမ်းချမ်းရေးအတွက် ဆက်ပြီးတော့ ကြိုးစားရဦးမယ်ဆိုတာ ပြနေတဲ့သဘောပဲ။အထူးသဖြင့်တော့ တပ်နဲ့ အစိုးရကြား ဆက်ဆံရေးဆိုရင် ကာလုံဆိုတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရှိတယ်ပေါ့နော်။ ဆိုတော့ ဒီအစည်းအဝေးတွေမှာ ဘယ်လောက်အထိ ဆွေးနွေးကြသလဲ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်မှုရှိသလဲပေါ့။ နောက် စစ်ဘက် အရပ်ဘက် ဆက်ဆံရေးက ဘယ်လောက်အထိ ကောင်းမွန်သလဲပေါ့။ ပြောရမယ်ဆိုရင် အစိုးရအနေနဲ့ သက်တမ်းက နှစ်နှစ်အထိရှိသွားပြီ။ ဆိုတော့ အဲ့ဒီကာလအတွင်းမှာတော့ တိုးတက်မှု သိပ်မမြင်ရသေးဘူးဆိုတဲ့အနေအထားကို ပြောလို့ရပါတယ်။"

TNLA ဘက်ကတော့ အခုလို သူတို့တပ်စခန်းတွေရှိရာကို တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အတွက် တန်ပြန်စစ်ဆင်ရေး ပြန်လုပ်တာသာဖြစ်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ အသင့်ပါပဲလို့ ဆိုပါတယ်။ မကြာခင်မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ်ပင်လုံကို ကျင်းပဖို့ အစိုးရနဲ့ ငြိမ်းချမ်းရေးတာဝန်ရှိသူတွေက စီစဉ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG