သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၀၅ မိုင်ကုန်သွယ်ရေးဂိတ် ပိတ်လို့ ဒေါ်လာသန်းချီနစ်နာ ဆုံးရှုံး


၁၀၅ မိုင်ကုန်သွယ်ရေးဂိတ်
၁၀၅ မိုင်ကုန်သွယ်ရေးဂိတ်

မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဂိတ်ကို လုံခြုံရေးကြောင့်ဆိုပြီး မြန်မာဘက်ခြမ်းပိတ်လိုက်တာအခုဆိုရင် ၁၂ရက် ရှိပြီဖြစ်လို့ မြန်မာဘက်က ဒေါ်လာသန်းချီနစ်နာဆုံးရှုံးမှုတွေရှိနေတယ်လို့ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း တာဝန်ရှိသူကပြောလိုက်ပါတယ်။ ၁၀၅ မိုင် ကုန်သွယ်ရေးဇုံထဲရှိတဲ့ ကျင်စန်းကျောဂိတ်ကို နှစ်ဖက် လိုသလို ပိတ်လိုက် ဖွင့်လိုက် မလုပ်နိုင်အောင်၊ နှစ်နိုင်ငံအစိုးရအကြား ကုန်သွယ်ရေးသဘောတူညီချက်အရ တရားဝင် ကုန်သွယ်ရေးစခန်းတခုဖြစ်လာဖို့ မြန်မာကုန်သည်တွေဖက်ကတော့ လိုလားနေပါတယ်။ ဒီအတွက်လည်း အစိုးရချင်း ညှိုနှိုင်းမှုတွေတော့ ရှိနေတယ်လို့သိရပါတယ်။

ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅မိုင် ကျင်စန်းကျော့ဂိတ်ကို လုံခြုံရေးကိစ္စကြောင့် ဆိုပြီး မြန်မာဘက်အခြမ်းက စစ်ဖက်တာဝန်ရှိသူတွေပိတ်လိုက်တာ ဒီနေ့ဆိုရင် ၁၂ရက်သွားပါပြီ။

ကျင်စန်းကျော့ဂိတ်ကို စပြီးပိတ်တဲ့အချိန်ကနေစပြီး ဒီနေ့အထိတွက်မယ်ဆိုရင် ကုန်သည်တွေရဲ့ ဆုံးရှုံးမှုတန်ဖိုးက ခန့်မှန်းခြေ ဒေါ်လာ သန်းချီရှိနိုင်ပြီး စိုက်ပျိုးရေးထွက်ကုန်တွေဖြစ်နေတဲ့အတွက် ကျင်စန်းကျော့ဂိတ်ကိုယာယီပြန်ဖွင့်ပေးပြီ၊ နှစ်နိုင်ငံအစိုးရအကြား သဘောတူညီချက်နဲ့ တရားဝင်စခန်းဖြစ်လာဖို့ အမြန်ဆုံး အကောင်အထည်ဖော်သင့်တယ်လို့ မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ စိုင်းခင်မောင်က ပြောပါတယ်။

“ခန့်မှန်းခြေဆုံးရှုံးမှုကတော့ ဒေါ်လာသန်းချီပဲထင်တယ်၊ ဒေါ်လာနဲ့ပြောရရင်တော့။ ဆုံးရှုံးမှုကကြီးတယ် တောင်သူတွေရဲ့ဆုံးရှုံးမှုက မခန့်မှန်းနိုင်လောက်အောင်ပဲလေနော် ကားအစီးရေငါးထောင်လောက်ကို တစ်စီးကို ဆယ့်ငါးသိန်း၊ သိန်း ၂၀ အနည်းဆုံး ဆုံးရှုံးမှုရှိတယ်။”

ကျင်စန်းကျော့ဂိတ်ကို ပိတ်လိုက်တဲ့အချိန်ကစပြီး မူဆယ်-နမ့်ခမ်းတာဝန်ရှိတွေက ဝမ်တိန်မြို့တာဝန်ရှိသူတွေနဲ့သွားတွေ့ပြီး ဝမ်တိန်ဂိတ်က တစ်ဆင့် ကုန်ကားတွေလှည့်ပြီးသွားဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီဘက်မှာလည်း လမ်းတွေပျက်နေသလို၊ တရုတ်ဘက်အခြမ်း လုံခြုံရေး စစ်ဆေးတာတွေနှေးကွေးနေလို့ ကုန်ကားတွေ ပိတ်ဆို့နေတယ်လို့ စိုင်းခင်မောင်က ပြောပါတယ်။

မြန်မာဘက်ကအဓိကပို့တဲ့ကုန်စည်တွေက ငါးရှဉ့်၊ ဖရဲ၊ သခွားနဲ့ တခြားလယ်ယာထွက်သီးနှံတွေပါ။ နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ဘက်က လုံခြုံရေးအကြောင်းပြပြီး ကုန်ကားတစ်ခုချင်း စစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ်လုပ်နေတာက ပြဿနာဖြစ်ရတဲ့အကြောင်းအရင်းတွေလို့ ကုန်သည်တွေကမြင်ပါတယ်။ စီးပွားရေနှင့်ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီးနဲ့ မြန်မာနိုင်ငံဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း ဒီရက်ပိုင်း တွေ့ဆုံခဲ့ပြီး ၁၀၅မိုင် ကျင်စန်းကြော့ဂိတ်ပြန်ဖွင့်နိုင်ဖို့ဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာအနှစ် ၂၀အတွင်းမှာ ပထမဆုံးအတွေ့အကြုံဖြစ်တယ်လို့ မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေးစိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌဦးနိုင်ဝင်းက ပြောပါတယ်။

“အင်း တွက်လို့မနိုင်လောက်အောင်ကို ဆုံးရှုံးမှုကများတာ ခန့်မှန်းခြေပြောရမှာကိုမနည်းဘူး ကုဋေနဲ့ချီဆုံးရှုံးမှာပဲလေ ကျွန်တော်နှစ်ပေါင်း ၂၀ရှိပြီ ဖရဲသီးရောင်းတာ တစ်ခါမှမကြုံဖူးဘူး ဒီတစ်ခါပဲကြုံဖူးတာ ဖြည့်စွက်ပြောချင်တာကတော့ တောင်သူတွေပေါ့လေ သက်ဆိုင်ရာပွဲရုံ တွေကို ဖုန်းဆက်ပြီးတော့မှ (မူဆယ်ကို) တက်သင့်မှတက်ပြီးတော့ သွားဖို့ကောင်းတယ် ဘယ်လိုအသီးမျိုးတက်သင့်တယ်(သွားသင့်တယ်) ဆိုတာလေ တိုင်ပင်ဆွေးနွေးပြီးတော့မှ သွားတာကောင်းတယ်။ ဟိုရောက်မှ ပယ်သီးများပြီး နစ်နာမှာလည်းစိုးတယ်။ အဲဒါကြောင့် ကိုယ်သက်ဆိုင်ရာ ပွဲရုံနဲ့ ဖုန်းဆက်ပြီးမှ အပေါ်ကိုတက်သင့်တယ်လို့ ဒါလေးတော့ အကြံပြုချင်ပါတယ် ခင်ဗျ။”

၁၀၅မိုင်နယ်စပ်ကုန်သွယ်ရေးဂိတ်ပိတ်ထားလို့ ကုန်ကားအများအပြား ပိတ်ဆို့မှုရှိနေသလို၊ သီးနှံအရောင်းအဝယ်တွေလည်း ဆိုင်းငံနေတာမို့ မုံရွာခရိုင် ဘုတလင်ဖက်မှာဆိုရင် တောင်သူတွေက သူတို့တင်ပို့မယ့် ဖရဲနဲ့ သခွားကို အခမဲ့ ဝေပေးလိုက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

မြန်မာကုန်သည်တွေဖက်ကတော့ ကငျျ်စန်းကျော်ဂိတ်ကို တရားဝင်ကုန်သွယ်ရေးစခန်းတခုဖြစ်လာဖို့အပြင်၊ တရုတ်-မြန်မာကုန်သွယ်ရေမှာ ကုန်သွယ်ရေးမညီမျှတာတွေကိုလည်း ဖြေလျှော့ပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG