သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီဝင်သစ် အင်ဒိုနီးရှား ရိုဟင်ဂျာပြဿနာ ဦးဆောင်ကိုင်တွယ် နိုင်မလား


အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်အသစ်ဖြစ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံက အစ္စရေးနဲ့ပါလက်စတိုင်းပဋိပက္ခ အပါအဝင် မူဆလင်ကိစ္စတွေကို အာရုံစိုက်လုပ်ဆောင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးကိုလည်း ထည့်သွင်းဆောင်ရွက် သွားမယ်လို့ဆိုပါတယ်။ ဒီအကြောင်း Amanda Siddharta ရဲ့ သတင်းကို ကိုကျော်အောင်လွင် ပြောပြပါလိမ့်မယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကုလသမဂ္ဂရဲ့လုံခြုံရေးကောင်စီမှာ ၂၀၁၉ကနေ ၂၀၂၀ခုနှစ်အထိ အဖွဲ့ဝင်အသစ်ဖြစ်လာခဲ့ပါပြီ။ အမြဲတန်းအဖွဲ့ဝင်မဟုတ်တဲ့ အလှည့်ကျအဖွဲ့ဝင်ဖြစ်ပါတယ်။ ဒီနေရာမှာ အင်ဒိုနီးရှားတာဝန်ယူခဲ့တာ ဒီတကြိမ်နဲ့ပါဆို လေးကြိမ်ရှိပါပြီ။ ၂၀၁၉ခုဇန်နဝါရီလ ၁ရက်နေ့ကနေ ၂၀၂၀ဒီဇင်ဘာလ ၃၁ရက်နေ့အထိလုံခြုံရေးကောင်စီရဲ့အလည့် ကျအဖွဲ့ဝင်အဖြစ်တာဝန်ယူကြမယ့်နိုင်ငံတွေထဲမှာ အင်ဒိုနီးရှားအပြင် တောင်အာဖရီက၊ ဘလ်ဂျီယန်၊ ဒိုမီနီကန် ရီပါ ဘလစ်နဲ့ ဂျာမဏီနိုင်ငံတွေလည်းပါဝင်ကြပါတယ်။

ဒီတနှစ်တာကာလတာဝန်ယူမယ့်အချိန်အတွင်း အကြောင်းအရာလေးခုကိုအာရုံစိုက်လုပ်ဆောင်သွားမယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကပြောပါတယ်။ ငြိမ်းချမ်းတဲ့ ဂေဟစံနစ်ဖြစ်ပေါ်ရေးနဲ့ ကမ္ဘာတဝှမ်းတည်ငြိမ်မှုရှိရေး၊ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ တိုင်ပင်ညှိနှိုင်းမှုတွေပိုပြီးလုပ်ဆောင်ရေး၊ နိုင်ငံတကာမှာ ကြုံတွေ့နေရတဲ့အကြမ်းဘက်ဝါဒကို ရင်ဆိုင်ဖြေရှင်းရေးနဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့မိတ်ဘက်နိုင်ငံအဖြစ်ထူထောင်သွားရေးတို့ပဲ ဖြစ်တယ်လို့ဆိုပါတယ်။

"ဒီကိစ္စတွေအပြင် ပါလက်စတိုင်းအရေးကိုလည်း အင်ဒိုနီးရှားက အာရုံစိုက်သွားမှာပါ။ အစ္စရေးပါလက်စတိုင်းပဋိပက္ခဖြေ ရှင်းရေးမှာ တချို့နိုင်ငံတွေက ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်တွေကိုဆန့်ကျင်ပြီး သူတို့ရဲ့ရပ်တည်ချက်တွေပြောင်းလဲသွားတဲ့ အပေါ် အင်ဒိုနီးရှားက သိပ်ပြီးစိုးရိမ်နေပါတယ်"

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အင်ဒိုနီးရှားနိုင်ငံကတာဝန်ယူခွင့်ရတာက အင်ဒိုနီးရှားနိုင်ငံအတွက်တင်အရေးကြီးတာ မဟုတ်ပဲ အင်ဒိုနီးရှားနဲ့နိုင်ငံရေးအကျိုးစီးပွါးတွေခပ်ဆင်ဆင်ရှိနေတဲ့နိုင်ငံတွေအတွက်လည်း အရေးကြီးတဲ့အကြောင်း CSIS လို့ခေါ်တဲ့ ဂျာကာတာမြို့မှာရှိတဲ့ မဟာဗျူဟာလေ့လာရေးအဖွဲ့က သုတေသီ Fitri Bintang Timur ကပြောပါတယ်။

"ဥပမာအားဖြင့် အစ္စလမ်းမစ်နိုင်ငံတွေနဲ့ အင်အားအလယ်အလတ်ရှိတဲ့နိုင်ငံတွေအတွက် အင်ဒိုနီးရှားကကြားကနေဝင်ပြီး အားပေးတိုက်တွန်းမှုတွေလုပ်နိုင်တာက အရေးကြီးပါတယ်။ ပါလက်စတိုင်းလို၊ ဆီးရီးယားတို့ မြန်မာနိုင်ငံတို့လိုကိစ္စတွေ မှာ သဘောတူညီချက်တခုကိုကိုင်တွယ်ပြီး လုပ်ဆောင်သွားနိုင်ပါတယ်"

မြန်မာနိုင်ငံက ရိုဟင်ဂျာပဋိပက္ခကိုဖြေရှင်းရေးမှာ အင်ဒိုနီးရှားအနေနဲ့တစိတ်တပိုင်းအားဖြင့်ပါဝင်လုပ်ဆောင်နိုင်တဲ့ အကြောင်းကို အင်ဒိုနီးရှားတက္ကသိုလ် နိုင်ငံတကာဥပဒေပါမောက္ခ Hikmahanto Juwanaကလည်း ပြောပါတယ်။

"ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ပါဝင်ပတ်သက်မှုက ဘယ်လောက်အလေးအနက်ရှိသလဲဆိုတဲ့အပေါ်လည်း မူတည်ပါတယ်။ ဒေသတွင်းအဖွဲ့အစည်းတွေအချင်းချင်းအကြားမှာ ကျနော်တို့ဖြေရှင်းနိုင်လိမ့်မယ်လို့မျှော်လင့်ထားပါ တယ်။ အာစီယံအဖွဲ့ကကြိုးစားခဲ့တာရှိတယ်ဆိုပေမဲ့လည်း မအောင်မြင်ပါဘူး။ ရိုဟင်ဂျာအရေးဖြေရှင်းဖို့ နိုင်ငံတကာဆွေး နွေးပွဲတခုလုပ်ဖို့လိုအပ်တယ်လို့ ကျနော်ထင်ပါတယ်။"

အာစီယံအဖွဲ့မှာ သူများပြည်တွင်းရေးဝင်ပြီးမစွက်ဘက်ရေးဆိုတဲ့မူရှိနေပြီး ပြဿနာတခုခုကိုဖြေရှင်းရေးမှာ အဖွဲ့ဝင်တွေ ရဲ့ ဘုံသဘောတူညီချက်ရဖို့လိုတဲ့ကိစ္စက ပြဿနာလို့Juwanaကမြင်ပါတယ်။

ရိုဟင်ဂျာအကျပ်အတည်းကိုကုလသမဂ္ဂက ဝင်ပြီးဖြေရှင်းဖို့ဆုံးဖြတ်တဲ့အခါမှာ အင်ဒိုနီးရှားက ကြားခံအနေနဲ့ဆောင်ရွက် ပေးနိုင်တယ်၊ အာစီယံဒေသတွင်းနိုင်ငံတွေအကြားမှာပဲ ရိုဟင်ဂျာအရေးကိုကြားကဝင်ပြီးဖြေရှင်းပေးနိုင်တယ်။ အင်ဒိုနီး ရှားအနေနဲ့ အာစံယံ ဒေသတွင်းချဉ်းကပ်ပုံစံတမျိုးဖန်တီးပြီးလုပ်ဆောင်နိုင်တယ်လို့ CSIS အဖွဲ့ကသုတေသီ Timur ကဆိုပါတယ်။ အခုဆိုကုလသမဂ္ဂရဲ့လုံခြုံရေးကောင်စီမှာ အာစီယံအဖွဲ့ထဲကဆိုရင် အင်ဒိုနီးရှားတနိုင်ငံပဲ အလှည့်ကျ အဖွဲ့ဝင်ဖြစ်နေတာကြောင့် ရိုဟင်ဂျာအရေးမှာ အာစီယံအဖွဲ့အတွင်း အင်ဒိုနီးရှားကိုခေါင်းဆောင်နေရာမှာထားပြီး သဘောတူညီချက်တခုရလာအောင်လုပ်ဖို့ ပိုပြီးလွယ်ကူနိုင်တယ်၊ ဒီကိစ္စကို လုံခြုံရေးကောင်စီမှာ အင်ဒိုနီးရှားကတိုက် တွန်းစည်းရုံးနိုင်လိမ့်မယ်လို့လည်း ဂျာကာတာမြို့CSIS အဖွဲ့က သုတေသီ Fitri Bintang Timurက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG