သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်သွယ်ညွှန်ချုပ်ရာထူးက ထုတ်ပယ်ခံရပေမဲ့ အဂတိတိုက်ဖျက်ရေး ကော်မရှင်နဲ့ ပတ်သက်မှုမရှိသေး


 စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ချုပ် ဦးရန်နိုင်ထွန်း(ဓါတ်ပုံ- ပြည်တွင်း ပြည်ပ စီးပွားကူးသန်း facebook)
စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ချုပ် ဦးရန်နိုင်ထွန်း(ဓါတ်ပုံ- ပြည်တွင်း ပြည်ပ စီးပွားကူးသန်း facebook)

ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနတခုက ညွှန်ကြားရေးမှူးချုပ်တဦးကို တာဝန်ကနေ ထုတ်ပယ်လိုက်တဲ့ အကြောင်း သမ္မတလက်မှတ်ထိုးပြီး ဇန်နဝါရီလ ၁၄ ရက်နေ့ကထုတ်ပြန်တဲ့ အမိန့်တရပ်ထဲမှာ ဖော်ပြထားပါတယ်။ ညွှန်ကြားရေးမှူးချုပ် အဆင့် တာဝန်ရှိသူတဦးကို ရာထူးက ထုတ်ပယ်လိုက်တယ်ဆိုတာ လက်ရှိအစိုးရလက်ထက်မှာ ဒါဟာ ပထမဆုံးပါပဲ။ ဘယ်လိုအကြောင်းပြချက်နဲ့ ရာထူးက ထုတ်ပယ်တဲ့ထိ ဖြစ်ခဲ့တာပါလဲ … ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက် မမေခက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

အခုရာထူးက ထုတ်ပယ်ခံရသူဟာ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ချုပ် ဦးရန်နိုင်ထွန်းဖြစ်ပါတယ်။

အရေးကြီး အထူးကုန်စည် လိုင်စင်တွေပေးတာမှာ အဆင့်ဆင့် စစ်ဆေးရမယ့်အပေါ် အားနည်း ချက်တွေ ရှိခဲ့လို့ အခုလို ထုတ်ပယ်လိုက်တာဖြစ်တဲ့အကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဗွီအိုအေကို ပြောပါတယ်။

"ကုန်သွယ်ရေးဦးစီးဌာနဆိုတာ အဓိကကတော့ ပို့ကုန်သွင်းကုန်နဲ့ပတ်သတ်ပြီးတော့ ဒါလိုင်စင်တွေ ပါမစ် တွေထုတ်ပေးတာပေါ့။ ထုတ်ပေးတာမှာ တချို့အရေးကြီးတဲ့ ကုန်ပစ္စည်းတွေ ရှိတယ်။ အရေးကြီးတဲ့ ကုန်ပစ္စည်းတွေ ပို့တာသွင်းတာအပေါ်မှာတော့ အခုနပြောသလို အဆင့်ဆင့် စစ်ဆေးမှုတွေ ဆောင်ရွက်ရတယ်။ အဆင့်ဆင့်စိစစ်ခွင့် ပြုတာတွေမှာ အားနည်းချက် ချွု့ိယွင်းချက်တွေ ရှိတဲ့ အပေါ်မှာ စစ်ဆေးတွေ့ရှိချက်အရ အပြစ်ရှိတယ်လို့ ယူဆလို့ အရေးယူတာပါ။ စစ်ဆေးတွေ့ရှိချက်အရ ဆောင်ရွက်တာဖြစ်ပါတယ်။"

အရေးကြီးအထူးကုန်စည်ဆိုတာကကျောက်စိမ်းချော၊ စိန်နဲ့မြ အချောထည်၊ မော်တော်ကားတင်သွင်းတာအပြင် စီးကရက်၊ အရက် စတဲ့ကုန်တွေကို အရေးကြီးအထူးကုန်စည်လို့ သတ်မှတ်ထားတာပါ။

ဒီလိုထုတ်ပယ်တာနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဘက်မှာတော့ တိုင်ကြားထားတာ၊ စစ်မေးနေရတာ မရှိဘူးလို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြန်ကြားရေးတာဝန်ခံ ဦးကျော်စိုးက ဗွီအိုအေကိုပြောပါတယ်။

"ဒါနဲ့ပတ်သတ်ပြီး မရှိပါဘူး။ ထုတ်ပယ်တာပါ။ ဦးရန်နိုင်ထွန်းနဲ့ပတ်သတ်ပြီး ဘာမှမရှိပါဘူး။ ကော်မရှင်အနေနဲ့လေ။ လောလောဆယ်ကော်မရှင် အနေနဲ့ ဒါနဲ့ပတ်သတ်ပြီးဘာမှ မရှိပါဘူးခင်ဗျ"

ထုတ်ပါယ်ခံရမှုက လိုင်စင်ပေးတာတွေနဲ့ပတ်သက်တယ်လို့ ဝန်ကြီးဌာနဘက်က ဆိုပေမယ့် ဘယ်လောက်ထိ စစ်ဆေးမှု ပေါ့လျော့ခဲ့တယ်၊ စစ်ဆေးမှုအားနည်းခဲ့တာကြောင့် ဘယ်လို အကျိုးဆက်တွေ ဖြစ်ခဲ့လဲဆိုတာကို တော့ ဝန်ကြီးဌာနဘက်က တိတိကျကျ မဖြေခဲ့သလို ဒီလို အရေးယူမှုမှာ နောက်ဆက်တွဲ တခြားဝန်ထမ်းတွေကိုပါ စစ်ဆေးမေးမြန်းနေတာမျိုး ရှိမရှိ ဆိုတာကိုလည်း ဝန်ကြီးဌာနဘက်က ဖြေဆိုခြင်းမရှိပါဘူး။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၈ နဲ့ နိုင်ငံဝန်ထမ်း ဥပဒေပုဒ်မ ၆ ပါ ပြဌာန်းချက်နဲ့အညီ နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးက ထုတ်ပယ်ခဲ့တာဖြစ်ပြီး အခုထုတ်ပယ်ခံရသူဟာ အရင်က နယ်စပ်ကုန်သွယ်ရေးဌာနမှာလည်း တာဝန်ယူခဲ့ဖူးသူတဦး ဖြစ်ပါ တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG