လမ်းပမ်းဆက်သွယ်မှုခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးပြည်နယ်တွေထဲကတခုဖြစ်တဲ့ ချင်းပြည်နယ်ထဲ ပြည်သူ့ဆေးရုံတွေမှာ ဆေးဝါးအခက်ခဲနဲ့ ကျန်းမာရေးဝန်ဆောင်မှု ညံ့ဖျင်းတာ၊ ပညာသင်ကြားမှုတွေမှာ ဘာာသာစကားအခက်ခဲဖြစ်ရတာစတဲ့အခက်အခဲတွေနဲ့ ဒေသခံတွေ အတော်လေးကြုံနေရတဲ့အတွက် အစိုးရအနေနဲ့ အလေးအနက်ထားဖြေရှင်းပေးဖို့ို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချင်းပြည်သူတွေက တောင်းဆိုလိုက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သူ့ချင်းပြည်နယ်ခရီးစဉ်အတွင်း ချင်းပြည်သူတွေနဲ့ တွေ့ဆုံချိန် ဒေသခံတွေက သူတို့အခက်အခဲတွေကို အသီးသီးရင်ဖွင့်ခဲ့ကြတာပါ။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံထဲ လမ်းပမ်းဆက်သွယ်မှုအခက်ခဲဆုံးနဲ့ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျတဲ့ပြည်နယ်တခုဖြစ်တဲ့ချင်းပြည်နယ်တွင်း ထန်တလန်မြို့နယ် မှာ တည်ဆောက်ထားတဲ့ သီကိရ်ရေလှောင်တမံကို လာဖွင့်လှစ်ပေးတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ်ကို ရောက်ရှိလာချိန် ထန်တလန်၊ ဟားခါးက ဒေသခံချင်းပြည်သူတွေနဲ့ တွေ့ဆုံခဲ့တာပါ။
"အစိုးရတခုတာဝန်ဆိုတာ နိုင်ငံအနာဂတ်အတွက် စဉ်းစားပေးဖို့ ဖြစ်ပါတယ်။ လက်တွေ့ကျကျ ပစ္စုပန်မှာ ကျမတို့ တိုးတက်မှုတွေရအောင်လုပ်တယ်ဆိုတာက အမြဲတမ်း ရေရှည်အနေနဲ့ လုပ်ရပါလိမ့်မယ်။ ၁ နှစ်အတွက်မဟုတ်ဘူး၊ ၅နှစ်အတွက်မဟုတ်ဘူး၊ နောင်ရွေးကောက်ပွဲ အတွက်မဟုတ်ဘူး၊ နောင်မျိုးဆက်တွေ တဆက်ပြီးတဆက်အတွက် ကျမတို့ စဉ်းစားပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။ ကျမတို့နိုင်ငံဟာ ပြည်ထောင်စုဖြစ်ပါတယ်။ ပြည်ထောင်စုဆိုတာက မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျမတို့ ပြောတဲ့ ဘာသာစကားတွေ မတူကြဘူး ၊ သမိုင်းအစဉ်အလာမတူကြဘူး၊ ကိုးကွယ်တဲ့ ဘာသာတွေ မတူကြဘူး ၊ သို့သော်လည်း ကျမတို့ အားလုံးဟာ ဒီပြည်ထောင်စုသားသမီးတွေ ဖြစ်ပါတယ် အဲဒီစိတ်ထားကို ခိုင်ခိုင်မာမာရှိဖို့ အရေးကြီးပါတယ်။"
မြန်မာနိုင်ငံထဲ လမ်းပမ်းဆက်သွယ်မှုအခက်ခဲဆုံးနဲ့ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျတဲ့ပြည်နယ်တခုဖြစ်တဲ့ချင်းပြည်နယ်တွင်း သူတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်ခဲတွေနဲ့ပတ်သက်လို့ ချင်းပြည်သူတွေက ရင်ဖွင့်ပြောကြားခဲ့ကြတာပါ။
အထူးသဖြင့်ကတော့ မိုးရာသီချိန် အိုးအိမ်အဆောက်ဦးတွေအပါဝင် ခရီးလမ်းတွေ မြေပြိုကျပျက်စီးမှုတွေတာ ကောက်ပဲသီးနှံစိုက်ခင်းတွေ ပိုးဖျက်ပျက်စီးတာတမျိုးလို စားနပ်ရိက္ခာအခက်ခဲတွေနဲ့ ကျမ်းမာရေးဝန်ဆောင်မှုညံံံ့ဖျင်းတာ ဆေးဝါးမလုံလောက်တာတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့ကြပါတယ်။
"စီးပွားရေးအခက်အခဲကြောင့် နေရာအသီးသီးမှာ ဖြန့်နေကြပါတယ်။ နီးစပ်ရာ ပြည်နယ်တွေမှာ ဝေစားပြီးတော့ နေထိုင်တဲ့ ဒေသမျိုးတွေ အများကြီးရှိပါတယ်။ အဲဒါတွေကို မိမိတိုင်းပြည်ကို အေးချမ်းပြည်ဆိုတော့ ကျနော်တို့လည်း အခြေအနေ အဆင်ပြေလာလိမ့်မယ်လို့ စိတ်အထင်နဲ့ ပြန်လာချင်တဲ့လူတွေရှိပါတယ်။တချို့တွေလည်း ပြန်လာတဲ့လူတွေလည်းရှိတယ်။ ဟိုဘက်မှာတော့ သူတို့ ကျောင်း ၄-၅-၆ တန်းအထိ တက်တယ်။ ဒီမှာ သူငယ်တန်းကနေ ပြန်စတယ် ဒါပေမယ့်လည်း ဘယ်လိုနည်းနဲ့ နဂိုအတန်းကို ပြန်တက်လို့ရမလဲ၊ အဲဒါနည်းလမ်းတွေရှိနိုင်သလား။ ဒီဘက်ပြန်လာတဲ့အခါမှာ အိမ်ထောင်စုစာရင်း ပြန်လုပ်ဖို့ အခက်အခဲတွေလည်း ရှိပါတယ်။"
ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း နိုင်ငံသူ နိုင်ငံသားတိုင်း သူတို့ရင်ဆိုင်ကြုံတွေ့နေရတာတွေကို သူတို့ကိုယ်တိုင် အသံနဲ့ ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်လို့ ပြောပြီး လိုအပ်ချက်တွေကို ပြည်နယ်အစိုးရအနေနဲ့ရော ပြည်ထောင်စုအစိုးရအနေနဲ့ပါ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့စီစဉ်ပါမယ်လို့ ပြောဆိုခဲ့ပါတယ်။
"ချင်းပြည်နယ် တခုလုံးကို တာဝန်ယူရတဲ့ အစိုးရအဖွဲ့ကို မျှမျတတ အားလုံးအတွက် လုပ်ပေးရတဲ့ အခါကျတော့ ချင်းပြည်နယ်ထဲက ဒေသတွေအတွက် ညီညီမျှမျှ ဟားခါးဒေသအတွက်လုပ်ပေးပါမယ်လို့ ပြောတာဖြစ်ပါတယ်။ သဘောပေါက်ပါတယ်နော်။ အစိုးရအဖွဲ့နဲ့ ပြည်သူတွေ စကားပြောရင် ကောင်းလိမ့်မယ်။ ပိုပြီးတော့လည်း ချစ်ခင်မှုရှိရင်ကောင်းလိမ့်မယ်။"
အထူးသဖြင့် ချင်းပြည်နယ်ထဲမှာ ကလေးသူငယ်ကြား ပညာသင်ကြားမှုတွေမှာ ဘာသာစကားအခက်အခဲကြုံနေရတာတွေကိုလည်း ချင်းပြည်သူတွေဘက်က ရင်ဖွင့်ခဲ့ကြပါတယ်။
ဘာသာစကားအခက်ခဲကြုံနေရတဲ့ ပညာရေးအခြေအနေအပါအဝင် ဆေးရုံဆေးခန်းတွေက ကျမ်းမာရေးဝန်ဆောင်မှုတွေနဲ့ပတ်သက်လို့ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ကတိပေးပြောဆိုခဲ့ပါတယ်။
"ကျမတို့က ဒီပြည်ထောင်စုတခုရဲ့ သားသမီးတွေဆိုတော့ မိသားစုစိတ်ဓါတ်နဲ့ အားလုံးလုပ်ရမယ်လို့ပြောလိုတာ။ အားလုံးဟာ တယောက်နဲ့ တယောက် ညှိနှိုင်းရမယ်၊ ဆွေးနွေးရမယ်၊ တိုင်ပင်ရမယ်။ သဘောမတူတဲ့အချက်တွေကို သဘောတူတဲ့ကိစ္စတခု အခြေအနေတခုကို ရောက်သွားအောင်ကြိုးစားပြီးတော့ဆောင်ရွက်ရမယ် ကျမတို့ အားလုံး ညီညွှတ်လို့ ရှိရင် ငြိမ်းချမ်းရေးရမယ်။ ကျမတို့ အားလုံးညီညွှတ်လို့ ရတဲ့ငြိမ်းချမ်းအပေါ်မှာ အခြေခံပြီးတော့ ကျမတို့ နိုင်ငံမှာ တနေ့နဲ့ တနေ့ စတင်ပြီးတော့ ဖွံ့ဖြိုးအောင်လုပ်နိုင်တယ်။"
ပြည်နယ်နဲ့တိုင်းတွေထဲမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသလို လမ်းပမ်းဆက်သွယ်ရေးအခက်ခဲတွေရှိတဲ့အပြင် ရာသီဥတုဒဏ်နဲ့ ပြည်နယ်အတွင်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့နဲ့မြန်မာအစိုးရ စစ်တပ်တို့ကြား စစ်ရေးတင်းမာမှုတွေကြောင့် ချင်းဒေသခံပြည်သူတွေ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီးတော့ နယ်မြေမတည်ငြိမ် မအေးချမ်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရတာတွေလည်းရှိပါတယ်။