သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားကိုခိုးဝင်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာ ၁၇ ဦး ထိုင်းနယ်စပ်မှာ ဖမ်းမိ


မြန်မာနိုင်ငံမှာ တရားမဝင် ဝင်ရောက်လာသူကို ထိုင်းရဲစခန်းတွင်တွေ့ရစဉ် (၂၀၀၈ ဧပြီလ )
မြန်မာနိုင်ငံမှာ တရားမဝင် ဝင်ရောက်လာသူကို ထိုင်းရဲစခန်းတွင်တွေ့ရစဉ် (၂၀၀၈ ဧပြီလ )

ထိုင်း-မြန်မာနယ်စပ် ကမ်ချနဘူရီခရိုင်တွင်းပကျွတ့် ခီရီခန် ကလောင်လွိုင် ကျေးရွာ အနီး တောလမ်းအတိုင်း ဖြတ်ပြီး ထိုင်းနိုင်ငံကနေ မလေးနယ်စပ်ဆီသွားကြမယ့် မြန်မာနိုင်ငံသား၁၇ ဦးကိုဖေဖေါ်ဝါရီလ ၄ရက်နေ့က ထိုင်းနယ်ခြားစောင့်တပ်ရင်း ၁၄၇ နဲ့ ကျေးရွာပြည်သူ့စစ်တွေ ပူးပေါင်းပြီးဖမ်းဆီးခဲ့ပါတယ်။ အားလုံးဟာရခိုင်ပြည်နယ်က လာကြတဲ့ ရခိုင်လူမျိုးများဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း- မြန်မာနယ်စပ် ထိုင်းတောင်ပိုင်းကနေ မလေးရှားနယ်စပ်အထိ သွားဖို့ အတွက်လာကြတဲ့ မြန်မာနိုင်ငံသား ၁၇ဦးကို ထိုင်းနယ်ခြားစောင့်တပ်တွေနဲ့ ပြည်သူစစ်တွေ ပူးပေါင်းပြီး ဖမ်းဆီး ခဲ့ပါတယ်။ သူတို့တွေဟာ လူကုန်ကူးသမားတွေနဲ့ ချိတ်ဆက်ပြီး မလေးရှားနယ်စပ်အထိသွားဖို့ စောင့်ဆိုင်းနေတုန်းမှာပဲ ဖမ်းမိခဲ့တာဖြစ်ကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းရဲ့ မှတ်တမ်းနဲ့ အလုပ်သမားရေးရာ တာဝန်ခံဦးမင်းဦးကပြောပြပါတယ်။

" ၁၆ယောက်ရယ် လမ်းပြတဲ့သူက ၁ယောက်နဲ့ ဆို ၁၇ယောက်မိသွားတာပေါ့ ။ ထိုင်းဘက်ခြမ်း ကမ်ချနာဘူရီအပိုင်းထဲကို ဖြတ်ပြီး ရေကာတာနားမှာ စောင့်နေတာ ထိုင်းဘက်ခြမ်းဘက်က လူမှောင်ခို လူကုန်ကူးသူတွေကိုစောင့်နေတာ မလေးနယ်စပ်ထိသွားမယ် ဆိုရင် တယောက်ကို ဘတ်ငွေ ၂သောင်းပေးရမယ်လို့ ဆိုတယ်။ သူတို့ ကရခိုင်သားစစ်စစ်တွေပဲ"

ထိုင်းတောင်းပိုင်း မှာလည်း တရားဝင်ဝင်ပေါက် ၂ပေါက်ကလွဲရင် တရားမဝင်တဲ့ ဝင်ပေါက်တွေ အများအပြားရှိတာမို့တောလမ်းတွေကိုသုံးပြီး အလုပ်အကိုင်ရှာဖို့ အတွက်လာကြတဲ့သူတွေက အမြဲတမ်း ခိုးဝင်လာနေကြတာဖြစ်တယ် လို့ဆိုပါတယ်။

"ပကျွတ်ကနေ ရနောင်းထိ ထိုင်းဘက်ခြမ်းမှာ နော်ဝင်ထွက်လို့ရတဲ့ လူဝင်ပေါက် ၂၁ နေရာရှိတယ် ။ ဒီနေရာတွေက အချိန်မရွေးဝင်လို့ရတယ်လေ။ မြစ်ကလေးပဲခြားထားတော့ အပေါ်ကဆို တောင်ကလေးပဲခြားထားတာ တောကနေဖြတ်ပြီးဝင်လို့ရတယ်။"

စစ်ဆေးရေးဂိတ်တွေများတဲ့လမ်းတွေကိုရှောင်ကွင်းပြိး စစ်ဆေးရေးဂိတ်နည်းတဲ့လမ်းကိုသုံးလာတာဖြစ်တယ်လို့လည်းဦးမင်းဦးးကဆိုပါတယ်။

"ချုံဖော်ကနေဇုံပေါ့၊ လမ်းထဲက လမ်းခွဆုံချုံဖော်ကနေ စူရာတ်ဌာနီနဲ့ ရနောင်းကိုခွဲရတာပွဲစားတွေက ရနောင်းလမ်းကိုသိပ်မသုံးဘူး။ ရနောင်း ကနေ ဖူးခက်နဲ့ ဖန်ငကိုဆို စစ်ဆေးရေးဂိတ်တွေတအားများတာ ချုံဖော်ကနေ စူရာတ်ဌာနရီ အဲဒီကနေ နကွန်ဆီဌာမရကိုဖြတ်တာအဲဒီ လမ်းကိုအများဆုံးသုံးတာ"

အခုဆိုရင် ၂၀၁၉ခုနှစ်အစကစပြီး ထိုင်းတောင်ပိုင်းမှာ လူကုန်ကူူးမူ ၆ကြိမ်ထက် မနည်းဖမ်းဆီးမိပြီး လူကန်ကူးခံရသူ ၁၅၀လောက် ဖမ်းဆီးခံခဲ့ရပါတယ်။ ၂၀၁၈ခုနှစ်ထဲမှာတော့ ထိုင်းတောင်ပိုင်းကနေ မလေးနယ်စပ်ကို သွားကြတဲ့ လူကုန်ကူးခံရသူ တထောင်ထက်မနည်းဟာ ဖမ်းဆီးခံခဲ့ရပါတယ်။

ထိုင်းတနိုင်ငံလုံးမှာ တရားမဝင်နိုင်ငံခြားသားတွေကို အဖမ်းအဆီးတွေ ဆက်တိုက်လုပ်လာတဲ့ အခုရက်ပိုင်းအတွင်းမှာပဲ ထိုင်းမြောက်ပိုင်း ချင်းမိုင် ခရိုင် ဒွိုင်စကက် လမ်းမပေါ်မှာ လူကုန်ကူးလာတဲ့ ကားနှစ်စီးနဲ့အတူ ထိုင်းနိုင်ငံသား နှစ်ဦးကို နယ်မြေ စစ်ဆေးရေးဂိတ်မှာ ဖမ်းမိသွားခဲ့ပါတယ်။ ကားနှစ်စီးပေါ်မှာ မြန်မာနိုင်ငံသား အမျိုးသမီးနဲ့ကလေးငယ်အများဆုံးပါဝင်တဲ့ လူအယောက်(၃၀) ကို စိုက်ပျိုးခြံတွေမှာ သုံးဖို့နဲ့ အိမ်ဖေါ်အဖြစ် အလုပ်သွင်းပေးဖို့ ခေါ်လာခဲ့ကြတာဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံသားတွေဆီက အလုပ်အကိုင်ရှာဖွေပေးမယ် ဆိုပြီးတဦးကို ဘတ် ငွေ ၅၀၀၀ ကနေ ၁၀၀၀၀ အထိယူပြီး လူပွဲစားတွေဟာ ချင်းမိုင်ဒေသက မြို့နယ်တွေမှာ အလုပ်ကြမ်းသမားတွေအဖြစ် လိုက်ရောင်းစားနေကြတာဖြစ်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG