သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်ဆန္ဒပြပွဲ ရာဘာကျည်သုံးဖြိုခွဲ


ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု လွိုင်ကော်မှာ စိုက်ထူတာကို ကန့်ကွက်တဲ့အနေနဲ့ ပြည်နယ်လုံးကျွတ် သပိတ်ပွဲကို ကရင်နီလူထုတွေက ဒီကနေ့ပြုလုပ်တာမှာ ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ နှိမ်နင်းခဲ့ပါတယ်။ ဒီလိုနှိမ်နင်းတာကြောင့် အရပ်သား အယောက် ၂၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။ လက်ရှိမှာတော့ အစိုးရအဖွဲ့နဲ့ ဆန္ဒပြခေါင်းဆောင်အချို့တို့ ကြေးရုပ်ထားရှိရေးနဲ့ ပတ်သတ်လို့ တွေ့ဆုံညိနှိုင်းနေကြဆဲပါ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မေခက ပေးပို့ထားပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဒီနေ့ မနက်ပိုင်းက ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက် ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး အနည်းဆုံး လူငယ် အယောက် ၂၀ လောက်ဒဏ်ရာရရှိသွားပါတယ်။ ဗိုလ်ချုပ် ကြေးရုပ်ကန့်ကွက်တဲ့အနေနဲ့ ကယားပြည်နယ်က ထောင်နဲ့ချီတဲ့ လူထုတွေဟာ ဒီကနေ့ ဗိုလ်ချုပ်ကြေးရုပ်ရှိရာ ကန္တာဟေဝန် ပန်းခြံမှာ ချီတက်ဆန္ဒပြနေကြတာပါ။ ချီတက်ဆန္ဒပြရာလမ်းမှာ တာဝန်ရှိသူတွေက ပန်းခြံအဝင်လမ်းကို စစ်ကြောင်းတွေနဲ့ ပိတ်ပြီး ဝင်ခွင့် မပေးထားပေမယ့် အတားအဆီးတချို့ကို ချိုးဖျက်ပြီး ဝင်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ ဖြစ်ပွားခဲ့တာနဲ့ပတ်သတ်လို့ လက်ရှိ ပန်းခြံထဲရောက်ရှိနေတဲ့ လူငယ် ခွန်ဘားနက်က

“ထိခိုက် ဒဏ်ရာရတာက ၂၁ ယောက် တချို့ကတော့ လက်မောင်းမှာ ဒဏ်ရာရတယ်။တချို့ကတော့ လက်မောင်းမှာ တချို့တော့ ခြေထောက်မှာ အခုကတော့ သူတို့ကို ဆေးခန်းပို့ထားပါတယ်။ ကျနော်တို့ကတော့ ပန်းခြံထဲက ထွက်ခွင့်တောင်းတယ် အဲဒါကို မပေးဘူး သံဆူးကြိုးတွေနဲ့ ကာတယ် ။ အဲဒီအချိန်မှာ ကျနော်တို့ တိုးဖောက်တယ်။ အဲဒီအတွက် သူတို့ သနက်တွေ သုံးတယ်ပေါ့။"

လတ်တလောမှာတော့ ဆန္ဒပြလူထုဟာ ဗိုလ်ချုပ်ကြေးရုပ်ရှိရာအနီးမှာ စုဝေးထိုင်ကြပြီး ခေါင်းဆောင်တချို့နဲ့ တာဝန်ရှိသူ တချို့က ညှိနှိုင်းနေပါတယ်။ ကရင်နီလူထုတွေဟာ ဒီကနေ့မနက် အစောပိုင်းကစပြီး သပိတ်စစ်ကြောင်း ၄ ကြောင်းနဲ့ လူပေါင်း ၃၀၀၀ ကျော်နဲ့ စတင် ချီတက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ခုလို ဆန္ဒပြပွဲတွေ ဖြစ်နေတဲ့အချိန် ကယားပြည်နယ်အစိုးရကတော့ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခဲ့တဲ့ ကန္ဒာဟေဝန်ပန်းခြံမှာပဲ ဒီကနေ့ ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပနေတာပါ။

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှုနဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုတွေအတွင်း အခုလို ပစ်ခတ်တဲ့အထိဖြစ်လာတဲ့ အပေါ် ခွန်ဘားနက်က

"ဆန္ဒဖော်ထုတ်မယ်ဆိုတာကို ခွင့်ပြုမိန့်ကျနော်တို့ တင်တယ်။ အဲဒါ မပေးဘူး အဲလိုဆိုကတည်းက သူတို့ရဲ့ ကိုင်တွယ်ပုံက အဲဒီပထမအချက်မှာတင် စမှားပြီပေါ့နော် ။ ညှိနှိုင်းမှုတွေ မလုပ်ပဲနဲ့ သံဆူးကြိုးတွေနဲ့ ကာထား ပိတ်ထားတယ် ဆိုကတည်းကိုက ဒုတိယအဆင့် ထပ်မှားတာပေါ့နော်။ ကျနော်တို့ ဆက်သွားတဲ့အချိန်မှာ ရာဘာကျည်တွေသုံးတယ်ဆိုကတည်းက တတိယအဆင့်အမှားလို့ ကျနော်တို့ ယူဆတယ် အဓိကအားဖြင့်တော့ ကျနော်တို့ချီတက်တယ် အမြဲတမ်းပြောတာကတော့ တညီတညွတ်ချီတက်မယ် ဘာမှ မလုပ်ဘူး ၊ ဘာမှ ဖျက်ဆီးမှုတွေမလုပ်ဘူး၊အကြမ်းဖက်မှုတွေမလုပ်ဘူးလို့ ငြိမ်းငြိမ်းချမ်းချမ်းချီတက်မယ်လို့ ကြွေးကျော် ချီတက်တဲ့ ကိစ္စကို အခုလိုအကြမ်းဖက်တယ်ဆိုကတည်းကိုက သူတို့ ကိုင်တွယ်ပုံက အဖက်ဖက်ကနေ အားနည်းနေတယ်လို့ ကျနော်တို့ အဲလိုပဲ မြင်ပါတယ်။

လက်ရှိမှာတော့ ပန်းခြံရှေ့နားမှာ တစနဲ့တစ လူထုက နည်းမသွားတဲ့အပြင် ပိုပိုတိုးလာတဲ့အတွက် လုံခြုံရေးချထားတဲ့ ရဲတပ်ဖွဲ့အင်အားနဲ့ ဆန္ဒပြအင်အားမမျှမတဖြစ်နေတယ်လို့ ဒေသခံတွေကတော့ ဆိုပါတယ်။ ဒီလိုပစ်ခတ်မှုနဲ့ပတ်သတ်လို့ ရဲတပ်ဖွဲ့ကိုဆက်သွယ်တာမှာတော့ တာဝန်ယူဖြေကြားပေးတဲ့ အရာရှိမရှိတာကြောင့် ဖြေကြားခဲ့တာမရှိပါဘူး။ အမည်မဖော် လိုတဲ့ ရဲအ၇ရာရှိတဦးကတော့ သူတို့အနေနဲ့ အထက်က အမိန့်နဲ့ အခုလိုထိန်းသိမ်းရတာဖြစ်တယ်လို့ဆိုပါတယ်။

တိုင်းအစိုးရဘက်ကတော့ ဒီအပေါ်နှုတ်ဆိတ်နေလျက်ရှိပါတယ်။ ကယားပြည်နယ်လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိဖို့ ကယားပြည်နယ်အစိုးရက ပြီးခဲ့တဲ့နှစ်ကတည်းက ကြိုးပမ်းခဲ့တာပါ။ အဲဒီကတည်းက ဆန့်ကျင်ကန့်ကွက်မှုတွေရှိသလို အာဏာပိုင်တွေဖက်ကလည်း ဖမ်းဆီးတရားစွဲဆိုတာတွေလုပ်ခဲ့ပြီး ပိုမိုတင်းမာလာကာ ဒီမနက်မှာတော့ အခုလိုပြစ်ခတ်မှုရှိ လာတာဖြစ်ပါတယ်။

.....

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတာကို ကန့်ကွက်ဆန္ဒပြတဲ့ ကရင်နီလူငယ်တွေကို အာဏာပိုင်တွေက အကြမ်းဖက်နှိမ်နင်းတာနဲ့ပတ်သက်လို့ ရန်ကုန်မြို့က တက်ကြွလှုပ်ရှားသူတွေ စုဝေးပြီး ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ ကြပါတယ်။ ဆန္ဒပြနေရာကို ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဒီကနေ့မနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူတဲ့အပေါ် ကန့်ကွက် ဆန္ဒပြ တဲ့ လူအုပ်ကို အာဏာပိုင်တွေဘက်က ရာဘာကျည်ဆံနဲ့ပစ်ခတ် ဖြိုခွင်းခဲ့လို့ ဆန္ဒထုတ်ဖော်သူ အယောက် ၂၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီလိုအကြမ်းဖက်ဖြိုခွင်းတာကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မြို့က တက်ကြွလှုပ်ရှားသူတချို့ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ရန်ကုန် မဟာဗန္ဓုလမ်း ပန်းခြံထဲက လွတ်လပ်ရေး ကျောက်တိုင်ရှေ့မှာ စုဝေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်တာနဲ့ ပတ်သက်လို့ Generation Wave က ကိုမိုးသွေဃ်းက အခုလိုပြောပါတယ်။

"ဒေသခံလူတွေက ဆန္ဒပြတယ်။ ဆန္ဒပြတဲ့သူတွေကို မတရားဖမ်းဆီးတယ်။ ပုဒ်မ အမျိုးမျိုးတပ်တယ်။ အခုဆိုရင် လူငယ်ပေါင်း ၅၀ ကျော်ရှိနေပြီ မတရားဖမ်းဆီးခံထားရတယ်။ ဒီနေ့မနက်မှာ ကယားပြည်နယ်က လူထု ထောင်ကျော်က ငြိမ်းချမ်းစွာ ဆန္ဒပြကြတယ်။ အဲ့ဒီအပေါ်မှာ ရာဘာကျည်နဲ့ပစ်တယ်။ ရိုက်နှက်ဖြိုခွဲ တယ်။ မီးသတ်ပိုက်နဲ့ဖြိုခွဲတယ်။ ဆိုတော့ ဒီနေ့ ဒီအချိန် ဒီနေရာမှာ ကျွန်တော်တို့ စုရုံးရောက်ရှိလာတာက အဲ့ဒီလို မတရားအကြမ်းဖက်တဲ့ လုပ်ရပ်ကို ဆန့်ကျင်ဖို့ ဖြစ်တယ်။"

ကရင်နီလူငယ်တစ်ဦးဖြစ်တဲ့ မဇူဇန်ကလည်း ဗိုလ်ချုပ်အောင်ဆန်းအပေါ် ထားတဲ့ သူ့သဘောထားကို အခုလို ပြောပါတယ်။

"ကျွန်မတို့ ဘယ်လောက်ထိ ချစ်ခဲ့လည်းဆိုရင် ကျွန်မတို့ပြည်နယ်က လူတွေဟာဆိုရင် အရင်ကဆိုရင် ၅ ယောက်ထက် မစုရဆိုတဲ့ကာလတုန်းက ဗိုလ်ချုပ်မွေးနေ့ လွတ်လပ်ရေးနေ့ဆိုရင် ကျွန်မတို့ အပြင်ကို ခိုးထွက်ပြီးတော့မှ ဗိုလ်ချုပ်မွေးနေ့ ဒီပြည်သူတွေ သိဖို့ လွတ်လပ်ရေးနေ့ ပြည်သူတွေသိဖို့ ကျွန်မတို့ ခိုးကြောင် ဝှက်ကြောင်နဲ့ လုပ်ခဲ့တဲ့ ကာလတွေရှိတယ်။ ဒါကျွန်မတို့ ဗိုလ်ချုပ်ကို မချစ်လို့မဟုတ်ဘူး။ အခုလုပ်နေတဲ့ ကိစ္စက ဒီ NLD အစိုးရလုပ်နေတဲ့ ကိစ္စက ကျွန်မတို့ စစသိကတည်းက ကန့်က ွက်တယ်။"

ဒီနေ့ ရန်ကုန်မြို့မှာ ဆန္ဒထုတ်ဖော်တာဟာ ခွင့်ပြုချက်မရှိဘဲ ထုတ်ဖော်ခဲ့တဲ့အတွက် ဆန္ဒထုတ်ဖော်သူ ၅ ဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ဖို့ အာဏာပိုင်တွေက ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ ထောင်နဲ့ချီတဲ့လူတွေဟာ ဗိုလ်ချုပ်ကြေးရုပ်ကိုကန့်ကွက် ဆန္ဒပြဖို့ ရုပ်တုထားရှိရာ ကန္တာဟေဝန် ပန်းခြံကို ချီတက်ချိန်မှာ အာဏာပိုင်တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အကြမ်းဖက် ပစ်ခတ်ခံခဲ့ ရတာလည်း ဖြစ်ပါတယ်။

ကယားပြည်နယ်အစိုးရဟာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိဖို့အတွက် ပြီးခဲ့တဲ့ နှစ်ကတည်းက ကြိုးပမ်း နေတာပါ။ အဲ့အချိန်ကတည်းက ဆန့်ကျင်ကန့်ကွက်တာတွေ ရှိခဲ့သလို ဆန့်ကျင်ကန့်ကွက်တဲ့သူတွေကို အာဏာပိုင်တွေဘက်က ဖမ်းဆီးတရားစွဲဆိုတာ တွေလုပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရုပ်တု ဖျက်သိမ်းပေးဖို့ လွိုင်ကော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာ ဖွင့်ထားတဲ့ သပိတ်စခန်းကို အာဏာပိုင်တွေက ဖျက်သိမ်းခဲ့ပါသေးတယ်။

ဗိုလ်ချုပ်ကြေးရုပ်ကိုတော့ ဒီလအစောပိုင်းမှာပဲ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း ဆန့်ကျင် ဆန္ဒပြ တောင်းဆိုမှုတွေ အရှိန်မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG